ဘဏ်အပ်ငွေတွေ မဆုံးရှုံးစေရဘူး ဘဏ်တွေ မပြိုလဲနိုင်ဘူး ဆိုသော်လည်း

လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပြသနာတွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က သတင်းစာရှင်းလင်းပွဲမှာရော၊ သတင်းဌာနတွေနဲ့ သီးသန့် တွေ့ဆုံရာမှာပါ ရှင်းတာလင်းတာ လုပ်ပါတယ်။

လက်ရှိ ကြုံနေရတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပြသနာတွေဟာ ဘဏ်တွေကို အခက်အခဲဖြစ်အောင် CDM လုပ်တာကနေ စတာဖြစ်ကြောင်း၊ နောက်ပိုင်း ဘဏ်တွေမှာ ငွေတွေ ဝိုင်းထုတ်ကြ၊ ထုတ်လိုက်ရင် ဒီအစိုးရပြုတ်ကျသွားမယ် ဆိုတဲ့ နိုင်ငံရေးအရ မြှောက်ထိုးပင့်ကော်မှုတွေ Facebook ကနေ လှုံ့ဆော်လာကြကြောင်း၊ အဲဒီကနေ တဆင့် တကယ် ငွေမလိုပဲ တန်းစီ ငွေထုတ်တဲ့သူတွေ ပေါ်လာတယ်လို့ ဆိုပါတယ်။

အဲလို ဖြစ်နေချိန် ဘဏ်ကို အသုံးပြုပြီး CDM သမားတွေကို ငွေကြေး ထောက်ပံ့မှု လုပ်နေသူတွေကြောင့် ဗဟိုဘဏ် အနေနဲ့ ငွေကြေးထုတ်ယူမှုကို လူတစ်ဦး တစ်ပတ် ကျပ် သိန်း ၂၀၊ ကုမ္ပဏီ သိန်း ၂၀၀ ဆိုပြီး ကန့်သတ်တာမျိုး လုပ်ခဲ့ရကြောင်း၊ ပြည်သူတွေ အနေနဲ့ ဘဏ်မှာ အပ်ထားတဲ့ ငွေတွေ မဆုံးရှုံးစေရဘူးလို့ အာမခံကြောင်း၊ ဘဏ်တွေလဲ ပြိုလဲစရာ မရှိကြောင်း၊ လက်ရှိ အခြေအနေ ဘဏ်လုပ်ငန်းကို ပျက်စီးအောင် လုပ်နေသူတွေကြောင့် ဗဟိုဘဏ်ကလည်း အကန့်အသတ်တွေ လုပ်ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိ ဘဏ်တွေဟာ ငွေအပ်ထားပြီး ပြန်ထုတ်လိုသူတွေကို ထုတ်မပေးနိုင်တဲ့ ပြသနာကြီးတင်မက အခြေခံ ဘဏ်လုပ်ငန်းဖြစ်တဲ့ ငွေလွဲှ လုပ်ငန်းတောင် မလုပ်နိုင်တော့တဲ့ အခြေအနေ ရောက်နေတာ တွေ့မြင်ရပါတယ်။ အရင်ကတော့ မြန်မာနိုင်ငံ တစ်နေရာရာကနေ ကိုယ်ငွေလွဲှပို့လိုတဲ့ ဘဏ်ရှိတဲ့ တစ်နေရာရာကို ငွေလွဲှတယ် ဆိုတာ အလွန်လွယ်ကူတဲ့ ကိစ္စပါ။

ငွေလွဲှပြီး မိနစ်ပိုင်းအတွင်း သက်ဆိုင်ရာ ငွေထုတ်သူဟာ မှတ်ပုံတင်ပြပြီး တစ်ဖက် ဘဏ်ကနေ ငွေသားစက္ကူ အလွယ်တကူ ထုတ်ယူနိုင်ခဲ့တာမျိုး ဖြစ်ပါတယ်။ အခုဆို ဘဏ်အားလုံးမှာ အဲဒီ ဝန်ဆောင်မှုမျိုးတောင် ရပ်ဆိုင်းနေတာ တွေ့မြင်ရပါတယ်။

