ဘလင်ကန်၊ သီတာ နှင့် NUG ၏ ကြီးမားသော ခြေလှမ်း

စစ်ကိုင်း တိုင်း အတွင်း ကနီ နှင့် မင်းကင်း မြိုနယ်များတွင် ချင်းတွင်း မြစ်ကြောင်းတလျှောက် စုန်ဆင်းလာသော စစ်ကောင်စီ ၏ ရေယာဉ် သုံးစင်းအား ဒေသခံ PDF များက သုံးရက်ဆက်တိုက် ရေအောက်ဗုံးများ သုံး၍ ဖျက်ဆီး ပြစ်နိုင်ခဲ့ကြသည်။

အဆိုပါ စစ်သင်္ဘောများသည် ကချင်ပြည်နယ်မှ ကျောက်စိမ်းများ သယ်ဆောင်လာသည့် ဖောင်များကို အစောင့် အဖြစ် လိုက်ပါလာခြင်းလည်း ဖြစ်သည်။

ဤသည်ကို ကြည့်ခြင်းဖြင့် စစ်ကောင်စီ အကြမ်းဖက်တပ်များ အပေါ် ဆင်နွှဲနေသော ခုခံ တွန်းလှန်ရေး စစ်ပွဲမှာ အရှိန်မြင့်လာပြီး ကျစ်လစ် ခိုင်မာ လာနေပြီ ကို ပြဆိုလျှက် ရှိနေသည်။

အာဏာသိမ်း အဖွဲ့သည် မဖြစ်နိုင်သည်များကို ဖြစ်လာနိုး နှင့် အတင်း အဓမ္မ လိုက်လံ ဖန်တီးနေကြရသည့် အခြေ ဆိုက်လာပြီ ဖြစ်၍ ပြည်သူများဖက်က မိမိကျရာ နေရာမှ တော်လှန်ရေး အသိ စိတ်ဓါတ် အလံကြီးကို ကြံ့ကြံ့ခံ၍ ဆက်လက် လွှင့်ထူ ထားဖို့သာ လိုပေတော့သည်။

စစ်ကောင်စီ သည် ပြည်သူများ အား နေ့စဉ်လို ပစ်ခတ် သတ်ဖြတ် နေသည့် ၎င်းတို့၏ လုပ်ရပ်များ အတွက် ဝါဒ ဖြန့်ချီရေး ယန္တရား အဖြစ် ပါးနပ်စွာ လုပ်ဆောင်လာသည့် လုပ်ရပ်တခု အဖြစ် မန္တလေးတွင် ၎င်းတို့လက်ချက် ဖြင့် သေဆုံးသွားသော ကိုယ်ဝန် လေးလရှိ သူနာပြုဆရာမတဦး နှင့် ခင်ပွန်းဖြစ်သူတို့၏ မိသားစုကို သွားရောက် တွေ့ဆုံပြီး လျှော်ကြေး ပေးလာခဲ့ခြင်းပင် ဖြစ်သည်။

ဤလုပ်ရပ်သည် ပေါ့ပေါ့တန်တန် ပြုလုပ်ခဲ့ခြင်း မဟုတ်၊ ၎င်းတို့ သတ်ဖြတ်ခဲ့သည့် လူ ၁,၃၀၀ ကျော်တွင် ထိုလင်မယား နှစ်ယောက်သည်သာ မှားယွင်းစွာ ပစ်ခတ်ခံရသော အပြစ်မဲ့ ပြည်သူ များသာ ဖြစ်သည်။

မိမိတို့ အမှားကို မိမိတို့ တာဝန်ယူမည်၊ ကျန် လူများသည် အကြမ်းဖက် သမားများသာ ဖြစ်သည်၊ ၎င်းတို့ကြောင့် အပြစ်မဲ့ ပြည်သူများ အသတ်ခံနေရသည် ဆိုသည်များ မှာ ကောလာဟလ များဖြစ်သည် ဆိုပြီး တပ်တွင်းတွင် စိတ်ဓါတ်များ ကျဆင်းလာမှုကို တန်ပြန်နိုင်ရန် ပြုလုပ်လာသည့် ဝါဒဖြန့်ချီမှု ကြီးပင် ဖြစ်သည်။

