(WHO) ကိုဗစ် စစ်ဆေးရေးအဖွဲ့ကို အမေရိကန် တောင်းဆိုတဲ့ အချက်များ နှင့် တရုတ်ပြည်ကိုဗစ် နောက်ဆုံးအခြေအနေ

ဝူဟန်ရောက် (WHO) ကိုဗစ် စစ်ဆေးရေးအဖွဲ့ကို အမေရိကန် တောင်းဆိုတဲ့ အချက်များ နှင့် တရုတ်ပြည်ကိုဗစ် နောက်ဆုံးအခြေအနေ..

တရုတ်ပြည်မှာ ခုနှစ်ရက်မြောက်အဖြစ် ဒီနေ့အင်္ဂါနေ့မှာ ကိုဗစ်လူနာအယောက် (၁၀၀) ကျော်တွေ့ကြောင်းကြေညာခဲ့ပါတယ်။ မနေ့က တနင်္လာနေ့မှာ (၁၁၈) ယောက်တွေ့ခဲ့ပြီး တနင်္ဂနွေနေ့တုန်းက (၁၀၉) ယောက်တွေ့ခဲ့ပါတယ်။ ဒီလိုအယောက် (၁၀၀) ကျော်တွေ့တဲ့အထဲမှာ asymptomatic လို့ခေါ်တဲ့ Positive ဖြစ်ပြီး ရောဂါလက္ခဏာမပြတဲ့သူ မပါသေးပါဘူး။ အဲ့ဒီ Positive ဖြစ်သူတွေပါထည့်တွက်ရင် တစ်ရက်ကို လူ (၂၀၀) လောက်တွေ့ပါတယ်။

တရုတ်ပြည်မှာ လူပေါင်း (၃) သန်းရှိတဲ့မြို့နှစ်မြို့စာကို မနေ့ကထပ်ပြီးလော့ဒေါင်းချလိုက်ပါတယ်။ ဒါနဲ့ဆိုရင် အခုထိဒီရက်ထဲမှာ လူပေါင်း (၁၉) သန်းရှိတဲ့နေရာတွေကို လော့ဒေါင်းချပြီးပါပြီ။

Jilin ပြည်နယ်မှာ မြို့နှစ်မြို့ကို လော့ဒေါင်းထပ်ချရတဲ့ အကြောင်းရင်းကတော့ မြို့နှစ်မြို့အကြားကူးသန်းနေတဲ့ Heilongjiang ကလာတဲ့ ကုန်သည်ကြောင့်ပါပဲ။ အဲ့ဒီရောဂါရှိတဲ့ကုန်သည်ဟာ တိုင်းရင်းဆေးကျန်းမာရေးပညာပေးတွေ လိုက်လုပ်ခဲ့တဲ့အတွက် သူသွားခဲ့တဲ့ ကျန်းမာရေးစင်တာတွေကိုပါ အစိုးရကတရားဝင်မှု ရှိ မရှိ လိုက်စစ်ဆေးနေပါတယ်။

တရုတ်ပြည်မှာ အသက်ရှည်ရန်အားပေးတယ်ဆိုပြီး အသက်ကြီးသူတွေကိုပစ်မှတ်ထားကာ Healthcare workshop ပညာပေးအစီအစဉ်တွေလုပ်ကာ သူတို့ထုတ်ကုန်တွေကို ရောင်းချတတ်ပါတယ်။ အခုတော့အားလုံး ဆွမ်းခံရင်း ငှက်သင့်ကုန်ကြပါပြီ။

