KNU ကပြတ်တယ် တရားဝင်အစိုးရမဟုတ်လို့ ငြိမ်းချမ်းရေး ကမ်းလှမ်းခွင့်မရှိ ၊တက်ရောက်မည်မဟုတ်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းခွင့် မရှိသလို ၊ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် မူလသဘောထားအတိုင်း ဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ဟု KNUပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယနေ့တွင်ပြောသည်။

ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို ကိုယ်တိုင်တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

“စကစဟာ အကြမ်းဖက်အာဏာသိမ်းခဲ့တာကြောင့် တရားဝင်တဲ့ အဖွဲ့အစည်းမဖြစ်တာနဲ့အညီမည်သည့်တရားဝင်နိုင်ငံရေးဆွေးနွေးပွဲကို မှခေါ်ပိုင်ခွင့်မရှိသလို ၊ဒီလိုနိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ထိုက်တန်တဲ့လူတွေမဟုတ်ပါဘူး”ဟု ပဒိုစောတောနီးကပြောသည်။

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် စတင်ဖိတ်ခေါ်ကတည်းက တက်ရောက်ဆွေးနွေးမှာ မဟုတ်ကြောင်းပြောကြားထားပြီး ယင်းဆုံးဖြတ်ချက်ကို ပြောင်းလဲပြင်ဆင်မှာမဟုတ်ဘူး ဟု ၎င်းကဆက်လက်ပြောသည်။

စစ်ကောင်စီခေါင်းဆောင် ၏ ဖိတ်ခေါ်ချက်တွင် တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် အများအနေဖြင့် မနက်ဖြန် မေလ ၉ ရက်နေ့တွင် နောက်ဆုံးထားအကြောင်းကြားရန်လည်း ထည့်သွင်းပြောဆိုထားသည်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA- PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တို့အနေဖြင့် အဆိုပါအစည်းဝေးသို့ တက်ရောက်မည်ဟု စာရင်း ပေးသွင်းထားသည်။

သို့သော်လည်း အင်အာကြီး လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော်KIA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ရက္ခိုင့်တပ်တော်AA၊တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က တက်ရောက်မည်မဟုတ်ဟု ထုတ်ပြန်ပြောဆိုထားသည်။

ပြည်တွင်း ပြည်ပ နိုင်ငံရေးလေ့လာသူများကတော့ ထိပ်တိုက်တွေ့ဆုံနေသော အဖွဲ့အစည်းနှင့် အင်အားကြီးလက်နက်ကိုင် အဖွဲ့များ ပါဝင်ခြင်းမရှိသည့်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအောင်မြင်မည်မဟုတ်ဟု သုံးသပ်ပြောဆိုထားကြသည်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဝဲ) သည် မအလ နှင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပုံ ဟောင်းဖြစ်သည်။

Source – သံလွင်ခက်

Be the first to comment on "KNU ကပြတ်တယ် တရားဝင်အစိုးရမဟုတ်လို့ ငြိမ်းချမ်းရေး ကမ်းလှမ်းခွင့်မရှိ ၊တက်ရောက်မည်မဟုတ်"

Leave a comment

Your email address will not be published.


*