ကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူရန် နိုင်ငံတော်မှ တရာဝင် အလှူခံပြီ

ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ လှူဒါန်းချင်တဲ့သူတွေအနေနဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကဖွင့်ထားတဲ့ ဘဏ့်အကောင့်တွေထဲကို ထည့်ဝင်လှူဒါန်းနိုင်ပြီလို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသည် ကိုဗစ် ကာကွယ်ဆေးများ ဝယ်ယူနိုင်ရန် နိုင်ငံတော်မှ ကျပ် (၃၃၈) ဘီလီယံခန့်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း (၂၅၀) နှင့် မြန်မာငွေကျပ် သန်း တစ်ထောင် တို့ကို မတည် ရံပုံငွေအဖြစ် ထည့်သွင်းထားပြီး ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းလိုသော ပြည်သူများ၊ အဖွဲ့အစည်းများ အနေဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေး ကြေညာထားသည်။

ကိုဗစ် ကာကွယ်ဆေးဝယ်ဖို့အတွက် ဆပ်ကော်မတီကို ဒီဇင်ဘာလကုန်ပိုင်းမှာဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီဟာ နေပြည်တော်က မြန်မာ့စီးပွားရေးဘဏ်မှာ အကောင့်တွေဖွင့်ခဲ့တာလို့ သိရပါတယ်။

နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယံနဲ့ ညီမျှတဲ့ ကန်ဒေါ်လာ သန်း (၂၅၀) ကို စတင်ထည့်သွင်းပေးထားပြီး မြန်မာကျပ်ငွေ စာရင်းအမှတ် OA 013733 မှာ မတည်ငွေ ကျပ်သန်း (၁၀၀၀) စထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒါကြောင့် လှူဒါန်းလို့တဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံခြားငွေစာရင်းအမှတ်နဲ့ မြန်မာကျပ်ငွေစာရင်းအမှတ်ထဲကို ထည့်ဝင်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

ထို့အပြင် ညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၆ နဲ့ ငွေတိုက်ဦးစီးဌာန ၀၆၇-၃၄၁၀၁၅၈ တို့ကိုလည်း ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ ကိုဗစ်ကာကွယ်ဆေးကို တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကနေ ဝယ်ယူဖို့ စီစဉ်နေပါတယ်။

Be the first to comment on "ကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူရန် နိုင်ငံတော်မှ တရာဝင် အလှူခံပြီ"

Leave a comment

Your email address will not be published.


*