စစ်မှန်တဲ့သူရဲကောင်းဆိုတာ ကိုယ်ကျိုးထက်အများအကျိုးကိုပဲကြည့်တတ်သူမျိုးပါ။ စစ်ကောင်စီ လက်နှက်ကိုင်တွေနဲ့ ယုံကြည်ရာအတွက် လက်နှက်ကိုင်နေကြသူတွေဟာ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့ပြီးအထိအခိုက် အကျအဆုံးတွေလည်း အပြန်အလှန်ရှိကြပါတယ်။
ဒီနေ့မှာလည်း တိုက်ပွဲဖြစ်ပွား နေတဲ့ ဒီမော့ဆိုမြို့က ရပ်ကွက်အချို့မှာ ပိတ်မိနေတဲ့ပြည်သူတွေကို ကူညီကယ်ထုတ်ဖို့သွားရင်း မြောင်းအောက်ရပ်ကွက်ရှိ တံတားအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ ပြီး တိုက်ပွဲဖြစ်ပွားခဲ့စဉ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် နှစ်ဦးနဲ့Free Burma Ranger အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အောလိုစိန် တို့ဟာ တိုက်ပွဲမှာ ကျဆုံးခဲ့ရပါတယ်။
အများအကျိုးအတွက် အသက်ကိုစွန့်ရဲတဲ့အထိ စိတ်ထားမြင့်မြတ်တဲ့ သူရဲကောင်းတွေကို ပြည်သူတွေကအမြဲတမ်းအမှတ်ရနေမှာပါ။ ကျဆုံးသွားခဲ့တဲ့ Ranger တစ်ဦးဖြစ်တဲ့ အောလိုစိန် Olsan ဟာ စစ်ဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရာတွင်သာမက ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရာမှာလည်းကောင်း တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ဒီလိုအဖိုးတန်လူသားတို့ရဲ့ အသက်တွေဆုံးရှုံးခဲ့ရတာဘာနဲ့မှအစားထိုးမရနိုင် အောင်ပါပဲ။ ကျန်ရစ်ခဲ့တဲ့ အဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ ထပ်တူ ပြည်သူတွေလည်းဝမ်းနည်းပူဆွေးရပါတယ်။
ဒီမိုကရေစီတိုက်ပွဲမှာ ကျရှုံးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတစ်ဦးချင်းစီတိုင်းကို ပြည်သူတွေဟာ ရင်ထဲအသည်းထဲကနေ စွဲနေအောင်မှတ်သားထားပြီး အမြဲတမ်းကျေးဇူးတင်ဦးညွှတ်နေမှာပါ။ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီကယ်တင်ဖို့ ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပေးခဲ့တဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အောလိုစိန်တို့လို သူရဲကောင်းတွေဟာ လေးစားဂုဏ်ပြုထိုက်သူတွေပါ။
ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိပြီး စစ်ဘေးကင်းဝေးတဲ့ တိုင်းပြည်မှာ အေးချမ်းတဲ့ဘဝတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
Be the first to comment on "ဒီမော့ဆိုမြို့က ရပ်ကွက်တွေထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်ဆယ်ဖို့သွားရင်း တိုက်ပွဲတွေကြားမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းသုံးဦး"