မန္တလေးတွင်စစ်ကား ၂ စီး အချင်းချင်းတိုက်သည့်(ရုပ်သံ)

အောက်ဆုံးတွင် ဗီဒီယိုဖိုင်တင်ပေးထားပါသည်။

ယနေ့ နိုင်ငံတဝန်း ပြည်သူများ အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်တော်လှန်ရေး Silent Strike ဆင်နွှဲနေချိန် မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၈ လမ်းထောင့်တွင် မွန်းလွဲ ၂ နာရီခန့်၌ စစ်ကောင်စီ ကား ၂ စီး အချင်းချင်းတိုက်မိပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓါတ်ပုံတွင် ၃၅ လမ်းပေါ်၌ Double Cab အမျိုးအစား စစ်ကား ၁ စီးရပ်ထားပြီး စစ်သား ၂ ဦးမှာ ကားလမ်းမပေါ် လဲနေကာ အခြားစစ်သား ၃ ဦးမှာ လမ်းပေါ် ပြန့်ကျဲနေသော သေနတ်များနှင့် အသုံးအဆောင်များ လိုက်လံကောက်ယူနေသည်ကို တွေ့ရှိရသည်။

စစ်ကောင်စီ ကားနှစ်စီး အချင်းချင်းတိုက်မိတဲ့ ဖြစ်စဉ်ကြောင့် ကားပေါ်ပါ စစ်ကောင်စီတပ်သား ၄ ဦး ပြင်းထန် ဒဏ်ရာ ရရှိသွား‌ကြောင်း သိရသည်။

Silent Strike အသံတိတ်သပိတ်ကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး အဆိုပါအချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ လူသွားလမ်းများပေါ်တွင် ရှိနေခြင်းဖြစ်သည်။

ဒါ့အပြင် နိုင်ငံတဝန်း ယနေ့ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်နေချိန် လူတစုက ရန်ကုန်မြို့ လမ်းမများပေါ် နေ့လယ်ပိုင်းက ထွက်လာပြီး တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။

ယနေ့ ပြုလုပ်သည့် “တိတ်ဆိတ်ခြင်းက အကျယ်လောင်ဆုံး ဟစ်ကြွေးသံ” ဟူသော Silent Strike တွင် နိုင်ငံတဝန်းမှ ပြည်သူများက ဈေးမဖွင့်၊ ကားမရှိ၊ လူမရှိ အသွားအလာ မလုပ်ကြဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

တဖက်တွင်လည်း စစ်ကောင်စီက Silent Strike နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးပေးရန်လုပ်ဆောင်ခြင်း၊ တချို့နေရာများတွင် ဈေးဆိုင်များ၊ အလုပ်ရုံ၊ စက်ရုံများကို ခံဝန်ထိုး၍ ခြိမ်းခြောက် ဖွင့်လှစ်ခိုင်းများကို ယခင်ရက်များက ပြုလုပ်ခဲ့သည်။

ယနေ့တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြို့နယ်တချို့တွင် ပိတ်ထားသည့် ဈေးဆိုင်ခန်းများအား မှတ်တမ်းတင်ခြင်း၊ ဆိုင်ခင်းသည့် ပစ္စည်းတချို့ကို လိုက်လံသိမ်းဆည်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ရုပ်သံကြည့်ရှုရန် နှိပ်ပါ

Be the first to comment on "မန္တလေးတွင်စစ်ကား ၂ စီး အချင်းချင်းတိုက်သည့်(ရုပ်သံ)"

Leave a comment

Your email address will not be published.


*