ကိုဗစ် ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် အကျိုးအမြတ်မယူဘဲ ငွေကြေးစိုက်ထုတ်ပြီး အစိုးရ၏ လမ်းညွှန်စီမံမှုအောက်တွင် ဆောင်ရွက်သွားမည်ဟု ဦးဇော်ဇော်ပြော
ကိုဗစ် ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်သော်လည်းကောင်း၊ လုပ်ငန်းရှင်များအားလုံးနှင့် ပူးပေါင်း၍သော်လည်းကောင်း အကျိုးအမြတ်မယူဘဲ ငွေကြေးစိုက်ထုတ်ပြီး နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီမံမှုအောက်တွင် စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊
၂၀၂၀ခုနှစ်အတွင်း ဧရာဝတီဖောင်ဒေးရှင်း၏ ဆောင်ရွက်မှု အစီရင်ခံစာတွင် ဥက္ကဌဦးဇော်ဇော်က ထည့်သွင်းပြောကြားထားသည်။
“တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေ ပေါင်းစပ်ကြိုးပမ်းခဲ့မှုနဲ့အတူ ဧရာဝတီစင်တာအနေနဲ့ ကိုဗစ်လူနာပေါင်း (၁၀,၀၀၀)ကျော်ကို လက်ခံကုသပေးနိုင်ခဲ့ပြီး (၂၀,၀၀၀)ကျော်ကို ပိုးရှိမရှိ စစ်ဆေးပေးနိုင်ခဲ့ပါတယ်” ဟု ဦးဇော်ဇော်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ပထမလှိုင်းအတွင်း ကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီး အခြားတစ်ဖက်တွင်လည်း ပရဟိတကျောင်းနှင့် ဘိုးဘွားရိပ်သာများ၊ စစ်ဘေးရှောင်စခန်းများအတွက်ပါ စားနပ်ရိက္ခာနှင့် လိုအပ်သည့် အထောက်အပံ့များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
ကိုဗစ် ဒုတိယလှိုင်းအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ICU ၊ HDU နှင့် Test & Care Centre များ ပါဝင်သော ရန်ကုန်တွင် ခုတင် (၁,၀၀၀)ဆံ့၊ မန္တလေးတွင် ခုတင် (၃၇၅)ဆံ့ ကုသရေးဌာန များကိုလည်း တည်ဆောက်ပံ့ပိုးကူညီပေးလျက်ရှိကြောင်းလည်း သိရသည်။
ယခုအချိန်ထိ ကုသရေးဌာန များတွင် တက်ရောက်သူပေါင်း တစ်သောင်းကျော်ခန့်ကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အခြားလိုအပ်သော နေရာများတွင်လည်း ဆေးရုံသုံးပစ္စည်းများ၊ ကာကွယ်ကုသရေးအသုံးအဆောင်များ၊ အလှူငွေများကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ် ကပ်ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း ကပ်ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် အလှူရှင်များ စုပေါင်းကာ ငွေကျပ်စုစုပေါင်း (၂၁.၂)ဘီလျံကျော်ဖြင့် မတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Be the first to comment on "ဝမ်းသာစရာပါ ဦးဇော်ဇော်မှ တစ်နိုင်ငံလုံးက ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ဖို့ကြိုးစားနေပါပြီ"