ကိုဗစ်မှ ပြန်ကောင်းလာသူများ၏ အဆုတ်သည် ဆေးလိပ်သောက်သူများထက် ပိုဆိုးနေကြောင်း လေ့လာတွေ့ရှိ…

ကိုဗစ်မှ ပြန်ကောင်းလာသူများ၏ အဆုတ်သည် ဆေးလိပ်သောက်သူများထက် ပိုဆိုးနေကြောင်း လေ့လာတွေ့ရှိ..

ကိုဗစ် ကူးစက်ဖြစ်ပွားပြီး ပြန်လည်ကောင်းမွန်လာသူများ၏ အဆုတ်သည် ဆေးလိပ်သောက်သုံးသူများ၏ အဆုတ်ထက်ပင် ပိုမိုဆိုးရွားနေသည်ကို တွေ့ရှိရကြောင်း အမေရိကန်မှ ဆေးပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။

တက္ကဆက်စ်ပြည်နယ်မှ ကိုယ်ခန္ဓာ ထိခိုက်မှုပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်ဒေါက်တာ Brittany Bankhead – Kendall က ကိုဗစ်ရောဂါမှ ပြန်လည် သက်သာလာသူ လူနာများ၏ အဆုတ်ဓါတ်မှန်၊ ဆေးလိပ်သောက်သုံးသူများ၏ အဆုတ်ဓါတ်မှန်၊ ပုံမှန်ကျန်းမာရေးကောင်းမွန်သူများ၏ အဆုတ်ဓါတ်မှန်များကို နှိုင်းယှဉ်ပြသ၍ ပြောကြားခဲ့ရာတွင် ကိုဗစ်ရောဂါမှ ပြန်လည်ကောင်းမွန်လာသူများ၏ အဆုတ်ဓါတ်မှန် အခြေအနေက အဆိုးရွားဆုံး ဖြစ်နေခြင်း ဖြစ်သည်။

ပုံမှန်ကျန်းမာရေးကောင်းမွန်သူများ၏ အဆုတ်ဓါတ်မှန်သည် အမည်းရောင်များပြည့်နှက်နေပြီး အဆုတ်က လိုအပ်သည့် သာမန်အောက်ဆီဂျင်ပမာဏကို အဆုတ်အတွင်းသို့ ရူသွင်းနိုင်ခြင်းကို ပြသနေသည်ဟုဆိုသည်။ ဆေးလိပ်သောက်သုံးသူများ၏ အဆုတ်ဓါတ်မှန်တွင်မူ အဖြူရောင် မှုံမွားမွားအကွက်အချို့ရှိနေသည်ဟု ဆိုသည်။

(ပုံမှန် ကျန်းမာရေးကောင်းမွန်သူ၏ အဆုတ်)

(ဆေးလိပ်သောက်သုံးသူ၏ အဆုတ်)

ကိုဗစ်ရောဂါမှ ပြန်လည်သက်သာလာသူများ၏ အဆုတ်မှာမူ ဆေးလိပ်သောက်သုံးသူများ၏ အဆုတ်ဓါတ်မှန်ထက်ပင် အခြေအနေ ပိုမိုဆိုးရွားနေပြီး အဆုတ်မျက်နှာပြင် တစ်ခုလုံးနီးပါး ဖြူဖွေးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

(ကိုဗစ်မှ ပြန်လည်ကောင်းမွန်လာသူ၏ အဆုတ်)

ဒေါက်တာ Brittany Bankhead-Kendall မှာ တက္ကဆက်စ်ပြည်နယ်ရှိ ကျန်းမာရေးသိပ္ပံတက္ကသိုလ်မှ လက် ထောက်ပါမောက္ခဖြစ်ပြီး အမေရိကန်တွင် ကိုဗစ် စတင်ကူးစက်ဖြစ်ပွားခဲ့သည့် ၂၀၂၀ မတ်လမှစ၍ ရောဂါပိုးကူးစက်ခဲ့သည့် လူနာထောင်ချီကို ကုသပေးခဲ့သူလည်း ဖြစ်သည်။ ကိုဗစ်မှ ပြန်လည်ကောင်းမွန်လာကြသူများ၏ အဆုတ်တစ်ခုလုံးနီးပါးမှာ ဖြူဖွေးနေကြပြီး အမာရွတ်များ ထင်ကျန်ခဲ့သလို အဆုတ်အတွင်းသို့ အောက်ဆီဂျင် ဝင်ရောက်နိုင်မှု နည်းပါးနေသည်ကို ပြသနေသည်ဟုလည်း ဒေါက်တာက ဆိုသည်။

“ဒါတွေကို ဘယ်သူတွေကြားဖို့ လိုမလဲတော့ မသိပါဘူး။ ဒါပေမယ့် ကိုဗစ်က ပြန်ကောင်းလာသူတွေရဲ့ အဆုတ်ကတော့ ဆေးလိပ်သောက်သုံးလို့ အဆုတ်ပျက်စီးနေတဲ့ ဘယ်သူမဆိုရဲ့ အဆုတ်တွေထက်တောင် ပိုဆိုးတာနေကိုတော့ တွေ့ရပါတယ်” ဟု ပြောပါသည်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် ရောဂါမှ ပြန်လည်သက်သာလာသူများ၏ ရေရှည် အကျိုးသက်ရောက်မှုထက် သေဆုံးမှုနှုန်းကိုသာ ပိုမိုအာရုံစိုက်နေကြသည်ဟုလည်း ဒေါက်တာက ဆိုသည်။

လေ့လာမှုစစ်တမ်းအရ ကိုဗစ် ကူးစက်ခံရသူ လူနာများ၏ နှာခေါင်းမှ အဆုတ်အထိ အသက်ရူလမ်းကြောင်းတစ်လျောက်ရှိ epithelial ဆဲလ်များ ပျက်ဆီးသွားကြသည်ကို တွေ့ရှိရသည်ဟုလည်း သိရသည်။

ဒေါက်တာ Bankhead-Kendall ကမူ “ကိုဗစ်က ပြန် ကောင်းလာတဲ့သူတွေက ပြောလေ့ရှိကြတယ်။ အားလုံးကောင်းနေပြီ။ ဘာပြသာနာမှ မရှိဘူးတဲ့။ ဒါပေမယ့် သူတို့ရဲ့ အဆုတ်ကို ဓါတ်မှန်ရိုက်လိုက်ကြည့်တဲ့အခါ ဓါတ်မှန်က ဆိုးရွားတာကို တွေ့ရတယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။

Be the first to comment on "ကိုဗစ်မှ ပြန်ကောင်းလာသူများ၏ အဆုတ်သည် ဆေးလိပ်သောက်သူများထက် ပိုဆိုးနေကြောင်း လေ့လာတွေ့ရှိ…"

Leave a comment

Your email address will not be published.


*