ဆိုင်ကလုံးမုန်တိုင်း တောက်တဲ့ ပြီးလို့ နောက်ထပ်မုန်တိုင်း ဖြစ်ပေါ်လာခဲ့ရင် ခေါ်ဆိုရမည့် နာမည်ပေးလိုက်ပြီ …

မြန်မာနိုင်ငံမှ အမည်တင်သွင်းထားတဲ့ “တောက်တဲ့” (Tauktae) ဆိုင်ကလုံးမုန်တိုင်းဟာ ယခုအခါမှာ အိန္ဒိယနိုင်ငံ အနောက်ဘက်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်နေပြီဖြစ်ပါတယ်။

အပူပိုင်းဆိုင်ကလုံးမုန်တိုင်းများဟာ နှစ်စဉ် ဧပြီ နဲ့ မေ လများမှာ အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်တတ်လေ့ရှိပြီး မိုးကိုသယ်ဆောင်လာမယ့် မုတ်သုံလေကို ဆွဲတင်လေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်တို့မှာ အပူပိုင်းဆိုင်ကလုံးမုန်တိုင်း ဖြစ်ပေါ်ပါမှ အနောက်တောင် မုတ်သုံလေကို ဆွဲခေါ်လာပြီး မိုးရွာသွန်းခြင်း (တနည်း) မိုးဥတုကို စတင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိ မေလ ဒုတိယအပတ်၊ တတိယအပတ် အချိန်အထိ မုန်တိုင်းဖြစ်ပေါ်ခြင်း မရှိသေးပေမဲ့ မေလ နောက်ဆုံးအပတ်မှာတော့ ဆိုင်ကလုံး မုန်တိုင်းတစ်လုံး ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာနိုင်ချေရှိနေပါတယ်။

ဆိုင်ကလုံးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့လျှင်တော့ အဆိုပါမုန်တိုင်းကို ရာစ် (Yaas) လို့ အမည်မှည့်ခေါ်ရမှာ ဖြစ်ပါတယ်။ ဒီမုန်တိုင်းအမည်ကိုတော့ အိုမန်နိုင်ငံမှ အမည်သွင်းပေးခဲ့တာဖြစ်ပြီး အဓိပ္ပာယ်ကတော့.. Dispair (စိတ်ပျက်စရာကောင်းခြင်း) လို့ ဆိုပါတယ်။

မုန်တိုင်းတွေဟာ စိတ်ပျက်စရာ ကောင်းလှပေမဲ့ တောင်သူများအတွက် လိုအပ်နေတဲ့ သဘာဝမိုးကို သယ်ဆောင်လာသူတွေဖြစ်လို့ အကျိုးရှိစေတဲ့အရာ လို့လည်း သတ်မှတ်နိုင်ပါတယ်။

တကယ်လို့သာ မုန်တိုင်း မတိုက်ခတ်ခဲ့လျှင်တော့.. မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ အထက်အညာဒေသတို့မှာ မိုးခေါင်သွားတတ်ပါတယ်။ယခု မြန်မာနိုင်ငံအတွက် မုတ်သုံလေ (Monsoon) နဲ့ မိုးကို ခေါ်ဆောင်လာမည့် ဆိုင်ကလုံး မုန်တိုင်း ရာစ် ကို အန္တရာယ်ကင်းစွာနဲ့ ကြိုတင်ပြင်ဆင် ကာကွယ်ထားနိုင်သလို.. ၊

မိုးရာသီအတွက်လည်း အစစအရာရာ ကြိုတင်ပြင်ဆင်နိုင်ထားရန်အတွက် အာကာသနှင့် စကြဝဠာ စာဖတ်ပရိတ်သတ်များအတွက် ရေးသားတင်ဆက်ပေးလိုက်ပါတယ်။
အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Be the first to comment on "ဆိုင်ကလုံးမုန်တိုင်း တောက်တဲ့ ပြီးလို့ နောက်ထပ်မုန်တိုင်း ဖြစ်ပေါ်လာခဲ့ရင် ခေါ်ဆိုရမည့် နာမည်ပေးလိုက်ပြီ …"

Leave a comment

Your email address will not be published.


*