မကွေးတိုင်းဒေသကြီး သရက်ခရိုင်ရှိ သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတားတည်ဆောက်ရေး လုပ်ငန်းအား ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၈,ဝဝဝ ဖြင့် ဆက်လက်တည်ဆောက်လျက်ရှိကြောင်း တိုင်းဒေသကြီး တံတားတည်ဆောက်ရေးအဖွဲ့(၃)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာဖြိုးဝေထွန်းက ပြောသည်။
”၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်မှာ(သရက်-အောင်လံ)ဧရာဝတီမြစ်ကူးတံတားကြီး တည်ဆောက်ရေးအတွက်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၈,ဝဝဝ နဲ့ရေလည်တိုင်ရှစ်တိုင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ရေလယ်တိုင်(RC-7) မှ (RC-13)နဲ့ သရက်ဘက်က(RC-1)တိုင်တို့ ဖြစ်ပါတယ်။ လောလောဆယ် တံတားဘိုးပိုင်တူးတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်”ဟုဦးတေဇာဖြိုးဝေထွန်းက ပြောသည်။
သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်မှုစီမံကိန်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်က စတင်ကာတည်ဆောက်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ ၉၈ ဘီလီယံခန့် ကုန်ကျမည်ဖြစ်သည်။
”တံတားတည်ဆောက်မှုပိုင်း ပြီးစီးမှုအပိုင်းများအနေနဲ့ သရက်ဘက်ကမ်း ချဉ်းကပ်လမ်းက တံတားကြမ်းခင်း ပေ ၁ဝဝ၊ နှစ်ခန်း ၃ဝ မီတာဆောင်ရွက်ပြီး အောင်လံဘက် ချဉ်းကပ်လမ်း ပေ ၁ဝဝ၊ နှစ်ခန်း မီတာ(၃ဝ)ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၈,ဝဝဝ မှ တံတားချဉ်းကပ်လမ်းကိစ္စ ငွေကျပ်သန်း ၂ဝဝ ကျော်ကို လမ်းဦးစီးဌာနကို လွဲပြောင်းဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။
သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတားကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၃,ဝ၅ဝသန်းဖြင့် သရက်ဘက်ကမ်းမှချဉ်းကပ်တံတားအရှည် ၉၈၆ ပေနှင့် အောင်လံဘက်ခြမ်းမှချဉ်းကပ် တံတားအရှည် ၇၈၇ ပေတို့အား ဘိုးပိုင်လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃,ဝဝဝ ဖြင့် ချဉ်းကပ်လမ်းနှစ်ဖက်မှတိုင်များကိုဆက်တက်ခဲ့ပြီး တိုင်များပေါ်တွင် တံတားယက်မ ၁၉ ခန်းတင်ကာ ကြမ်းခင်းစလစ်လောင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဧရာဝတီမြစ်ကူး (သရက်-အောင်လံ)တံတားကြီး တည်ဆောက်ပြီးစီးပါကကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ သရက်-အောင်လံ တံတားကြီးကိုဖြတ်ကာ နေပြည်တော်မှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့အထိ သွားနိုင်သည့်စီးပွား ရေးလမ်းမကြီးပေါ်တွင် တည်ရှိသည့် တံတားကြီး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
MyanmarTimes
Be the first to comment on "သရက် – အောင်လံ ဧရာဝတီမြစ်ကူးတံတားအား ကျပ်သန်း ၈,ဝဝဝ အကုန်အကျခံကာ တည်ဆောက်လျက်ရှိ"