လတ်တလော မြန်မာ့စီးပွားရေးဘဏ်က အဲဒီ ငွေလွဲှဝန်ဆောင်မှု လုပ်ပေးနေတယ်လို့ ကြေညာ လုပ်ကိုင်နေပေမယ့် တစ်ကြိမ်ကို ကျပ်ငွေ ၁၀ သိန်းအောက်ပဲ လွဲှလို့ရတာ၊ Fax နဲ့ အချက်အလက် ပို့တဲ့စနစ်ကြောင့် အချိန်ကြာတာ၊ သွားထုတ်ရတဲ့ ဘဏ်တွေမှာလဲ ကြိုးနီစနစ်ကြောင့် အဆင့်တွေ များလွန်းပြီး ငွေထုတ်ရ ခက်ခဲတာကြောင့် သိပ်ပြီး အသုံးပြုသူ များတာ မတွေ့ရပါဘူး။ ရန်ကုန်ပန်းဆိုးတန်းက မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၁) ဆိုရင်တောင် တစ်နေ့ ငွေလွဲှလက်ခံမှု ၂၀-၃၀ လောက်ပဲ ရှိတာ တွေ့မြင်ရပါတယ်။

ဘဏ်တွေဘက်က အဲလို ဖြစ်နေသလို မြန်မာနိုင်ငံအနှံ့ အေးဂျင့် အများကြီးထားပြီး အလုပ်လုပ်တဲ့ Wave Money လို အွန်လိုင်းနဲ့ လုပ်ရတဲ့ ငွေလွဲှစနစ်မှာလည်း ငွေလွဲှတာကို လက်ခံတဲ့ အေးဂျင့်ပဲ ရှိုပြီး ငွေသားစက္ကူ ထုတ်ပေးမယ့် အေးဂျင့် မရှိတာမို့ ပြည်သူတွေ အခက်အခဲ တွေ့နေကြပါတယ်။

အဲဒါကြောင့်ပဲ အရင် အာဏာရှင်ခေတ်ဟောင်းတုန်းက အတိုင်း အဝေးပြေး ဘတ်စ်ကားတွေနဲ့ ငွေလွဲှပေးပို့တာမျိုးလည်း ထွန်းကားလာတာ တွေ့ရပါတယ်။ အဝေးပြေးကားတွေနဲ့ ငွေလွဲှရင် ပို့ခက ၂%၊ ငွေ (၁၀)သိန်းပို့ရင် ကျပ် ၂၀၀၀၀ လောက် ပေးရတာမို့ ဈေးကြီးပေမယ့်လည်း အခြားရွေးချယ်စရာ မရှိတဲ့ ပြည်သူတွေဟာ အဲဒီနည်းနဲ့လည်း ငွေလွဲှတာမျိုး လုပ်ကြရပါတယ်။


တကယ်တော့ လက်ရှိ ပြည်သူတွေဟာ နေ့စဉ် အချိန် နာရီများစွာ အကုန်ခံ၊ ပင်ပန်းကြီးစွာနဲ့ ဘဏ်တွေကနေ တန်းစီပြီး ငွေထုတ်နေရကြတာဟာ တကယ်ငွေလိုလို့၊ ဘဏ်ထဲ ပိတ်မိနေတဲ့ငွေဖြစ်ပြီး ထုတ်ပေးငွေ တဖြည်းဖြည်းနည်းလာသလို စိတ်မချရတော့လို့၊ တစ်နေ့ပြီး တစ်နေ့ ကျပ်ငွေတန်ဘိုးတွေ ကျပြီးရင်း ကျနေလို့ စတဲ့ အကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျပ်ငွေတန်ဘိုး မြန်မြန်ဆန်ဆန် ကျဆင်းနေတာကို ဗဟိုဘဏ်က ထိန်းဖို့ ကြိုးစားတာတော့ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကစ ၅ ရက်အတွင်း ဗဟိုဘဏ်ဟာ ဒေါ်လာ ၂၁ သန်းလောက် ထုတ်ရောင်းပြီးတဲ့နောက် ဒေါ်လာဈေးဟာ တစ်ဒေါ်လာ ၁၇၀၀ ဝန်းကျင်ကနေ ၁၆၅၀-၁၆၆၀ ဝန်းကျင် မဆိုစလောက်လေး ကျလာတာ တွေ့ရပါတယ်။ အခုလောက် ကိုင်တွယ်ပုံနဲ့တော့ မြန်မာကျပ်ငွေ တန်ဘိုး ရှိသင့် ရှိထိုက်တဲ့ တန်ဘိုး ရောက်လာအောင် လုပ်နိုင်မှာ မဟုတ်တဲ့အပြင် ဗဟိုဘဏ်က ဒေါ်လာတွေ ဈေးကွက်ထဲ မထည့်ပဲ နေလိုက်ရင်တော့ အခုတန်ဘိုးထက် အများကြီး ကျဆင်းသွားနိုင်သေးတဲ့ အရိပ်အယောင်လည်း မြင်တွေ့နေရပါတယ်။

