မြန်မာသည် ဒေသတွင်း စီးပွားရေး အတိုးတက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း ဝန်ကြီး ပြောပြီ

မြန်မာသည် ဒေသတွင်း စီးပွားရေး အတိုးတက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း ဝန်ကြီး ပြောပြီ

မြန်မာနိုင်ငံသည် ဒေသတွင်း စီးပွားရေး အတိုးတက်ဆုံး နိုင်ငံများတွင် ပါဝင်နေဆဲ ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်က အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာ (APCSS) မှကျင်းပပြုလုပ်သည့် ကိုဗစ် ကာလ နှင့် ကိုဗစ် အလွန်ကာလ ကြံ့ကြံ့ခံနိုင်မှု မြင့်မားရေး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အလုပ်ရုံ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုကို ၆ ရာခိုင်နှုန်း ရရှိရန် ခန့်မှန်းထားပြီး အထူးသဖြင့် ကျေးလက် ဒေသပြည်သူ များအနေဖြင့် အစိုးရ ဝန်ဆောင်မှုများ ရယူရာတွင် နောက်ကျ ကျန်နေဆဲ ဖြစ်သလို အလယ်တန်း ပညာရေးကို တန်းတူသင်ယူမှု ရရှိရေးနှင့် ကျား/မ တန်းတူ ညီမျှရေး ကိစ္စရပ်များတွင်လည်း မညီမျှမှုများ ရှိနေဆဲ ဖြစ်သောကြောင့် နိုင်ငံအနေနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်များ ပူးပေါင်း ပါဝင်မှုနှင့် အမျိုးသားစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော် လျက်ရှိသည် ဟုဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဒေသတွင်း စီးပွားရေး အတိုးတက်ဆုံး နိုင်ငံများမှာ ပါဝင်နေဆဲ ဖြစ်ပေမယ့် မြန်မာပြည်သူတစ်ရပ်လုံး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ညီတူညီမျှ မခံစားရသေးတဲ့ အခြေအနေဟာ မူဝါဒချမှတ်သူများနဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်များ အနေနဲ့ ရင်ဆိုင် ဖြေရှင်းဖို့ လိုအပ်ချက် တစ်ရပ်အဖြစ် ရှိနေပါတယ်ဟု ဆိုပါသည်။

ယင်း အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာ-အမေရိကန် ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ နိုင်ငံစုံမိတ်ဖက်များနှင့် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အထောက်အကူပြု စေမည့် အကြံပြုချက် ၃ ချက်အား ဆွေးနွေးပြောကြားခဲ့ရာ ပထမ အချက်အနေဖြင့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်သို့ အမြန်ဆုံး ပြောင်းလဲ အသုံးချနိုင်ရေးအတွက် လိုအပ်မှုကို အလေးပေး ထောက်ပြခဲ့ပြီး အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံ၏ သမ္မတသစ် ဘိုင်ဒင်က ပဲရစ်သဘောတူညီချက်တွင် ပြန်လည် ပါဝင်ရန် ကတိကဝတ်ပြုမှုကို ကြိုဆိုပါ ကြောင်း ၎င်းကပြောသည်။

ဒုတိယအချက် အနေဖြင့် ဒေသတွင်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးအတွက် လိုအပ်သော အကူအညီများ ထပ်မံရရှိရေး တောင်းဆိုခဲ့ကာ မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများအနေဖြင့် အီလက်ထရောနစ် အစိုးရ ၊ အီလက်ထရောနစ် ပေးချေမှု ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုနှင့် အွန်လိုင်းမှ တစ်ဆင့် ဆေးကုသမှုစသည်တို့ကို အားလုံးလက်လှမ်းမီနိုင်စေရန်အတွက် ရင်းနှီးမြှုုပ်နှံမှုများ လိုအပ်ပြီး ကမ္ဘာတစ်ဝှမ်း အဆိုပါ နယ်ပယ်များ၏ နိုင်ငံတကာ ကျွမ်းကျင်လုပ်သားများ ရွေ့ပြောင်း သွားလာမှုအတွက်လည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့ပြင် အာရှနှင့် ပစိဖိတ်ဒေသတွင်း မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု အခြေအနေကို မဟာဗျူဟာမြောက် ပူးပေါင်းမှုအခြေအနေသို့ ဦးတည်ပြောင်းလဲအောင် နိုင်ငံများက ဆောင်ရွက်ရန် လိုကြောင်း တိုက်တွန်းခဲ့ပြီး တစ်နေ့တစ်ခြား တိုးတက် ထင်ပေါ်လာသည့် အာရှဒေသကို လုံခြုံရေး အရ စိန်ခေါ်မှု တစ်ခုအဖြစ်မမြင်ဘဲ စီးပွားရေး အရ အခွင့်အလမ်း ကောင်း ရှိသည့် ဒေသအဖြစ် ပြောင်းလဲရှုမြင်သင့်ကြောင်း ဝန်ကြီးက သုံးသပ်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့အအောင်မြင်ဆုံး ကုမ္ပဏီများ၊ ကမ္ဘာ့အဆင့်မီ နည်းပညာနှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် ပြိုင်စံကင်း ချိတ်ဆက်ထားနိုင်မှုများ ရှိသော်လည်း မြန်မာပြည်တွင် အခြားသော ဒေသတွင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် နှိုင်းယှဉ်ပါက အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်သာ ရှိနေသေးကြောင်းသိရသည်။

Be the first to comment on "မြန်မာသည် ဒေသတွင်း စီးပွားရေး အတိုးတက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း ဝန်ကြီး ပြောပြီ"

Leave a comment

Your email address will not be published.


*