အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“ယာစ် (YAAS)” – နောက်ဆုံးအခြေနေ မိုးဇလ ထုတ်ပြန်

(က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)” အခြေအနေ

(၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)“ယာစ် (YAAS)”သည် အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို ဘလာဆော(Balasore)မြို့တောင်ပိုင်းအနီးမှ ဖြတ်ကျော်ခဲ့ပြီး၊ အနောက်မြောက်ဘက်သို့ရွေ့လျားကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက်(၆)နာရီအတွင်း ကုန်းတွင်းမုန်တိုင်း အဖြစ်လည်းကောင်း၊ နောက်(၁၂)နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်လည်းကောင်း တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(ခ) ယခုသတင်းသည် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ယာစ် (YAAS)” အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။

(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)”သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းမုန်တိုင်းအဖြစ် တစ်ဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

(၁) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ယာစ် (YAAS)”၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၄၈)နာရီအတွင်း ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၁၃)ပေမှ (၁၅)ပေခန့်ရှိနိုင်ပါသည်။
(၃) မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်ပါသည်။

(င) အကြံပြုချက်

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe Cyclonic Storm) “ယာစ် (YAAS)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Source : မိုးဇလ

Be the first to comment on "အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“ယာစ် (YAAS)” – နောက်ဆုံးအခြေနေ မိုးဇလ ထုတ်ပြန်"

Leave a comment

Your email address will not be published.


*