အခြားတစ်ဖက်မှာတော့ ငွေကြေးချမ်းသာသူတွေနဲ့ ကုမ္ပဏီ လုပ်ငန်းရှင်တွေကိုယ်တိုင် ဘဏ်က ရှိတဲ့ငွေတွေ ထုတ်ပြီး စိတ်ချရတဲ့ ဒေါ်လာနဲ့ရွှေ စုဆောင်းမှု၊ အိမ်ခြံမြေ လိုက်လံ ဝယ်ယူမှုတွေကလည်း ကျပ်ငွေတန်ဘိုး ကျဆင်းတာကို အားပေးသလို ဖြစ်နေတာ မြင်တွေ့ရပါတယ်။ ဒီအတွက် ဘဏ်တွေထဲ ပိတ်မိနေတဲ့ မြန်မာကျပ်ငွေတွေကို ပြည်သူတွေ ဘယ်လိုမှ စိတ်ချလက်ချ ဖြစ်မယ့်ပုံ မတွေ့ရတာကြောင့် ငွေထုတ်ယူလိုမှု ဆက်ပြီး ဖြစ်ပေါ်နေဦးမယ့်သဘော ခန့်မှန်းရပါတယ်။

ခုဆိုရင် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ ဘဏ်အသီးသီးဟာ ငွေသားလက်ဝယ်ရှိတဲ့ Customer တွေကို Special Account အသစ်တွေ ဖွင့်ပြီး ငွေအပ်ကြဖို့ နှိုးဆော်နေတာ တွေ့ရပါတယ်။ အဲဒီ ငွေသားစက္ကူနဲ့ အပ်တဲ့ ဘဏ်စာရင်းကနေ ငွေပြန်ထုတ်ယူလိုတယ်ဆိုရင် အချိန်မရွေး အားလုံးပြန်ထုတ်ပေးမယ်လို့ ဆွဲဆောင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ အထူးငွေစာရင်း ဆိုတာ အရင် ဘဏ်အပ်ငွေတွေလို ATM ကဒ် လုပ်ပြီး ATM တွေမှာ သုံးလို့ မရပါဘူး။

Mobile Banking သုံးပြီး ငွေလွဲှမယ် ဆိုရင် လွဲှလို့ရပေမယ့် အခြား အပ်ငွေ စာရင်းတစ်ခုခုကနေ အထူးငွေစာရင်းကို လွဲှမယ်ဆိုတော့ လက်ခံလို့ မရပြန်ပါဘူး။ ဒါ့အပြင် ကိုယ်က အခြားသူတစ်ယောက်ယောက်ရဲ့ ဘဏ်စာရင်းထဲ လွဲှလိုက်မယ် ဆိုရင် အဲဒီ လက်ခံရရှိသူဟာ ဘဏ်မှာ ငွေသားစက္ကူ သွားထုတ်ယူလို့ မရပြန်ပါဘူး။ ကိုယ့်ရဲ့ အရင် ပိတ်မိနေတဲ့ ငွေစာရင်းတွေနည်းတူ ပိတ်မိ ငွေတွေ ဖြစ်သွားမှာ ဖြစ်ပြီး ထုတ်ချင်ရင် အများသူငါလို ATM မှာ ပင်ပင်ပန်းပန်း တန်းစီ၊ ဘဏ်ကိုသွားချင်ရင် ဘဏ်တိုကင်ရဖို့ ကြိုးစား ဆိုတဲ့ အခြေအနေ ပြန်ရောက်သွားမယ့် သဘောပါ။ ပြောရရင် အခု ဘဏ်တွေထဲ ငွေသားစက္ကူ ဝင်လာအောင် Special Account ဖွင့်ပေးနေတဲ့ ကိစ္စကလည်း အောင်မြင်ပုံ မရပါဘူး။

