အီရန် စ၍ မွှေပါပြီ၊ အမေရိကန်က လေယာဉ်တင်သင်္ဘောအုပ်စုကို အရှေ့အလယ်ပိုင်းဒေသဆီ လွှတ်ပြီ

အီရန် စ၍ မွှေပါပြီ..

အီရန်နိုင်ငံက ၂၀၁၅ နျူကလီးယားသဘောတူ ညီချက်စာချုပ်ကို မလိုက်နာတော့ဘဲ ယူရေနီ ယံသန့်စင်မှု ရာခိုင်နှုန်းကို ၂၀% အဆင့်အထိ တိုးမြှင့်လုပ်ဆောင်သွားမည့် အစီအစဥ်ကို စတင် အကောင်အထည်ဖော်ပါပြီလို့ မနေ့က ဇန်နဝါရီ ၄ ရက်မှာ အတည်ပြုပြောကြားလိုက်သည့်အပေါ် ကမ္ဘာ့နိုင်ငံများတို့က စိုးရိမ်မကင်းရှိနေကြပါသည်။

ထို့အပြင် သမ္မတထရမ့်အမိန့်ဖြင့် အီရန် ဗိုလ်ချုပ်ကို လုပ်ကြံခဲ့မှု တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား၌ အီရန်ခေါင်းဆောင်က မဖြစ်မနေ လက်စားချေမှုတွေလုပ်သွားမည့် အရိပ်အယောင်ပြ စကားတွေလည်း ပြောကြားသွားခဲ့ပါသည်။ အီရန်ဟာ (အမေရိကန်နှင့်တင်းမာမှုတွေ ရှိနေချိန်မျိုး၌) ဇန်နဝါရီ ၄ ရက်မှာ တောင်ကိုးရီးယားအလံ လွှင့်တင်ထားသည့် ရေနံတင်သင်္ဘောတစင်းအား ပါရှန်ပင်လယ်ကွေ့၌ ဖမ်းဆီးထားလိုက်ပြီလို့ အတည်ပြု​ပြောကြားခဲ့ပါသည်။ အီရန်ရဲ့ ခြိမ်းခြောက်မှုများနှင့် အမျက်စောင်မှု အန္တရာယ်က ၂၀၂၁ ခုနှစ်ထဲ၌ အထူးသတိထားစောင့်ကြည့်ရမည့် အကြောင်း အချက်အဖြစ်ရှိနိုင်ပါသည်။ (KoNayNay)

အမေရိကန်နိုင်ငံမှာ..

အမေရိကန် လေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းဒေသဆီ ပြန်သွားခိုင်းဖို့ သမ္မတထရမ့်က ယာယီကာကွယ်ရေးဝန်ကြီး Christopher Miller ကို အမိန့်ပေးလိုက်ပါတယ်။ အီရန်နဲ့ အခြေအနေတင်းမာနေစဉ် မနေ့ညက ကျင်းပတဲ့ အိမ်ဖြူတော်အစည်းအဝေးအပြီးမှာ အခုလို အမိန့်ပေးလိုက်တာလို့ အဆင့်မြင့် ကာကွယ်ရေးသတင်းရပ်ကွက်တခုက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကာကွယ်ရေးဝန်ကြီး Miller ရဲ့ မူလအမိန့် လေယာဉ်တင် သင်္ဘောအုပ်စု USS Nimitz ရှိရင်းဒေသကနေ အိမ်ပြန်လာဖို့ ညွှန်ကြားချက်ကို အရေးပေါ် အခြေအနေအရ ပြောင်းပြန်လှန်လိုက်တာဖြစ်ပါတယ်။ ပင်တဂွန်အဆင့်မြင့်အရာရှိတွေကတော့ သမ္မတအသစ် ဘိုင်ဒန် တာဝန်ယူဖို့ သီတင်း နှစ်တပ်ကျော်ပဲလိုတဲ့အချိန်မှာ ဒီလေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းမှာပဲ ဆက်ထားသင့်တယ်။ အာဏာအလွဲအပြောင်းမတိုင်မီ အီရန်နဲ့ တင်းမာမှုဖြစ်နိုင်တဲ့အတွက် ဒီလိုထားသင့်တယ်လို့ ပြောပါတယ်။

အီရန်က တောင်ကိုးရီးယား အလံတင် ရေနံတင်သင်္ဘောတစီးကို ဖမ်းဆီးလိုက်ခြင်းနှင့် ယူရေနီ ယံသန့်စင်မှု ရာခိုင်နှုန်းကို ၂၀% အဆင့်အထိ တိုးမြှင့်လုပ်ဆောင်သွားမည့် အစီအစဥ်.. ဒီဖြစ်စဉ် နှစ်ခုစလုံးဟာ အီရန်စစ်ဗိုလ်ချုပ် Qasem Soleimani လုပ်ကြံခံရမှု နှစ်ပတ်လည်နေ့ ဝန်းကျင်မှာ အချိန်ကိုက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါကြောင့် အီရန်နဲ့ အမေရိကန်တို့အကြား အခြေအနေတွေ ပိုတင်းမာလာနိုင်တယ်လို့ အကဲခတ်တွေက ပြောဆိုနေပါတယ်။

Be the first to comment on "အီရန် စ၍ မွှေပါပြီ၊ အမေရိကန်က လေယာဉ်တင်သင်္ဘောအုပ်စုကို အရှေ့အလယ်ပိုင်းဒေသဆီ လွှတ်ပြီ"

Leave a comment

Your email address will not be published.


*