Generation Z လူငယ်တစ်ဦးမှ ဦးရဲထွဋ်သို့ ဒဲ့မေး.. ဒဲ့ရေးတဲ့စာ

မဂ်လာပါ အန်ကယ် ဦးရဲထွဋ်ခင်ဗျ။
အန်ကယ်မှ ကျွန်တော်တို့ Gen Z လူငယ်များအား တာလီဘန်ဟုခိုင်းနှိုင်းတာတွေ့ရှိရ၍ အင်မတန်စိတ်မကောင်းဖြစ်မိပါသည်။

သိုသော် အန်ကယ်မှ တာလီဘန်ဟု ခိုင်းနှိုင်းသော Gen Z လူငယ်လေးများ အောက်ပါအကြောင်းအရာများ အား အတိတ်တွင်လူပ်ဆောင်မှုရှိခဲ့ပါသလားခင်ဗျာ။

1. ပြည်သူကို ဒုက္ခရောက်အောင်လုပ်ဖူးပါသလားခင်ဗျာ။

2. ပြည်သူဆီက ဓနဥစ္စာကို အဓမ္မသိမ်းဖူးပါသလားခင်ဗျာ။

3. ပြည်သူတွေကို မျက်ရည်ကျအောင်လုပ်ဖူးပါသလားခင်ဗျာ။

4. ပြည်သူတွေအား အတင်းအကျပ်စေခိုင်းမှုမျိုးလုပ်ဖူးပါသလားခင်ဗျာ။

5. ဘာသာရေးမှိုင်းတိုက်ဖူးပါသလားခင်ဗျာ။

6. တစ်ရွှာလုံးကို အကုန်လမ်းမပေါ်ဆွဲချပြီး တစ်ရွှားလုံးကို မီးလောင်တိုက်သွင်းဖူးပါသလားခင်ဗျာ။

7. ဘာသာရေးရဲ့ အထွတ်အမြတ်ထားရာ ဘုရားဌာပနာ (ဥပမါ ပဲခူးစိန်ဖူးတော်) များအား ခိုးယူခဲ့ဖူးပါသလားခင်ဗျာ။

8. ပြည်သူတွေရဲ့ ဓနဥစ္စာတွေကို ဖျက်ဆီးဖူးပါသလားခင်ဗျာ။

9. တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်သံယံဇာတအား အဖွဲ့အစည်းတစ်ခုအတွက် အသုံးချဖူးပါသလားခင်ဗျာ။

10. လယ်သမားတွေဆီက မြေသိမ်းဖူးပါသလားခင်ဗျာ။

11. လက်နက်မဲ့ ပြည်သူကို သေနတ်နဲ့ တစ်ကြိမ်လောက်ပစ်ဖူးပါသလားခင်ဗျာ။

12. တိုင်းပြည် ဘဏ္ဍာကို အဖွဲ့အစည်းတစ်ခုအတွက် တစ်ဦးတစ်ယောက်အတွက်အသုံးချဖူးပါသလားခင်ဗျာ။

13. စစ်ဖြစ်ပွားနေစဉ်ကာလအတွင်း မိန်းမပျိုလေးများ အား အတင်းအဓမ္မကျင့်ဖူးပါသလားခင်ဗျာ။

14. ကိုယ်ကျိုးစီးပွားအတွက် လာဘ်စားဖူးပါသလားခင်ဗျာ။

မေးစရာမေးခွန်းတွေက တစ်အားများပါတယ်။ အန်ကယ်သမုတ်တဲ့ တာလီဘန်လို့ခေါ်တဲ့ Gen Z လူငယ်လေးတွေက အထက်ပါ မေးခွန်းများမှ လုပ်ဖူးတာရှိရင် ထောက်ပြပေးပါခင်ဗျာ။

ယခုအချိန်မှာ နိုင်ငံတော်မတည်မငြိမ်ဖြစ်မှုသည် Gen Z လူငယ်များမှ ဆူပူလို့ ဖြစ်နေတာလား။ လက်နက်မဲ့ ပြည်သူကို လက်နက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုက မတရားဖိနှိပ်သတ်ဖြတ်နေလို့ ဖြစ်တာလား အန်ကယ့်မှာ ပြည်သူထဲက ပြည်သူဆိူတဲ့ နှလုံးသားနဲ့ ကြည့်ရင် မြင်နိုင်မယ်ထင်ပါတယ်။

နိုင်ငံတော် အာဏာကို သေနတ်ပြပြီးသိမ်းယူတဲ့ အဖွဲ့အစည်းကျတော့ ဝေဖန်မှုမျိုးမတွေ့ရဘဲ။ လူငယ်လေးတွေက ဘယ်သူမှမခိုင်း ကိုယ့်အသိစိတ်ဓာတ်နဲ့ Boycott လုပ်တာ CDM လုပ်တာတွေကို အားပေးခြင်း ထောက်ခံတာတွေက လူငယ်တွေ တာလီဘန်ဖြစ်သွားရောလားခင်ဗျ။ ဒီလိုလုပ်တာ တိုင်းပြည်အတွက်ထိခိုက်မှုရှိတယ်ထင်ရင် Covid ကြောင့်နိုင်ငံ့စီးပွားရေးယိုင်နဲ့နေချိန်မှာ စစ်တပ်အာဏာသိမ်းတာက တိုင်းပြည်အတွက်ထိခိုက်မှုရှိတယ်မထင်ဘူးလားခင်ဗျ။

