သမီးလေး ဗစ်တိုးရီးယားအမှုအတွက် Notice ထုတ်ပြန်လိုက်ပါပြီ

သို့/-ဦးထွန်းထွန်းဦးပြည်ထောင်စု ရှေ့နေချုပ်၊ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ရုံးအမှတ် (၂၅)၊ နေပြည်တော်။

စာအမှတ် – ၂/ ၂၀၂၀ (ဗတရယ)ရက်စွဲ – ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်

အကြောင်းအရာ။ ။ ၁၉၀၈ ခုနှစ်၊ တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ အကြောင်းကြားစာ (Notice) ပေးပို့ခြင်း။

ရှေ့နေချုပ်ကြီးခင်ဗျာ –

၁၉၀၈ ခုနှစ် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၈၀ ၏ ခွင့်ပြုချက်အရ Phoe Phyu & Associates Law Firm လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်သူ

ကျွန်တော် ဦးရန်နိုင်အောင် (ခ)ဦးဖိုးဖြူက နေပြည်တော် Wisdom Hill ကျောင်းသူ ကလေး ဗစ်တိုးရီးယားအမှု နှင့်စပ်လျဉ်း၍ အမှန်တရားပေါ်ပေါက်နိုင်ပါရန် နိုင်ငံသားတစ်ဦးအနေဖြင့် အသိပေး မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၁(ဂ) တွင် ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည် ဟူသော ပြဌာန်းချက်အရ

မိမိကိုယ်မိမိ နိုင်ငံသား တစ်ဦးအနေဖြင့် တရားဥပဒေစိုးမိုးပြီး အမှန်တရား ပေါ်ပေါက်အောင် ကူညီဆောင်ကြဉ်းရန် တာဝန်ရှိသည်ဟု ခံယူသည့်အတွက် ဤအကြောင်းကြားစာ ကို မေတ္တာရပ်ခံ ပန်ကြားပေးပို့အပ်ပါသည်။

ပြည်ထောင်စုရှေ့နေချုပ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေပုဒ်မ ၁၂ (စ) တွင် ပြစ်မှုဆိုင်ရာအမှုများကို တရားရုံးသို့ ဥပဒေနှင့်အညီ တရားစွဲဆို တင်ပို့ခြင်း ဟူ၍ လည်းကောင်း၊

ယင်းဥပဒေပုဒ်မ ၁၂ (ဎ) တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံး အဆင့်ဆင့်ရှိ ဥပဒေအရာရှိများအား လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း ဟူ၍ လည်းကောင်း၊

ယင်းဥပဒေ ပုဒ်မ ၁၃(စ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အား လိုအပ် သလို လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း ဟူ၍လည်းကောင်း၊ ပြဌာန်းထားပြီးရှေ့နေချုပ်ကြီးထံ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အတိအလင်း အပ်နှင်းထားသည်ကို လူကြီးမင်း သိရှိပြီးဖြစ်ပါသည်။

အဆိုပါ ကလေးငယ် ဗစ်တိုးရီးယားအမှုတွင် တရားစွဲဆိုခံရသည့် စွပ်စွဲခံရသူ အောင်ကြီး (ခ) အောင်ကျော်မျိုးကို (၁၈.၁၂.၂၀၁၉) ရက်နေ့က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၂) အရ ဒက္ခိဏခရိုင် တရားရုံးက တရားရှင်လွှတ်ခဲ့သည်ကို ရှေ့နေချုပ်ကြီး အသိပင်ဖြစ်ပါသည်။

အဆိုပါအမှုတွင် လိုပြသက်သေ ၂၆ ဦးအနက် လိုပြသက်သေ ၁၉ ဦးအားစစ်ဆေးပြီး စွပ်စွဲခံရသူအား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) အရ တရားရှင် လွှတ်ခဲ့ပါသည်။

တရားရုံးတော်၌ အမှုအား စစ်ဆေး ကြားနာစဉ် ကလေးငယ် ဗစ်တိုးရီးယားက ၎င်းအား မုဒိမ်းပြုကျင့်ခဲ့သူများ၏ အမည်များကို ဓါတ်ပုံနှင့်တကွ ထောက်ပြအတည်ပြု ထွက်ဆိုခဲ့ကြောင်းကို ရှေ့နေချုပ်ကြီးလည်း သိရှိပြီး ဖြစ်ပါသည်။

