အမေရိကန်မှာ ပညာသင်ကြားဖို့အတွက် ဗီဇာလျှောက်ခဲ့တဲ့ တရုတ်ကျောင်းသူတစ်ဦးဟာ ပယ်ချခံလိုက်ရတယ်လို့ အမေရိကန်သံရုံးက ပြောဆိုခဲ့ပါတယ်။
အဆိုပါကျောင်းသူရဲ့ ဖခင်ဖြစ်သူဟာ ရဲတွေအတွက် အလုပ်လုပ်ပေးနေသူဖြစ်တာကြောင့် ပယ်ချခဲ့တာဖြစ်တယ်လို့လည်း အကြောင်းပြချက်ပေးခဲ့ပြီး ဒီကိစ္စကို ပညာရေးကုမ္ပဏီဘက်ကနေ ဖြေရှင်းပေးနေတယ်လို့ South China Morning Post က ဖော်ပြခဲ့ပါတယ်။
ကျောင်းသားဘက်ကို ပြန်လည်ပေးပို့ခဲ့တဲ့ အကြောင်းကြားစာမှာ ထောက်လှမ်းရေးရဲ့ တရားဥပဒေစိုးမိုးရေးဌာနလေးခုက အကြီးတန်းအရာရှိတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ဗီဇာထုတ်ပေးခြင်းကလည်း ဆိုင်းငံ့ထားကြောင်း ပါဝင်တယ်လို့ ဆိုပါတယ်။ ပညာရေးကုမ္ပဏီဘက်ကတော့ ကျောင်းသူရဲ့ ဖခင်ဟာ အငယ်တန်းအရာရှိတစ်ဦးသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘေဂျင်းမှာရှိတဲ့ အမေရိကန်သံရုံးဟာ ကုမ္ပဏီဘက်ကတောင်းဆိုမှုအပေါ် တုံ့ပြန်မှုမပြုလုပ်ခဲ့ဘူးလို့သိရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ြောရေးဆိုခွင့်ရအမျိုးသမီး Hua Chunying က “နှစ်နိုင်ငံကြား အမှုထမ်းတွေပုံမှန်လဲလှယ်နေမှုတွေကို နိုင်ငံရေးအကြောင်းပြချက်နဲ့ အမေရိကန်ဘက်က အနှောင့်အယှက်ဖြစ်စေချင်နေမှုကို ပြသခဲ့တဲ့ သက်သေကောင်းဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးအတွက် အထောက်အကူမဖြစ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
“အမေရိကန်ရဲ့ ယုတ္တိဗေဒအရ တရုတ်အနေနဲ့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်သင့်သလား” လို့ Hua က မေးခွန်းထုတ်ခဲ့ပြီး အမေရိကန်အနေနဲ့ သူတို့ရဲ့အမှားကို ပြန်လည်ပြင်ဆင်ပြီး ပုံမှန်အတိုင်းပြန်လည်ခွင့်ပြုဖို့ တရုတ်ဘက်ကမျှော်လင့်ထားကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
သံရုံးဘက်က ပြန်လည်ပေးပို့ခဲ့တဲ့စာကို WeChat မှာ Beijing Gewai ပညာရေးအတိုင်ပင်ခံရုံးက ဖော်ပြခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားအက်ဥပဒေအရ ဗီဇာလျှောက်ထားမှုကို ယာယီရပ်ဆိုင်းထားကြောင်း ပြသခဲ့ပါတယ်။
အမေရိကန်ဘက်က အခုလိုပိတ်ပင်မှုဟာ တရုတ်ကျောင်းသူကျောင်းသား ဘယ်လောက်ထိ ထိခိုက်နိုင်မယ်ဆိုတာကို မသိရပါဘူး။ ဘာလို့လဲဆိုတော့ တရုတ်ဟာ ထောက်လှမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာနလေးခုမှာ အလုပ်လုပ်နေသူတွေကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားခြင်းမရှိတာကြောင့်ဖြစ်ပြီး အခုလို ငြင်းဆန်ခဲ့ရမှုဟာ သူတို့ရဲ့ပညာရေးဝန်ဆောင်မှုပေးခဲ့တဲ့သက်တမ်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ Beijig Gewai ပိုင်ရှင် Qiao Xiangdong က ပြောဆိုခဲ့ပါတယ်။
အဆိုပါကျောင်းသူကတော့ အမေရိကန်တက္ကသိုလ် ၁၀ ခုကနေ ကွန်ပျူတာသိပ္ပံအထူးပြုအတွက် ကမ်းလှမ်းမှုတွေကို ရရှိခဲ့တာလို့လည်း သိရပါတယ်။
“ရဲအရာရှိတွေရဲ့ ကလေးတွေက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ဘာများခြိမ်းခြောက်နိုင်မှာမို့လို့လဲ” လို့ Qiao က ပြောပါတယ်။ ဒီဘက်နှစ်ကာလတွေမှာ အမေရိကန်ဟာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ နဲ့ သင်္ချာဘွဲ့ရ တရုတ်နိုင်ငံသားတွေကို သူတို့နိုင်ငံတွင်းနေထိုင်ပြီး အလုပ်လုပ်ကိုင်စေဖို့ ခက်ခဲတဲ့ မူဝါဒတွေကို ချမှတ်ခဲ့ကာ ဗီဇာခွင့်ပြုမှုကို ကန့်သတ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း တရုတ်စစ်တပ်နဲ့ပတ်သက်တယ်လို့ သံသယရှိတဲ့ တရုတ်ကျောင်းသားနဲ့ သုတေသီတစ်ထောင်ကျော်ကို ဗီဇာပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။
therivernews
Be the first to comment on "ရဲအရာရှိတစ်ဦးရဲ့ သမီးဖြစ်နေလို့ တရုတ်ကျောင်းသူတစ်ဦးရဲ့ ဗီဇာကို ငြင်းပယ်ခဲ့တဲ့ အမေရိကန်.."