မြန်မာဘက်က အကြိမ်ကြိမ် ကန့်ကွက်သော်လည်း နယ်စပ်မှာ တရုတ်က ခြံစည်းရိုး ဆက်လက်ကာရံနေဆဲ…

မြန်မာဘက်က အကြိမ်ကြိမ် ကန့်ကွက်သော်လည်း နယ်စပ်မှာ တရုတ်က ခြံစည်းရိုး ဆက်လက်ကာရံနေဆဲ..

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် မြန်မာနိုင်ငံဘက်က ကန့်ကွက်စာပေးပို့ထားသော်လည်း တရုတ်နိုင်ငံဘက်က နှစ်နိုင်ငံနယ်စပ်မှတ်တိုင်အနီး သံဘောင်ခွေများဖြင့် ခြံစည်းရိုး ဆက်လက်ကာရံနေကြောင်း သိရသည်။

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊ လားရင်းကျေးရွာအကြားရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မှတ်တိုင် (၅၀) အနီး နယ်နိမိတ်မှတ်တိုင် (၄၉/၂) အထိ ခြံစည်းရိုးကာရံရန် နယ်နိမိတ်မှတ်တိုင်မှ (၁၀) မီတာအတွင်း မြေညီကွန်ကရစ်ခုံပေါ်တွင် သံတိုင် (၅၀) တိုင် ပေ (၅၀၀) ခန့်စိုက်ထူခဲ့သဖြင့် မြို့အုပ်ချုပ်ရေးမှူးဦးယဉ်မင်းထွန်းနှင့် ဌာနဆိုင်ရာများက ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ပြီး

နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်မှ (၁၀) မီတာအတွင်း ကျရောက်နေသဖြင့် ထိုသို့ဆောင်ရွက်နေမှုအား ကန့်ကွက်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို အစဉ်ရှေ့ရှုလျက် သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် နှစ်နိုင်ငံ သံတမန်နည်းလမ်းအရ ညှိနှိုင်းဆောင်ရွက်ပြီး အထက်ဌာနအဆင့်ဆင့်၏ သဘောတူခွင့်ပြုချက်ရရှိပြီးမှသာ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံ၊ကျန်းဖုန်းမြို့၊ လုံချွမ်ခရိုင်ပြည်သူ့အစိုးရဌာနသို့ ကန့်ကွက်စာ ပေးပို့ခဲ့သည်။

ထိုသို့ကန့်ကွက်စာ ပေးပို့ထားသော်လည်း တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၁၅ ရက်နေ့မှစတင်၍ ၎င်းသံတိုင်များအတွင်း အမြင့် (၁၀) ပေအကျယ် (၁၀) ပေရှိ သံဘောင်အတွင်း သုံးမူးလုံး သံချောင်း (၂၃) ချောင်းပါသော သံဘောင်ခွေများဖြင့် ခြံစည်းရိုး ဆက်လက်ကာရံနေခဲ့သည်။

နှစ်နိုင်ငံနယ်နိမိတ်စာချုပ်အပိုဒ် (၄၇) အပိုင်း (၄) တွင် နယ်နိမိတ်မျဉ်းကြောင်းနှင့် နယ်နိမိတ်မှတ်တိုင်များ ထိန်းသိမ်းထားရှိခြင်းများနှင့် သက်ဆိုင်သည့်ကိစ္စရပ်များအား အရေးယူဆောင်ရွက်ရာတွင် တစ်ပြည်ထောင်နှင့် တစ်ပြည်ထောင် ဆက်သွယ်ရန် (သို့တည်းမဟုတ်) ညှိနှိုင်းတိုင်ပင်ရန် လိုအပ်သည့်အခါတိုင်း ထိုသို့ ဆက်သွယ်ခြင်း ညှိနှိုင်းတိုင်ပင်ခြင်းကို စာချုပ်ဝင် နှစ်ပြည်ထောင်တို့က အထူးခန့်အပ်ထားသည့် အရာရှိများအား ပြုလုပ်စေရန် သဘောတူကြသည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ နှစ်သစ်ကူးကာလတုန်းကလည်း နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်ကနေ ၁၁ ပေခန့်အကွာ နေရာမှာ မြေအနက် ၂ ပေ ၊ အကျယ်မျက်နှာပြင် ၁ ပေ ၆ လက်မ၊ အရှည် ပေ ၁၁၀၀ ရှိတဲ့ ရေမြှောင်းတူးဖော်ခြင်းလုပ်ငန်းကို တရုတ်ဘက်က လုပ်ကိုင်လာတဲ့အတွက် မြန်မာဘက်က ကန့်ကွက်စာပေးပို့ ကန့်ကွက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Be the first to comment on "မြန်မာဘက်က အကြိမ်ကြိမ် ကန့်ကွက်သော်လည်း နယ်စပ်မှာ တရုတ်က ခြံစည်းရိုး ဆက်လက်ကာရံနေဆဲ…"

Leave a comment

Your email address will not be published.


*