သို့သော် အမှုစစ်ဆေးသည့်တရားရုံးတော်က အဆိုပါမုဒိမ်းပြုကျင့်ခဲ့သည်ဟုတရားရုံးရှေ့မှောက်ဖေါ်ထုတ်ခံရသူများကို ပူးတွဲတရားခံအဖြစ်လည်းကောင်း၊နောက်တိုးတရားခံများ အဖြစ်လည်းကောင်း၊နောက်တိုးသက်သေအဖြစ်လည်းကောင်း

တစ်နည်းနည်းဖြင့် အမှုတွင်ထည့်သွင်းစစ်ဆေး ကြားနာခဲ့ခြင်း မရှိသကဲ့သို့ ၊အမှုလိုက်ဥပဒေအရာရှိကလည်း ထိုသို့ထည့်သွင်းစစ်ဆေးကြားနာပေးပါရန်လျှောက်ထားခဲ့ခြင်း မရှိသည်ကိုရှေ့နေချုပ်ကြီး အသိပင် ဖြစ်ပါသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၀(၁) (က)(ခ) ပြဌာန်းချက်အရ ရာဇဝတ်တရားသူကြီးသည် ပြစ်မှုမြောက်စေသည့် အကြောင်းခြင်းရာများပါရှိသည့်တိုင်တန်းချက်ကိုရရှိသည့်အခါနှင့် ရဲအရာရှိကစာဖြင့်ရေးသားအစီရင်ခံသည့်အခါ အဆိုပါပြစ်မှုကိုအရေးယူနိုင်ကြောင်းကိုလည်းကောင်းပြဌာန်းထားပြီး၊

ယင်းဥပဒေပုဒ်မအပေါ်အခြေပြုပြီးစီရင်ဆုံးဖြတ်သည့်အမှုစီရင်ထုံးသာဓကတို့အရအမှုစစ်တရားသူကြီးသည်ရဲအစီရင်ခံစာအရပြစ်မှုကိုအရေးယူပြီးနောက် အမှုကိုစစ်ဆေးစဉ်အတွင်း ပြစ်မှုနှင့်ပတ်သက်သောလူတိုင်းအပေါ် အရေးယူနိုင်ကြောင်းကိုလည်းကောင်း၊

တရားရုံးကပြစ်မှုကိုအရေးယူသောအခါတရားစွဲသင့်သည်ဟုထင်မြင်ရသူအားလုံးကိုဆင့်ခေါ်နိုင်သည်။ပြစ်မှုနှင့်ဆက်စပ်သည်ဟု အကျိုးသင့်အကြောင်းသင့်ထင်မြင်သူတို့ကို ပူးတွဲတရားခံအဖြစ်ထည့်နိုင်သည်ဟုလည်းကောင်း၊

တိုင်တန်းချက်အရပြစ်မှုကိုအရေးယူပြီးနောက် ပြစ်မှုနှင့်ပတ်သက်သူများကိုတရားခံအဖြစ်ထည့်နိုင်သည် ဟုလည်းကောင်းစီရင်ထုံးဖွဲ့လမ်းညွှန်မှုအသီးသီးဖြင့် တရားဥပဒေမှာ အခြေတကျတည်ရှိပြီးဖြစ်ကြောင်းရှေ့နေချုပ်ကြီးသိပြီးဖြစ်ပါသည်။

ထိုမျှမက နောက်တိုးတရားခံများအဖြစ်အရေးယူနိုင်ပုံကိုလည်းရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၅၁ (၁) တွင် ဖမ်းဆီးခြင်း သို့မဟုတ် သမ္မာန်စာဖြင့် ဆင့်ခေါ်ခြင်း ခံရသူ မဟုတ်သော်လည်း ရာဇဝတ်တရားရုံးသို့ လာရောက်သည့် မည်သူကိုမဆို သက်သေခံချက်များအရ

၎င်း ကျူးလွန်ခဲ့ပုံပေါ်ပြီး ယင်းတရားရုံးက စစ်ဆေးစီရင်ပိုင်သည့် ပြစ်မှုတစ်စုံတစ်ရာအတွက် စုံစမ်းစစ်ဆေးရန်၊ သို့မဟုတ် စစ်ဆေးစီရင်ရန်ကိစ္စအလို့ငှာ ထိုသူကို အဆိုပါ တရားရုံးက ချုပ်ထားနိုင်သည်။