မနေ့ကကျနော့်အသိတရုတ်ပြည်ကစက်ရုံနဲ့ ဖုန်းပြောရာမှာ သူတို့ဒီနှစ်တရုတ်နှစ်ကူးမှာ ဇာတိမြေမပြန်ဖို့ အစိုးရကပြောထားပါတယ်။ သူတို့လင်မယားဟာ ကလေးတွေကို မိဘတွေနဲ့အတူဇာတိမြေမှာထားပြီး သူတို့က Zhejiang ပြည်နယ် နင်ဘို Ningbo မှာအလုပ်လုပ်နေတာပါ။ အကယ်လို့သူတို့ဒေသပြန်ခဲ့ရင် ကျိန်းသေ နှစ်ပတ် ကွာရန်တင်းဝင်ရမှာပါ။ လုပ်သားတွေက နှစ်ကူးပြန်ချိန်မှာ ဟိုမှာနှစ်ပတ် ဒီပြန်လာရင်နှစ်ပတ်နဲ့ ကွာရန်တင်းဝင်ပြီး စားရိတ်ကုန်အချိန်ကုန်မှာကို မလိုလားကြပါဘူး။ နင်ဘိုဆိုတာ အထည်နဲ့ လျှပ်စစ်ပစ္စည်းများထုတ်လုပ်တဲ့နေရာပါ။ အခြားလူသုံးကုန်အတော်များများထုတ်လုပ်တဲ့နေရာလည်းဖြစ်ပါတယ်။

အခု သူတို့ဆီမှာ လုပ်သားတွေ အိမ်မပြန်ဖြစ်ကြတဲ့အတွက် စက်ရုံတွေလည်ပတ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ ပစ္စည်းပို့မယ်ဆိုရင် cut off time နီးပြီမို့ ပို့မပို့ဆုံးဖြတ်ဖို့ သတိပေးနေကြပါတယ်။ ပြဿနာက တစ်နေရာနဲ့တစ်နေရာ ကုန်ပစ္စည်းပို့ရာတာ အခက်အခဲတွေ ရှိနေတယ်လို့ဆိုပါတယ်။

တရုတ်အာဏာပိုင်တွေက နှစ်သစ်ကူးကာလခရီးသွားရင် ရောဂါပိုးပိုပြန့်မှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိမှာ တရုတ်ပြည်နဲ့ အမေရိကန်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိုဗစ် မစ်ရှင်အဖွဲ့ကိစ္စ စကားများနေပါတယ်။ ပထမဆုံးကိုဗစ်လူနာဟာ ဝူဟန်ဓာတ်ခွဲခန်းကဝန်ထမ်းလို့ အမေရိကန်ဘက်က စွပ်စွဲထားပါတယ်။

အမေရိကန်ဘက်က တရုတ်ဖက်ကို တောင်းဆိုထားတာက WHO ကျွမ်းကျင်သူအဖွဲ့ကို ဝူဟန့်အဏုဇီဝဓာတ်ခွဲခန်းရဲ့ ဝန်ထမ်းတွေ၊ မနှစ်ကဝူဟန်ရှိ ကိုဗစ်လူနာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို တွေ့ဆုံမေးမြန်းခွင့်ပေးဖို့ တောင်းဆိုထားတာပါ။ နောက်ပြီးတော့ ကိုဗစ်ရောဂါသည်စတွေ့ရာနေရာလို့ ယူဆထားတဲ့ ကုန်စိမ်းဈေးကတိရိစ္ဆာန်၊ လူ၊ ပတ်ဝန်းကျင်က ရယူထားတဲ့ နမူနာတွေ၊ ဒေတာတွေကို WHO အဖွဲ့ကို ပြန်မျှဝေ ရှယ်ရမယ်လို့ တောင်းဆိုထားပါတယ်။

လောလောဆယ်တော့ WHO ကိုဗစ် မစ်ရှင်အဖွဲ့က “ကိုဗစ်အစ” အဖြေ ရ မရ မသေချာဘူးလို့ ဆိုထားပါကြောင်း။ (Richard Myo Thant)

Be the first to comment on "(WHO) ကိုဗစ် စစ်ဆေးရေးအဖွဲ့ကို အမေရိကန် တောင်းဆိုတဲ့ အချက်များ နှင့် တရုတ်ပြည်ကိုဗစ် နောက်ဆုံးအခြေအနေ"

Leave a comment

Your email address will not be published.


*