အက်သလက်တီကိုရဲ့ လာလီဂါဖလားအောင်ပွဲကြားက ဝမ်းနည်းစရာ သတင်းဆိုးတစ်ခု

အက်သလက်တီကို မက်ဒရစ် အသင်းဟာ ယမန်နေ့ ညက လာလီဂါ ရဲ့ နောက်ဆုံးပိတ် ပွဲစဉ်မှာ ရီးရဲ ဗယ်လာဒိုးလစ် အသင်းကို အဝေးကွင်းမှာ အနိုင် ကစားပြီး အမှတ်ပေး ချန်ပီယံဆုကို ရယူ သိမ်းပိုက် နိုင်ခဲ့ ပါတယ် ။ အေတီကို ဟာ အိမ်ရှင် ရဲ့ ဦးဆောင်ဂိုးကို နောက်ကနေ လိုက်လံ ချေပခဲ့ပြီး ၂ – ၁ နဲ့ အနိုင် ယူကာ ဒုတိယ နေရာက ရီးရဲမက်ဒရစ် ထက် ၂ မှတ် အသာနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ် ။

အက်သလက်တီကို မက်ဒရစ် အတွက် အိန်ဂျယ် ကော်ရီယာ က ၅၇ မိနစ်မှာ ချေပဂိုး သွင်းပေး ခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ ကနေ ယူရို ၅.၅ သန်း နဲ့ ရာသီ အစတုန်းက ရောက်လာ ခဲ့တဲ့ တိုက်စစ်မှူးကြီး ဆွာရက် က ဆယ်မိနစ် အကြာမှာ အနိုင်ဂိုးကို သွင်းပေးခဲ့ တာပဲ ဖြစ်ပါတယ် ။

ဒီအောင်ပွဲ ဟာ အက်သလက်တီကို မက်ဒရစ် ကို ၂၀၁၃ – ၂၀၁၄ ရာသီ နောက်ပိုင်း အမှတ်ပေး ဖလား ကို ပထမဆုံး အကြိမ် ပြန်လည် ဆွတ်ခူး နိုင်ခဲ့တာလည်း ဖြစ်စေခဲ့ ပါတယ် ။ ရာသီပိတ် ပွဲစဉ် အထိ ချန်ပီယံ အဖြေမပေါ် သေးတာကြောင့် လာလီဂါ ဆုဖလားကို ယမန်နေ့ညက ပေးအပ်ခြင်း မရှိခဲ့ပါဘူး ။

လာလီဂါ ဘောလုံး အဖွဲ့ချုပ်ဟာ အက်သလက်တီကို မက်ဒရစ် ကို ဒီကနေ့ မှာ ချန်ပီယံ ဖလား ပေးအပ်မှာ ဖြစ်တယ်လို့ သိရ ပါတယ် ။ ဒါပေမယ့် ကလပ် အသင်း ဘက်ကတော့ ကိုဗစ် စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတဲ့ အနေနဲ့ မက်ဒရစ် ရင်ပြင်မှာ ဖလားအောင်ပွဲခံ အခမ်းအနားကို ပြုလုပ်သွားမှာ မဟုတ်ဘဲ မြို့တွင်း လှည့်လည် ရာမှာလည်း ပရိသတ်တွေကို မိမိ ကားအတွင်းကနေသာ လိုက်ပါပေးဖို့ တောင်းဆို ထားတယ်လို့ သိရ ပါတယ် ။

အေတီကို ပရိသတ်တွေ ဟာ မနေ့ညက ကွင်းထဲ ဝင်ရောက်ခွင့် မရခဲ့ကြပေမယ့် ကွင်းအပြင် ကနေ ရလဒ်ကို စောင့်ဆိုင်း ခဲ့ကြပြီး ပွဲအပြီးမှာ အောင်ပွဲခံခဲ့ ကြပါတယ် ။ အေတီကို ကစားသမားတွေ ကလည်း ပွဲအပြီး မှာ ကွင်းအပြင်ကို ထွက်လာကာ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်စွာ အောင်ပွဲ ခံခဲ့ကြတယ်လို့ သိရ ပါတယ် ။

ဒီလိုမျိုး ပျော်ရွှင် ရတဲ့ ညနေခင်းမှာ ဝမ်းနည်းစရာ အဖြစ်အပျက်လေးတစ်ခု ဖြစ်သွားခဲ့ ပါတယ် ။ အဲ့ဒါကတော့ အသက် ၁၄ နှစ် အရွယ် အက်သလက်တီကို မက်ဒရစ် ပရိသတ်လေး တစ်ယောက် သေဆုံး ခဲ့ရတာပါပဲ ။ လူငယ်လေး ဟာ ဗယ်လာဒိုးလစ် ကွင်းအဝင် က ကားပါကင်ဝင်ပေါက် ကို ခေါင်းနဲ့ တိုက်မိ ခဲ့တာ ဖြစ်ပြီး ဆေးရုံကို ခေါ်ဆောင် သွားပေမယ့် အသက်မမီခဲ့ဘူးလို့ သိရ ပါတယ် ။

လူငယ်တွေ စုပေါင်း စီးနင်းလာတဲ့ ဗင်ကားဟာ အက်သလက်တီကို မက်ဒရစ် ကို အားပေးဖို့ အတွက် ဗယ်လာဒိုးလစ် ကွင်းရဲ့ ကားပါကင် ထဲကို ဝင်ရောက် လာချိန်မှာ လမ်းဘေး အတားအဆီးတွေကို ဝင်တိုက်မိ ခဲ့ပြီး ပါကင် အဝမှာ ထပ်မံ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ် ။ ကွယ်လွန်သူ ကောင်လေးဟာ ကားပြတင်းပေါက် ကနေ ကိုယ်တခြမ်းအထိ ထွက်ကာ စီးနင်းလာသူ ဖြစ်ပြီး ဦးခေါင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိ ခဲ့တာပဲ ဖြစ် ပါတယ် ။

အဆိုပါ ကိစ္စ နဲ့ ပတ်သက်ပြီး ကလပ် အသင်းတွေ ဘက်က ထုတ်ပြန်ခြင်း မပြုလုပ်သေးသလို ဖလား အောင်ပွဲခံ အခမ်းအနား မှာလည်း ထည့်သွင်းသွားမလား ဆိုတာ သိရခြင်း မရှိသေးပါဘူး ။ လာလီဂါ ရာသီ ပြီးဆုံးချိန် မှာတော့ အေတီကို မက်ဒရစ် ၊ ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ နဲ့ ဆီဗီးလား တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့ကြပြီး ဆိုဆီဒက် နဲ့ ဘက်တစ် တို့ကတော့ ယူရိုပါလိဂ် ဝင်ခွင့်တွေ ရရှိ ခဲ့ကြပါတယ် ။ ဟွက်စကာ ၊ ဗယ်လာဒိုးလစ် နဲ့ အီဘာ တို့ကတော့ တန်းဆင်း သွားခဲ့ ကြပါတယ် ။

CRD – SPORTS MYANMAR

Be the first to comment on "အက်သလက်တီကိုရဲ့ လာလီဂါဖလားအောင်ပွဲကြားက ဝမ်းနည်းစရာ သတင်းဆိုးတစ်ခု"

Leave a comment

Your email address will not be published.


*