နော်ဝေမှာ သက်ကြီးရွယ်အို (၂၃) ဦး သေးဆုံးခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးကိစ္စ နောက်ဆက်တွဲ

နော်ဝေမှာ သက်ကြီးရွယ်အို (၂၃) ဦး သေးဆုံးခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးကိစ္စ နောက်ဆက်တွဲ..

နော်ဝေနိုင်ငံမှာ Pfizer ဖိုင်ဇာကာကွယ်ဆေးထိုးပြီး သက်ကြီးရွယ်အို (၂၃) ယောက်သေဆုံးခဲ့တယ်ဆိုတဲ့ကိစ္စကို ကျွမ်းကျင်သူတွေက စိစစ်နေပါတယ်။

၂၀၂၀ ဒီဇင်ဘာလကုန်အထိ နော်ဝေနိုင်ငံမှာ ဖိုင်ဇာကာကွယ်ဆေးထိုးခဲ့သူ ၃၀၀၀၀ ကျော်ရှိပါတယ်။ အခုသေဆုံးခဲ့သူတွေက အသက် ၈၀ ကျော်နဲ့ ၉၀ ကျော်တွေဖြစ်ပါတယ်။ Norwegian Institute of Public Health က သတိပေးစာထုတ်ပြန်ပါတယ်။

“အသက်အလွန်ကြီးတဲ့သူတွေမှာ ကာကွယ်ဆေးထိုးမယ်ဆိုရင် ချိန်ဆသင့်ပါတယ်တဲ့။” “သဘောက မည်သည့်ကာကွယ်ဆေးမဆို side effects က ရှိပါတယ်။”

ဥပမာ – တရုတ်ထုတ် Sinopharm ကာကွယ်ဆေးမှာ side effects (၇၃) မျိုးကို ထည့်ရေးထားတဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ Sinopharm အနေနဲ့မမှားပါ။ သူ့ကာကွယ်ဆေးထိုးရင် ဒါတွေဖြစ်နိုင်တယ်ဆိုတာ လူသိအောင်ကြိုပြောထားတာပါပဲ။ တစ်ခုခုဆိုသူ့ကိုအပြစ်တင်လို့မရအောင်ပါ။

အခု ဖိုင်ဇာရဲ့ mRNA ကာကွယ်ဆေးအကြောင်းဆက်ရရင် အသက်ကြီးတဲ့သူတွေအနေနဲ့ အထိမခံရွှေပန်းကန်အခြေအနေမျိုးပါ။ ကြွေလုလုအခြေအနေမှာ “ထန်းသီးကြွေခိုက်ကျီးနင်းလိုက်” ချိန်နဲ့ သွားဆုံတတ်ပါတယ်။ အခုသေဆုံးခဲ့တဲ့ (၂၃) ယောက်မှာ (၁၃) ယောက်ကပဲ mRNA ဆေးထိုးရင်ဖြစ်တတ်တဲ့ side effects မျိုးတွေပြခဲ့ပါတယ်။ ဥပမာ – မူးဝေအော့အန်တာ၊ ဝမ်းလျောတာနဲ့ အဖျားတက်တာမျိုးပါ။

အသက်ငယ်သူတွေနဲ့ ကျန်းမာသူတွေကိုတော့ Pfizer ကာကွယ်ဆေးထိုးဖို့ အားပေးပါတယ်။ တကယ်တော့ အမေရိကန်မှာလည်း လူသန်းပေါင်းများစွာကို ထိုးပေးခဲ့ပြီး mRNA ကြောင့် လူသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းမျိုးမကြားရသေးပါ။

ကျနော့်အကိုနဲ့ ပြီးခဲ့တဲ့အပတ်က စကားပြောတုန်းက သူ့တုန်းကလည်း ချမ်းသလိုလို ပင်ပန်းနွမ်းနယ်သလိုလို ဖြစ်ပါတယ်တဲ့။ သူကတော့ အမေရိကန်မှာ ဒီဇင်ဘာလလယ်လောက်က ပထမအကြိမ်ထိုးခဲ့ပြီး၊ ပြီးခဲ့တဲ့အပတ်က ဒုတိယအကြိမ်ထိုးခဲ့တာပါ။ သူ့အနေနဲ့ ကိုဗစ်လူနာတွေကို ထိတွေ့ကုသနေရတော့ ကာကွယ်ဆေးထိုးထားပြီးဖို့က အရေးကြီးပါတယ်။

နော်ဝေမှာ သက်ကြီးရွယ်အိုတွေကာကွယ်ဆေးကြောင့် သေဆုံးခဲ့ရသလားဆိုတာ ယတိပြတ် အဖြေမထုတ်နိုင်သေးပါ။ ဒီသတင်းကို ကြားခဲ့ပေမယ့် အတည်ပြုလို့မရတဲ့ Dailymail လိုနေရာကသတင်းတွေဖြစ်နေတာကြောင့် သေချာအောင်စောင့်ပြီးမှ ရေးခဲ့တာပါ။

နော်ဝေနိုင်ငံရဲ့ Norwegian Medicines Agency ရဲ့အပြောအရ Pfizer ကာကွယ်ဆေးထိုးခဲ့သူ အမျိုးသမီး (၂၁) ယောက်နဲ့ အမျိုးသား (၈) ယောက်မှာ side effects တွေပြပါတယ်။ သေဆုံးခဲ့သူတွေအပြင် (၉) ယောက်က ပြင်းထန်တဲ့ side effects ပြခဲ့ပေမယ့်သေလောက်အောင် မဖြစ်ခဲ့တာပါ။ (၇) ယောက်က သိပ်မပြင်ထန်တဲ့ ဘေးထွက်ဆိုးကျိုး side effects မျိုးပြခဲ့ပါတယ်။ (၉) ယောက်က ဓာတ်မတည့်မှုပြတယ်၊ အပူချိန်ပြင်းပြင်းတက်တယ်၊ ပြင်းပြင်းထန်ထန်မအီမသာဖြစ်တယ်၊ ကာကွယ်ဆေးထိုးထားတဲ့နေရာမှာ အတော်လေးနာကျင်မှုမျိုးခံစားရတာတွေ ဖြစ်ခဲ့ပါသတဲ့။

အခုအချိန်မှာ အသက်အရွယ်ကြီးရင့်သူတွေကို ကာကွယ်ဆေးထိုးမယ်ဆိုရင် အသက်ရယ်၊ ကျန်းမာရေးအခြေအနေရယ်၊ ရောဂါကူးစက်နိုင်မှုအခွင့်အလမ်းရယ်.. အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Richard Myo Thant (18.1.2021)

Be the first to comment on "နော်ဝေမှာ သက်ကြီးရွယ်အို (၂၃) ဦး သေးဆုံးခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးကိစ္စ နောက်ဆက်တွဲ"

Leave a comment

Your email address will not be published.


*