လူငယ်တွေလက်နက်ကိုင်တာ ဘယ်သူ့ကြောင့်ဆိူတာ အန်ကယ် တွေးခေါ်နိုင်စွမ်းရှိရင်သိနိုင်ပါတယ်။ လူငယ်တွေက အကြောင်းမဲ့လက်နက်ကိုင်ခြင်းမဟုတ်ဘူးဆိူတာ ဖြစ်ပျက်ခဲ့သမျှကိုကြည့်ရင် အန်ကယ်သိနိုင်ပါတယ်။

ကျွန်တော်တို့ Gen Z လူငယ်တွေက ပြည်သူကိုထိခိုက်သွားအောင် ယခုလည်းမလုပ်သလို နှောင်အနာဂတ်တွင်လည်းလုပ်ဖို့ စိတ်ကူးမရှိပါကြောင်း။ ယနေ့အချိန်တွင် နိုင်ငံတစ်ဝှမ်း ဗုံးပေါက်ကွဲမှုတွေ ဈေးမီးလောင်မှုတွေက ကျွန်တော်တိူ့ Gen Z လူငယ်တွေ၊ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ PDF အဖွဲ့တွေက ဘယ်သောအခါမှမလုပ်ကြောင်း။ လုပ်ခဲ့ရင်လည်း ကျွန်တော်တိူ့ Gen Z လူငယ်တွေမဟုတ်ဘဲ တိုင်းပြည်ကိုချောက်ထဲကျအောင် တွန်းပို့နေတယ့် Main institution တစ်ခုရဲ့လုပ်ရပ်ဖြစ်ပါကြောင်း၊ ယခုအာဏာသိမ်းမှုကိုကြည့်ရင် စစ်တပ်သည် တိုင်းပြည်ပေါ် နှမ်းစေ့တစ်စေ့မျှလောက် စေတနာမရှိတာကို အန်ကယ်တွေ့နိုင် မြင်နိုင်မယ်ထင်ပါတယ်။

ကျွန်တော်တို့လူငယ်တွေက ဘာမှတွေးတတ်တာမဟုတ်ဘူး အားနေ ဂိမ်းကစားနေတဲ့သူတွေချည်းပဲလို့ အန်ကယ်တို့တွေးခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ယခု revolution ကြည့်ရင် လူငယ်တွေ နိုင်ငံရေးမှာ စိတ်ဝင်စားမှုရှိတာကိုတွေ့နိုင်သလို နိုင်ငံ့အရေးအတွက်ဆိုရင်လည်း အသက်ပေးဖို့ ဝန်မလေးဘူးဆိုတာကို ပေးဆပ်လိုက်ရတဲ့ လူရှစ်ရာကျော်ကြည့်ရင် အန်ကယ်တို့ သဘောပေါက်မယ်လို့ထင်ပါတယ်။

ယခု Spring Revolution မှာ ဘယ်သူမှဦးဆောင်သူမရှိသလို သွေးထိုးလှုံ့ဆော်မှုမရှိဘဲ ပြည်သူတွေထွက်လာတာကို အန်ကယ်တွေ့နိုင်မယ်လို့မြင်ပါတယ်။ ပြည်သူတွေက ြင်မ်းချမ်းစွာ ဆန္ဒပြနေတာကို စတင်အကြမ်းဖက်တာ စစ်တပ်နဲ့ရဲပါ။ ကလေးလူငယ် လူကြီးမရွေးပစ်သတ်၊ ဈေးမီးရှို့လိုက် လုပ်နေတဲ့ institution ကိုဝေဖန်မှုမရှိဘဲ လူငယ်တွေကို တာလီဘန်လို့ပြောနေတဲ့ အန်ကယ်စကားအတွက် အန်ကယ်လိပ်ပြာလုံပါစေ။

“အရေးတော်ပုံအောင်ဖို့ အသက်ပေးဖို့ ဝန်မလေးတာ လူငယ်တွေပည”

“အရေးတော်ပုံအောင်ဖို့ အိပ်မက်တွေကို စွန့်လွှတ်ရဲတာ လူငယ်တွေပါ”

အရေးတော်ပုံအောင်ဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ လုပ်နေတာ လူငယ်တွေပါ”

အန်ကယ်သဘောပေါက်မယ်ထင်ပါတယ်။

လေးစားစွာဖြင့် လူငယ်ထဲမှ လူငယ်တစ်ဦး

Be the first to comment on "Generation Z လူငယ်တစ်ဦးမှ ဦးရဲထွဋ်သို့ ဒဲ့မေး.. ဒဲ့ရေးတဲ့စာ"

Leave a comment

Your email address will not be published.


*