ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း (တရုတ်မြို့တော်) ကိစ္စ နိုင်ငံတော်သမ္မတရုံး ပြောပြီ

ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း (တရုတ်မြို့တော်) ကိစ္စ နိုင်ငံတော်သမ္မတရုံး ပြောပြီ..

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ဦးစီးဆောင်ရွက်နေသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းသည် “နည်းနည်းလေးရှုပ်တယ်။ ရှုပ်လည်းရှုပ်တယ်။ ထိလွယ်ရှလွယ်လည်း ဖြစ်တယ်” ဟု နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက မနေ့က နေပြည်တော်တွင်ပြုလုပ်သည့် သမ္မတရုံး Press Briefing တွင်ပြောကြားခဲ့သည်။

ရွှေကုက္ကိုလ်စီမံကိန်းနှင့်ပတ်သက်၍ အရေးယူခြင်း၊ ကုစားခြင်း၊ ဖျက်သိမ်းခြင်းစသည့် (၃) ပိုင်းဖြင့် ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဟု ၎င်း ကဆိုသည်။

ဦးဇော်ဌေးက “ရွှေကုက္ကိုလ်ကိစ္စက နည်းနည်းလေးရှုပ်တယ် ထိလွယ်ရှလွယ်လည်း ဖြစ်တယ်။ နည်းနည်းလေးလည်း သိမ်မွေ့တယ်။ တစ်ဘက်ကလည်း ဥပဒေပိုင်းဆိုင်ရာရှိတယ်။ တစ်ဘက်ကလည်း ငြိမ်းချမ်းရေးပိုင်းဆိုင်ရာရှိတယ်။ နောက် တစ်ဘက်ကလည်း ဒီဒေသဖွံ့ဖြိုးရေးကိစ္စရှိသလို တစ်ဘက်မှာဘာရှိလဲဆိုတော့ အဲ့ဒီဒေသမှာ တည်ငြိမ်အေးချမ်းရေးပေါ့နော်။ ဒါလေးတွေချိန်ဆရတယ်။ နောက်တစ်ခု ရှုပ်တာက ဘာသွားရှုပ်လဲဆိုတော့ အရပ်ဘက်ကအုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရမယ့်ကိစ္စရှိသလို တပ်မတော်ဘက်က တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်” ဟု ပြောသည်။

ရွှေကုက္ကိုလ်နှင့်ပတ်သက်၍ နောင်တွင် အလားတူဖြစ်စဉ်မျိုးမဖြစ်စေရန် နယ်စပ်ဒေသများ၌ စီမံကိန်းဆောင်ရွက်သည့်အခါ လိုက်နာရမည့် စံလုပ်ထုံးလုပ်နည်း SOP ကို ရေးဆွဲနေကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

ယင်းအပြင် ရွှေကုက္ကိုလ်ကိစ္စကို ဖြေရှင်းရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် နောက်ဆုံးလမ်းညွှန်ချက်များ ချမှတ်ကြောင်း ၊ ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို သက်ဆိုင်ရာဌာနများကဆောင်ရွက်ရန် ၊ လက်ရှိပြဿနာများကို ဖြေရှင်းရေးနှင့် နောင်အလားတူဖြစ်စဉ်မဖြစ်ပွားရေး SOP ရေးဆွဲခြင်း၊ ယခင်ခွင့်ပြုထားသည့် စီမံကိန်းများအထဲမှ မည်သည့်ကိစ္စကို အရေးယူမည် / မည်သည့်ကိစ္စကို ပြုပြင်မည်/ မည်သည့်ကိစ္စကို အပြီးဖျက်သိမ်းမည် စသဖြင့် အပိုင်း ၃ ပိုင်းနှင့်အညီ အပြီးအပြတ်လုပ်ရန် ၊ ယခုစီမံကိန်းနဲ့ပတ်သက်ပြီး ခွင့်ပြုထားသည့် ခွင့်ပြုချက်များနှင့်ပတ်သက်ပြီး အရေးယူခြင်း/ကုစားခြင်း ချိန်ဆပြီးလုပ်ရန် ၊ ထိခိုက်မှုအနည်းဆုံးဖြစ်ရန် စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဌေး က ဆိုသည်။

ရွှေကုက္ကိုလ်စီမံကိန်းနှင့်ပတ်သက်၍ တာဝန်ရှိသူများကို အရေးယူရန် လမ်းညွှန်ထားပြီး တပ်မတော်ဘက်ကလည်း အရေးယူထားပြီး ပြန်တင်ပြလာမှုများရှိကြောင်း ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ကိစ္စနှင့်ပတ်သက်၍ တပ်မတော်က တာဝန်ယူဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

BGF ၏ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းတွင် မူလက တရုတ်နိုင်ငံသား ၂၇၁၄ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၂၇၈၅ ဦးရှိကြောင်း ၊ ဇန်နဝါရီ ၆ ရက်နေ့အထိ မေးမြန်းထားချက်အရ နေရပ်ပြန်လွှတ်လိုက်သော တရုတ်နိုင်ငံသား ၈၈၈ ဦးအပါအဝင် စုစုပေါင်း နိုင်ငံခြားသား ၈၉၀ ဦးရှိကြောင်း ၊ ယင်းကြောင့် လက်ရှိ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအတွင်း တရုတ်နိုင်ငံသား ၁၈၂၆ ဦးအပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၁၈၉၅ ဦးကျန်ကြောင်း ဦးဇော်ဌေးပြောပြချက်အရ သိရသည်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို BGF နှင့် တရုတ်နိုင်ငံကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် တရုတ်မြို့တော်ဟုပင် တင်စားခေါ်ဝေါ်မှုများရှိကာ လောင်းကစားရုံများရှိနေသည်ကိုတွေ့ရသည်။

ယင်းဒေသသို့ သတင်းသွားရောက်ထောက်လှမ်းခဲ့ဖူးသည့် ခရီးစဉ်တစ်ခုတွင် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအတွင်းသို့ ဝင်လိုက်သည့်နှင့် ဓာတ်ပုံရိုက်ကူးခွင့်များ မရှိတော့ဘဲ BGF ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်လျက်ရှိသည်ကို ကြုံခဲ့ရသည်။

Be the first to comment on "ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း (တရုတ်မြို့တော်) ကိစ္စ နိုင်ငံတော်သမ္မတရုံး ပြောပြီ"

Leave a comment

Your email address will not be published.


*