လက်နက်အင်အား ပြည့်စုံအောင်ပြင်ဆင်နေကြောင်း NUG က သတင်းစကားပါး

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ခေတ်မှီလက်နက်အင်အား ပြည့်စုံအောင်တပ်ဆင်နိုင်ရေးအတွက်ပြင်ဆင်နေကြောင်း

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မေ ၁၆ ရက်တွင် ပြည်သူများထံသတင်းစကားပါးခဲ့သည်။

သို့သော်လည်း ခေတ်မီတပ်မတော်တစ်ခုဖြစ်စေရန် နှင့်ပြည်သူလူထုကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ရန်အတွက် ထိုက်တန်သည့်အချိန်တစ်ခုလိုအပ်သည်ဟု ၎င်းကဆိုသည်။

” ခေတ်မီလက်နက်ကိုင်တပ်မတော်တစ်ရပ်ကို ထူထောင်ဖို့အတွက် စစ်ပညာ နည်းစနစ် စုဖွဲ့မှုပုံစံကစပြီးလိုအပ်တာတွေစနစ်တကျလေ့ကျင့်သင်ကြားပေးရတာ၊စစ်အင်အားလက်နက်အင်အား ပြည့်စုံအောင်ပြင်ဆင်လုပ်ဆောင်ရတာတွေကြောင့် ထိုက်တန်တဲ့အချိန်ကာလတစ်ခုလိုအပ်တယ်ဆိုတာ ပြည်သူလူထုအားလုံးလည်း လက်ခံနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့အပြင် မင်းတပ်မြို့က ပြည်သူများအား အကာအကွယ်မပေးနိုင်ခဲ့သည့်အတွက်လည်း စိတ်ထိခိုက်နာကျင်ခံစားရကြောင်း ၊ စစ်အာဏာရှင်များ၏ ရက်ရက်စက်စက်ဖိနိုပ်မှုများကို အသက်စွန့်ပြီး ခုခံတွန်းလှန်ခဲ့ကြသည့် မင်းတပ်မြို့က သူရဲကောင်းပြည်သူများအပါအဝင် တစ်နိုင်ငံလုံးမှပြည်သူများကို ဦးညွတ်ဂုဏ်ပြုကြောင်းလည်း၎င်းကပြောသည်။

” ကျွန်တေ်ာတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မင်းတပ်ပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို လက်ပိုက်ကြည့်နေတာမဟုတ်ဘဲ တစ်စုံတစ်ရာသက်သာမှုရစေဖို့ မင်းတပ်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရတွေကိုဆက်သွယ်ဆွေးနွေးပြီး အကူအညီတောင်းခံတာတွေဆောင်ရွက်ခဲ့သလိုမြေပြင်ကပြည်သူလူထုနဲ့ချိတ်ဆက်ပြီးတော့လည်း ကူညီထောက်ပံ့မှုတွေအလျှင်အမြန်ရောက်ရှိအောင်ဆောင်ရွက်ပေးလျှက်ရှိပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

မေလ ၁၆ ရက်နေ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းတစ်လပြည့်အထိမ်းအမှတ်နေ့ဖြစ်သည်။ သက်တမ်းတစ်လပြည့်နေ့တွင် ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်သူများအား ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

Burma Associated Press

Be the first to comment on "လက်နက်အင်အား ပြည့်စုံအောင်ပြင်ဆင်နေကြောင်း NUG က သတင်းစကားပါး"

Leave a comment

Your email address will not be published.


*