လက်ရှိ ဗဟိုဘဏ် အကောင်အထည် ဖော်ချင်တဲ့ ပုံစံက ပြည်သူတွေရဲ့ အပ်ငွေ ဘဏ်တွေမှာ ပိတ်မိနေတဲ့ကိစ္စ ထုတ်ပေးငွေကို တဖြေးဖြေးချင်း လျော့ချ၊ ကာလတစ်ခု ရပ်သင့်ရင်ရပ်၊ ဘဏ်တွေကတော့ နောက်ထပ် အပ်လာမယ့် ငွေစက္ကူတွေနဲ့ ဘဏ်လုပ်ငန်းကို အသစ် ပြန်လည်ပတ်နိုင်အောင် ကြိုးစားမယ့် သဘော မြင်တွေ့ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့စီးပွားရေး ဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တစ်ချို့ဟာ ငွေသားစက္ကူနဲ့ ငွေလာလွဲှရင်၊ အခြား တစ်ဖက်မှာလည်း ငွေသားစက္ကူနဲ့ ထုတ်ပေးမယ့် ငွေလွဲှလုပ်ငန်းကို အရင်လို ပြန်ပြီး လုပ်ကိုင်ပေးမယ်လို့ ကြေညာလာတာ တွေ့ကြရပါတယ်။

တကယ့်တကယ်တော့ ကိုယ်အပ်ထားတဲ့ငွေတွေကို ကိုယ်လိုသလောက် ပြန်ထုတ်လို့ မရရုံမက နည်းနည်းစီ ထုတ်ခွင့်ရဖို့ကိုလည်း လူပင်ပန်း၊ စိတ်ပင်ပန်းကြီးစွာ ထုတ်ယူနေရတဲ့ အခြေအနေမှာ ပြည်သူတွေဟာ ဘဏ်တွေကို ယုံကြည်စိတ်ချမှု နည်းသထက် နည်းလာနေတာ တွေ့ကြရပါတယ်။ အခြားတစ်ဖက်မှာလည်း ဗဟိုဘဏ်ရဲ့ ထိမ်းကျောင်းမှု မရှိတာကြောင့် ကျပ်ငွေ တန်ဘိုး တစ်နေ့တခြား ကျဆင်းလာတဲ့ အခြေအနေမျိုးမှာ ပြည်သူတွေဟာ ဘဏ်ထဲ ပိတ်မိနေတဲ့ သူတို့စုငွေတွေအတွက် ရတက်မအေး ဖြစ်နေရတာကလည်း မထူးဆန်းလှပါဘူး။

လက်ရှိ အခြေအနေ ဗဟိုဘဏ်ရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုအောက်မှာ ဘဏ်တွေအပေါ် ပြည်သူလူထု ပြန်ယုံကြည်လာအောင် လုပ်ပေးနိုင်မှာ မဟုတ်သလို၊ ငွေတန်ဘိုး တည်ငြိမ်အောင် ထိန်းပေးမယ့် အနေအထားမျိုးလည်း မမြင်မတွေ့ရပါဘူး။ ဒါကြောင့် ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော် ပြောသလို ဘဏ်တွေထဲက ပြည်သူ့အပ်ငွေတွေ မဆုံးရှုံးစေရဘူး ဆိုတာ မှန်နိုင်ပေမယ့် ပိတ်မိငွေတွေ ဖြစ်နေပြီး ဘယ်အချိန်ပြန်ရနိုင်မလဲ မသေခြာ မရေရာတဲ့ အခြေအနေမျိုး ဆက်ရှိနေပါဦးမယ်။ အလားတူ ဘဏ်တွေ ပြိုလဲမှာ မဟုတ်ဘူး ဆိုပေမယ့်၊ ဘဏ်ဝန်ဆောင်မှုတွေ မပေးနိုင်တဲ့၊ လည်ပတ်မှု မရှိတဲ့ အမည်ခံ ဘဏ်တွေအဖြစ်ပဲ တည်ရှိနေတော့မှာ ဖြစ်ကြောင်းပါ။

crd : VOA Burmese

Be the first to comment on "ဘဏ်အပ်ငွေတွေ မဆုံးရှုံးစေရဘူး ဘဏ်တွေ မပြိုလဲနိုင်ဘူး ဆိုသော်လည်း"

Leave a comment

Your email address will not be published.


*