သို့သော် တဖက်တွင် နိုင်ငံတဝှမ်း သန်းချီရှိနေပြီ ဖြစ်သော အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသော ပြည်သူများ အတွက် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ပေးနေသည့် လမ်းကြောင်းများကို ပိတ်ဆို့ခြင်း၊ ကယ်ဆယ်ရေး အဖွဲ့ဝင် များကို တိုက်ခိုက်ခြင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် စာနာစိတ် ကင်းမဲ့စွာ လုပ်ဆောင်နေကြောင်း လူ့အခွင့် အ‌ရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ HRW မှ ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ အား ဥပဒေမဲ့ စွပ်စွဲချက်များ နှင့် ပြစ်ဒဏ်စီရင်ခဲ့ခြင်း အတွက် အမေရိကန်၊ ဗြိတိန် နှင့် ကနေဒါတို့မှ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု များ ထပ်မံ ပြုလုပ်လာခဲ့သော်လည်း အီးယူ ဖက်မှ ထိုသို့ ပြုလုပ် ခဲ့ခြင်း မရှိသေးသည့် အတွက် စစ်ကောင်စီ အား တက်လာအောင် ပြုလုပ်သလို ဖြစ်နေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အီးယူ နိုင်ငံခြားရေး နှင့် လုံခြုံရေး ဆိုင်ရာ မဟာမင်းကြီး ဂျိုးဇက် ဘောရယ်မှ ကြေညာ ချက် ထုတ်ပြီး ရှုတ်ချပြောဆိုခဲ့သည့် အဆင့်သာ ရှိပေသေးသည်။

အီးယူသည် စစ်ကောင်စီ အား လွန်ခဲ့သည့် ခြောက်လ ခန့်က အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သော် လည်း ယခု အခါ မည်သည့် လှုပ်ရှားမှုများ ထပ်မံ မတွေ့ရသေးသည့် အတွက်ကြောင့်လည်း ဖြစ်သည်။

လေ့လာ စောင့်ကြည့်သူများက စစ်ကောင်စီ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် နိုင်ငံတကာ ငွေလွှဲ မှုများကို ပိတ်ပင် ခြင်းတို့ ပြုလုပ်ရန် ရှိနေသေးသည်ဟု ထောက်ပြလာခဲ့ကြသည်။ အာဆီယံ ၏ ပုံရိပ်သည် ဟွန်ဆန် ၏ ဦးဆောင် မှု အောက်တွင် ကျဆင်းလာဖွယ် ရှိနေ၍ လက်ရှိ အီးယူ၏ မူ တခု ဖြစ်သည့် မြန်မာ အရေးအား ဖြေရှင်းရန် အာဆီယံ ၏ ဦးဆောင်မှု နောက်တွင် ရပ်တည်နေဆဲ ဖြစ်သည်ကိုလည်း ဝေဖန် ပြောဆိုလာနေပြီ ဖြစ်သည်။

အာဆီယံသည် မင်းအောင်လှိုင် ကို အစည်းအဝေးများ မှ ထုတ်ပယ်ပြစ်ခဲ့သည်ကလွဲ၍ အခြား တိုးတက်မှု တစုံတရာ မတွေ့ရသေးပေ။ အာဆီယံ ဥက္ကဌ အနေဖြင့် ဟွန်ဆန် ၏ မြန်မာ ပြည်သူ တရပ်လုံးအပေါ် စော်ကား မော်ကား ပြုလုပ်လာမည့် အရေးကို ဟန့်တားနိုင်ရန် အရေးပေါ် အစည်းအဝေး တရပ် အမြန် ခေါ်ယူ ဟန့်တား သင့်နေပြီ ဖြစ်သည်။

စစ်ကောင်စီအား နိုင်ငံတကာ မှ ကျယ်လောင်စွာ ဝေဖန်လာမှုများ တိုးမြင့်လာနေပြီ ဖြစ်သည့် အတွက် အစိုးရ များမှ မဖြစ်မနေ တခုခု လုပ်ရတော့မည့် အနေအထား ရောက်ရှိလာနေပြီလည်း ဖြစ်သည်။

လက်ရှိတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်သည် တရုတ် နှင့် မြန်မာ အရေး အတွက် အာဆီယံ နိုင်ငံများသို့ ခရီးလှည့်လည်မှု အစီအစဉ် စတင်လာပြီး ဂျကာတာ သို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။

တရုတ်နိုင်ငံရဲ့ ဒေသတွင်း ဩဇာချဲ့ထွင်မှုကိုတန်ပြန်ဖို့အတွက် ဝါရှင်တန် ကြိုးပမ်းမှုအနေနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်က သွားရောက်လည်ပတ်တာဖြစ်ပါတယ်။