၎င်းအပြင် ထိုသူကို ဖမ်းဆီးခြင်း သို့မဟုတ် သမ္မာန်စာဖြင့် ဆင့်ခေါ်ခြင်းဖြစ်သကဲ့သို့ ထိုအမှုကို ဆက်လက်ဆောင်ရွက်သွားနိုင် သည်ဟု ပြဌာန်းထားသည်ကိုရှေ့နေချုပ်ကြီးသိပြီးပါသည်။

သို့ပါသော်လည်း ရဲတပ်ဖွဲ့က အောင်ကြီး (ခ) အောင်ကျော်မျိုးကိုစွပ်စွဲပြီးတရားစွဲဆိုတင်ပို့လာစေကာမူအမှုစစ်ဆေးပေါ်ပေါက်ချက်များအရအဆိုပါအမှုတွင်

(၁)ပူးတွဲတရားခံများကို ထည့်သွင်းစစ်ဆေးရန် ပေါ်ပေါက်နေခြင်းနှင့်

(၂)ထိုပေါ် ပေါက်ချက်ကိုမျက်ကွယ်ပြုပြီးပူးတွဲတရားခံအဖြစ်အရေးယူထိုက်သူများကိုရုံးခေါ်သက်သေအဖြစ်ခေါ်ယူမစစ်ဆေးခဲ့ခြင်းသာမက

(၃)ရုံးခေါ်သက်သေအဖြစ်ခေါ်ယူစစ်ဆေးရန်ပျက်ကွက်၍နောက်တိုးတရားခံများအဖြစ်အမှုတွင်အရေးမယူခဲ့ခြင်းအပြင်

(၄) ကျန်သက်သေများကိုလည်းကုန်စင်အောင် မစစ်ဆေးဘဲ အလျဉ်စလိုစီရင်ချက်ချလျှက်အမှုကိုပြီးဆုံးစေခြင်းတို့နှင့်စပ်လျဉ်း၍

ဥပဒေလုပ်ထုံးလုပ်နည်း မညွတ်ခြင်းနှင့်အမှန်တရားကိုဖွေရှာဖေါ်ထုတ်ရန်အားမထုတ်ခဲ့သည့်အတွက်တရားမျှတမှုကင်းနေခြင်းတို့အပေါ် သက်ဆိုင်ရာ ခရိုင်ဥပဒေအရာရှိအနေဖြင့် အမှုအား ရာဇဝတ်ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေ ပါကြောင်း ရှေ့နေချုပ်ကြီးလည်း သိရှိမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရှေ့နေချုပ်ကြီးအနေဖြင့် ကလေးငယ် ဗစ်တိုးရီးယား၏ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရား ဥပဒေ စိုးမိုးရေးအတွက် မန္တလေးတိုင်းဒေသကြီး ဥပဒေရုံး၊ မန္တလေးခရိုင် ဥပဒေရုံးနှင့် ဒက္ခိဏခရိုင် ဥပဒေရုံးများရှိ ဥပဒေအရာရှိများကို

၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရှေ့နေ ချုပ် ဥပဒေ၏ခွင့်ပြုထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး တရားဥပဒေနှင့်အညီ ရာဇဝတ်ပြင်ဆင်မှု ဖွင့်လှစ်နိုင်ရန်အတွက် လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ဤမေတ္တာရပ်ခံ ပန်ကြားသည့်အကြောင်းကြားစာ ပေးပို့ချိန်မှစ၍ (၂) လအတွင်း ရှေ့နေချုပ်ကြီး အနေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိပါက တရားဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့် ဦးရန်နိုင်အောင် (ခ) ဦးဖိုးဖြူ

LL.M in International Trade and Commercial Law

University of Essex, UK (Candidate)

အထက်တန်းရှေ့နေ (စဉ်-၂၃၈၁၅/၂၂.၆.၂၀၀၅)

Phoe Phyu & Associates Law

အမှန်တရားဘက်တော်သားဂရု

ခွန် ဇော် ရဲနောင်

Be the first to comment on "သမီးလေး ဗစ်တိုးရီးယားအမှုအတွက် Notice ထုတ်ပြန်လိုက်ပါပြီ"

Leave a comment

Your email address will not be published.


*