ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာ ထားထားလင်းကို အဂတိမှုဖြင့် အာဏာသိမ်း စစ်ကောင်စီက အမှုဖွင့်လိုက်ကြောင်း စစ်ကောင်စီ၏ သတင်းစာများ တွင် ကြေညာထားသည်။
အာဏာသိမ်းပြီး ၁၀ရက်အကြာ (ဖေဖော်ဝါရီ ၁၀) တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့က ထောက်ပံ့သည့် ကျပ် သန်း ၁၆,၉၀၀ အနက်
လက်ကျန် ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်ပေးခဲ့၍ နိုင်ငံအတွက် ဘဏ္ဍာငွေဆုံးရှုံးသည်ဟု ဆိုကာ ယမန်နေ့ (နိုဝင်ဘာ ၃၀) တွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ထို့အတွက် နိုင်ငံတော်ဘဏ္ဍာငွေကြေး ဆုံးရှုံးနစ်နာစေသည် ဟုဆိုကာ ဒေါက်တာထားထားလင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာစိုးဦး အနေဖြင့်လည်း ကြီးကြပ် စစ်ဆေးရန် ပျက်ကွက်ပြီး
အားပေးကူညီခဲ့သည် ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် လည်းကောင်း ဘုရားကုန်းမြို့မရဲစခန်းတွင် ယမန်နေ့က အမှုဖွင့်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုးချဲ့ ကာကွယ် ဆေးထိုးလုပ်ငန်း စီမံကိန်း မန်နေဂျာ ဒေါက်တာ ထားထားလင်းကို စစ်ကောင်စီက ဇွန်လ ကတည်း က ဖမ်းခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်မှုကဲ့သို့သော ပြစ်ဒဏ်ကြီးလေးသည့် ပုဒ်မ ၃ ခု ဖြင့် အမှုဖွင့်ပြီး ဖြစ်သည်။
အာဏာသိမ်းပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ ၇ ရက်ကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့သူ ဒေါက်တာထားထားလင်းမှာ အစောဆုံး ဖမ်းဝရမ်းထုတ်သည့် စာရင်းဝင် ဆရာဝန်တစ်ဦးဖြစ်သည်။
ဒေါက်တာ ထားထားလင်းက “ စစ်အာဏာရှင်တွေဟာ ကာကွယ်ဆေးထိုးလုပ်ငန်းကို အကြောင်းပြပြီး အကျိုးအမြတ်ရယူဖို့ ကြံစည်နေခြင်း ဖြစ်ပါ တယ်။
ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျမတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက်ရောက်သွားစေမယ့် လက်နက် အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး ” ဟုလည်း ပြောဆိုခဲ့သည်။
” ကျေးဇူးပြုပြီး စစ်အာဏာရှင်များရဲ့ ရက်စက်မှု၊ ဉာဏ်မရှိမှုနဲ့ ကျွန်မတို့နိုင်ငံကို လုယူသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူတွေကို နှိပ်စက်နေမှုတွေကို တစ်ကမ္ဘာလုံးကို အသိပေးပေးကြပါ။
ဒါဟာ လက်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ၊ မမေ့ပစ်နိုင်စရာပါပဲ ” ဟုလည်း လုပ်ဖော်ကိုင်ဖက်များကို ဒေါက်တာ ထားထားလင်းက တောင်းဆိုခဲ့သည်။
ထို့နောက် အစောဆုံး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် ဒေါက်တာထားထားလင်းအား စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ခဲ့သည့်အတွက် တိမ်းရှောင်နေရာမှ ဇွန် ၁၀ ရက်တွင် ရန်ကုန်တိုင်း၊
ဒဂုံမြို့နယ်ရှိ နေအိမ်တခုတွင် ဖမ်းဆီးခံ ရပြီး ဖုန်းနှင့်ကွန်ပျူတာများ သိမ်းဆည်ခံရသည့်အပြင် ၎င်းခင်ပွန်းဖြစ်သူနှင့် ၇ နှစ်အရွယ် သားဖြစ်သူကိုလည်း စစ်ကောင် စီက ဖမ်းဆီးခဲ့သည်။
ထို့အတူ ဒေါက်တာ ထားထားလင်းကို ဇွန် ၁၀ရက်က ရန်ကုန်မြို့၌ ဖမ်းဆီးစဉ် စစ်ကောင်စီက တပါတည်း ခေါ်သွားသည့် ၎င်း၏ အမျိုးသားနှင့် ၇နှစ်အရွယ် သားဖြစ်သူတို့ ပြန်လည်လွတ်မြောက်ခြင်း ရှိမရှိ အတည်မပြုနိုင်သေးဟု လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောသည်။
“ စစ်ကြောရေး အရှေ့ဆုံးအခေါက်တွေမှာ အမ (ဒေါက်တာ ထားထားလင်း) ကို မေးတဲ့အချိန် ကလေးကို ခေါ်ထားတာ။ အမ ဘေးမှာ ခေါ်ထားတာမဟုတ်ဘူး။
အမ မြင်နေရတဲ့ နေရာလောက်မှာ ခေါ်ထားပြီး စစ်မေးတာလို့ သိရတယ်။ ကျန်တဲ့ကိစ္စတွေက ဘာမှမသိရသေးဘူး ”ဟု ၎င်းက ပြောဆိုကြောင်း မြန်မာနောင်း သတင်းမှာ ဖော်ပြထားပါတယ်။
“ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပဲ တာဝန်ကို အကျေပွန်ဆုံး ထမ်းဆောင်သွားခဲ့တာပါ။ ဒီလိုမျိုး သူရဲကောင်းတွေဟာ ကိုယ့်ရဲ့ စီနီယာတွေဖြစ်တဲ့အခါ အလွန်ဂုဏ်ယူမိပါတယ်။
တခါတရံ သူရဲကောင်းတွေရဲ့ကမ္ဘာဟာ ဘယ်လိုပင် စွပ်စွဲပုတ်ချနေပါစေ။ နေမဝင်ပဲ အမြဲလင်းလက်နေမယ်ဆိုတဲ့အကြောင်း အမကို လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်။ ” လို့ ဂျူနီယာဆရာဝန်တစ်ယောက်က ပြောဆိုထားပါတယ်။
Be the first to comment on "ပြည်သူတွေအတွက် တာဝန်ကျေပွန်လွန်းခဲ့တဲ့ ဒေါက်တာ ထားထားလင်း"