လာမည့် လေးလ အတွင်း အချိန်အခါ မဟုတ် စီးပွားဖျက်မိုးများ ရွာနိုင်မည် (‌တောင်သူများ သတိထားရန်လို)

ဒီနှစ် ၂၀၂၁ နှစ်ဝက်ကာလက ၂၀၁၈ လိုဘဲ လာနီညာ သက်ရောက်မှု ရှိသော နှစ်ဖြစ်နေပါတယ်။ ဒီနေရာမှာ ကြိုတင်သိရှိနိုင်စေလိုသော အချက်အလက်များ အခြေအနေများကို ဆွေးနွေး အသိပေးလိုပါတယ်။ ရက်ရှည်ခန့်မှန်းချက်များက ပြဆိုနေတာက ၂၀၂၁ ဇန်နဝါရီလနဲ့ ဧပြီလတွေမှာ ဧရာဝတီတိုင်း အရှေ့ခြမ်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းများတွင် မိုးအသင့်အတင့်မှ တချို့နေရာများတွင် တလက်မခွဲ လောက်အထိ ရွာနိုင်ကြောင်း တွက်ချက် ထားကြပါတယ်။

ရက်ရှည်ခန့်မှန်းချက် ဖြစ်လို့ အနီးကပ်ရောက်လာရင်တော့ အနည်းငယ် ကွဲလွဲနိုင်ပါသေးတယ်။ အပတ်စဉ် ခန့်မှန်းချက်များနဲ့ ဖြည့်စွက် အသိပေးသွားမှာ ဖြစ်ပါတယ်။ဒီနေရာမှာ အသိပေးမျှဝေလိုတာက မိုးရွာလေ့မရှိတဲ့ လများ ဇန္နဝါရီလလယ်နောက်ပိုင်းမှ ဖေဖေါ်ဝါရီလ မတ်လ ဧပြီလ လယ် ကာလအတွင်း မိုးရွာနိုင်စေတဲ့အကြောင်းတရားများဖြစ်ပါတယ်။အဲဒီအချိန်ဟာ မုတ်သံလေ မဝင်ရောက်သေးလို့ မုတ်သုန်မိုး မဟုတ်သေးဘဲ ချိန်ခါမဟုတ်မိုးနဲ့ မိုးကြိုမိုး (အပူပျံတက်မိုး) များသာ ဖြစ်ပါတယ်။ ဒီလို မိုးမျိုး ရွာဖို့ဖိုရင်

၁။ ပင်လယ်ရေအပူချိန်က ပုံမှန်လ အလိုက် အပူချိန်ပမာဏထက် ပိုနေရပါမယ်။ (ဒါကတော့ ယခုလာနီညာကြောင့် ဘင်္ဂလားပင်လယ်ရေကပူနွေးနေပါတယ်။ ပစိဖိတ် သမုဒ္ဒရာအလယ်ကတော့ ပင်လယ်ရေအေးနေပါတယ်။)၂။ ဘင်္ဂလားပင်လယ်နွေးမှုကြောင့် ရေငွေ ပျံနှုန်းမြန်ပြီး များလာနေစေပါတယ်။ ဒါက တိမ်ဖြစ်ထွန်းမှု များစေပြီး လေဖိအားနည်း ရပ်ဝန်းများ၊ မုန်တိုင်းငယ်များ ဖြစ်စေနိုင်ပါတယ်။ သူတို့ကြောင့် မိုးပမာဏ များများ မြန်မာကမ်းရိုးတန်းမှာ မိုးရွာစေနိုင်ပါတယ်။၃။ ပင်လယ်ရေပူးနွေးပြီး ရေငွေပျံနှုန်း မြင့်နေလို့ အခြားနေရာများက လေပွေလှိုင်းတွေဟာ ဘင်္ဂလားပင်လယ်ထဲကို အလွယ်တကူ တိုးဝင်လာနိုင်ပြီး လေပွေလှိုင်း ဖြတ်သန်းရာ အနီးတဝိုက် မိုးအနည်းအများ ရွာစေနိုင်ပါတယ်။

ဒီနှစ် ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီလတွေမှာ အထက် ပါ ဖြစ်စဉ် (၃) ရပ်နဲ့ ချိန်ခါမဟုတ် မိုးရွာနိုင်တာကို သတိပြုစေဖို့ အသိပေးတင်ပြလိုပါတယ်။ (စိုက်ပျိုးရေးသမားများ ခရီးသွားများ ရေလုပ်သားများ ဆားသမားများ အထူးအလေးထားစေလိုပါတယ်။)လာမဲ့ရက်သတ္တပါတ်ကတော့ တနင်္သါရီအစွန်းမှာ မိုးအနည်းရွာနိုင်တာကလွဲလို့ တပြည်လုံးသာယာပြီး ဆောင်းအအေးဓါတ်ကို ဆက်လက်ခံစားနေရမှာ ဖြစ်သော်လည်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ အအေးပေါ့ပြီး တိမ်တချို့ ဖြစ်ထွန်းနိုင်ပါတယ်။ ဒါ့အပြင် နံနက်ပိုင်းတွင်လည်း မြူထူများ ဆိုင်းနိုင်ပါသေးတယ်။ နောက်တပါတ်မှာထပ်မံတင်ပြပါမယ်။

U Chit Kyaw

Be the first to comment on "လာမည့် လေးလ အတွင်း အချိန်အခါ မဟုတ် စီးပွားဖျက်မိုးများ ရွာနိုင်မည် (‌တောင်သူများ သတိထားရန်လို)"

Leave a comment

Your email address will not be published.


*