မလေးရှား နှင့် ထိုင်း နိုင်ငံများသို့ ဆက်လက် သွားရောက်မည် ဖြစ်ပြီး မြန်မာ အရေးသည် ဆွေးနွေးရမည့် အကြောင်းအရာများ တွင် ထိပ်ဆုံးက ပါလာနေပြီ ဖြစ်သည်။ ထိုင်းအစိုးရသည် မြန်မာအရေး အပေါ် အမေရိ ကန်နှင့် အတူ ရပ်တည်ရန် လိုလိုလားလား ရှိပုံမရသေးဟု ယူဆရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရသည်သာ တရားမျှတမှု၊ လွတ်လပ်မှု နှင့် လူဂုဏ် သိက္ခာ နှင့် အညီ နေထိုင် သွားနိုင်မှု တို့အတွက် မြန်မာပြည်သူတို့၏ တခုတည်းသော မျှော်လင့်ချက် ဖြစ်သည် ဆိုသည်ကို လက်ခံလာ ကြပြီ ဖြစ်၍ တာဝန်သည် ကြီးသည်ထက် ကြီးမားလာနေပြီ ဖြစ်သည်။

ထို့ အတွက် အရေးပါသော ခြေလှမ်း တရပ်အဖြစ် ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ငွေပေးချေမှု စနစ်များ ပိုမို ကောင်းမွန်လာစေရန် ဆိုကာ ဒီဂျစ်တယ် ငွေကြေး တခုအဖြစ် Tether (တယ်သာ) ၏ အမေရိကန် ဒေါ်လာဖြင့် ကျားကန်ပေးထားသော Stable coin ကို ပြည်တွင်း သုံးစွဲမှု အတွက် တရားဝင် အသိအမှတ် ပြုကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့ သည်။

စီးဝင်လာသည့် ငွေသားများကို အပေါင် အာမခံ အဖြစ် ထားရှိပြီး တယ်သာ လက်မှတ်များနှင့် သုံးစွဲ သွားနိုင်ရန် အတွက် ဖြစ်သည်။ နောက်ပိုင်းတွင် ငွေတိုက် စာချုပ်များကိုလည်း တယ်သာ ဖြင့် ရောင်းချသွား နိုင်ရန် စီစဉ်လျှက် ရှိသည်။ လက်ရှိတွင် တယ်သာ တွင် အာမခံငွေများ အဖြစ် ကမ္ဘာတဝှမ်းက အာမခံထား သုံးစွဲနေသော ငွေပမာဏ သည် ဒေါ်လာ ၃၀ ဘီလီယံ ခန့် ရှိနေပြီဟု သိရသည်။

သို့သော် အဆိုပါ ငွေကြေးများ အတွက် အာမခံအဖြစ် တယ်သာ တွင် ထားရှိသော အရံငွေများ ကို အသုံးပြု၍ တရုတ် ကုမ္ပဏီများ ကို ငွေထုတ်ချေး မှု များ ပြုလုပ်ခဲ့သည် ဆိုသော စွပ်စွဲချက်များလည်း ထွက်ပေါ်လာခဲ့သည်။

တယ်သာ ၏ USDT သည် အမေရိကန် ဒေါ်လာ နှင့် ၁း၁ အချိုးဖြင့် သတ်မှတ်ထား၍ ဘဏ်လုပ်ငန်းများကို အားကိုးစရာ မလိုဘဲ ကုန်သွယ်မှုတွင် ငွေပေးချေနိုင်သည့် crypto currency တခု လည်း ဖြစ်သည်။

NUG အဖို့ လည်း အဆိုပါ ငွေကြေးကို အသုံးပြု၍ လိုအပ်နေသမျှ ကို ဝယ်ယူနိုင်တော့မည် ဖြစ်၍ တော်လှန်ရေး အတွက် ကြီးမားသော ခြေလှမ်းကြီး လှမ်းလာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တယ်သာ အား သီတာ ဟုပင် အလွယ် ခေါ်ယူ သုံးစွဲနေကြပြီ ဖြစ်သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai

Be the first to comment on "ဘလင်ကန်၊ သီတာ နှင့် NUG ၏ ကြီးမားသော ခြေလှမ်း"

Leave a comment

Your email address will not be published.


*