သတင်းစာတွေမှာ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်တွေ တရားမဝင်ဟု ပြော

နိုင်ငံပိုင်သတင်းစာတွေမှာ သားသမီးအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်တွေ ထည့်သွင်းတာတွေဟာ တရားမဝင်ဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့နိုဝင်ဘာ ၂၆ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အခုလို သတင်းစာတွေထဲမှာ အမွေပြတ်ကြောင်းကြေညာပေမယ့် NUG ၊ CRPH စတဲ့ အဖွဲ့တွေကို ထောက်ပံ့အားပေးမယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပေဒေနဲ့အရေးယူမှာဖြစ်ပြီး တရားရုံးဆုံးဖြတ်ချက်သာလျှင် တရားဝင်တယ်လို့လည်း ဆက်ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ စစ်ကောင်စီဘက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒေကိုပြင်ဆင်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေနဲ့ ၎င်းတို့နဲ့ ဆက်စပ်တဲ့ နေအိမ်တွေအပါအဝင် ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်တာတွေ၊ နောက်ဆက်တွဲ အရေးယူမှုတွေလုပ်ဆောင်လို့ရတဲ့ အချက်တွေ ဒီဥပဒေမှာ ပါဝင်နေပါတယ်။

ဒီနောက်ပိုင်းမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးတွေ၊ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ လူငယ်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေလုပ်ဆောင်လာခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ နိုင်ငံကျော်အနုပညာရှင်တွေနဲ့ လူမှုကွန်ရက်မှာလူသိများသူတွေ စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့လူငယ်တွေရဲ့မိဘတွေ က သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်တွေကို သတင်းစာတွေမှာ ထည့်သွင်းလာခဲ့ကြပါတယ်။

တဖက်မှာလည်း သတင်းစာတွေထဲမှာ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာရုံနဲ့အမွေဆက်ခံပိုင်ခွင့်မဆုံးရံ့ှုးသလို တရားစွဲဆိုမှုတွေ လုပ်ရာမှာလည်း ဥပဒေကြောင်းအရ အဆင့်တွေကျော်လွန်လုပ်ဆောင် လို့မရဘူးဆိုတဲ့ ဥပဒေပညာရှင်တွေရဲ့သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

“ အမွေပြတ်ကြောင်းသတင်းစာထဲမှာ ကြေညာရုံနဲ့တော့ တဖက်ကစွဲလာတဲ့ အမှုတွေကိုရှောင်လို့မရပါဘူး။ ဒါပေမယ့် တည်ဆဲဥပေဒေတွေထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေလို၊အဂတိမှုတိုက်ဖျက်ရေးဥပဒေလို စသည်ဖြင့် ဒီပြစ်မှုတွေ ကျုးလွန်ရင် ဒီပြစ်မှုတွေနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံပိုင်သိမ်းယူရမယ်လို့ပြဌာန်းထားတဲ့ ဥပဒေပုဒ်တွေရှိတယ်။

သက်ဆိုင်ရာ ကာယကံရှင်တွေက ဒီပြစ်မှုနဲ့သက်ဆိုင်ခြင်းမရှိကြောင်းသက်သေ ပြပေးနိုင်ဖို့လိုပါတယ်။ သက်သေပြပေးနိုင်ရင် ဒါတွေက ကင်းလွတ်နိုင်တယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေနဲ့သူတို့နဲ့ဆန့်ကျင်တဲ့ အဖွဲ့တွေကို ထောက်ပံ့မှုမရှိအောင် အမှုနဲ့သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ နောက်မှ

တရားရုံးမှာရှင်းပေးတော့ဆိုပြီး ဖမ်းဆီးတာတွေ ၊ ရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ၊ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေက သိမ်းဆည်းတာတွေဟာ ဥပဒေကိုကျော်လွန်လုပ်ဆောင်နေတယ်လို့ပဲမြင်ပါတယ်” လို့ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကသုံးသပ်ပြောဆိုကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

နေအိမ်အဆောက်အဦးတစ်ခုကို ချိပ်ပိတ်သိမ်းဆည်းမယ်ဆိုရင် သက်ဆိုင်ရာ စွပ်စွဲခံရတဲ့ ကာယကံရှင်ကထွက်ပြေးလွတ်မြောက်နေရင် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၈၇ အရ တရားခံပြေးအဖြစ်ကြေညာရမှာဖြစ်ပြီး သူနဲ့သက်ဆိုင်တဲ့နေအိမ်တွေကို ဝရမ်းကပ်တာကို အရင်ဆုံးလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ဥပဒေကြောင်းအရ သူကဆက်သုံးသပ်ပြောဆိုပါတယ်။

အမှုနဲ့ပတ်သက်လို့တရားစွဲဆိုခံနေရစဉ်ကာလမှလည်း ခိုင်လုံတဲ့အကြောင်း ပြချက်တွေနဲ့နေအိမ်မှာနေထိုင်ခွင့်ကို တရားသူကြီးဆီကတောင်းခံနိုင်သလို တရားရုံးကလည်း အမှုပေါ်မှုတည်ပြီး ပြန်လည်နေထိုင်ခွင့် ပေးနိုင်တာတွေလည်းရှိ တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် လက်ရှိဖြစ်ရပ်တွေမှာတော့ တရားရုံးရဲ့ခွင့်ပြုချက်မပါဘဲ နေအိမ်တွေကို တိုက်ရိုက်ချိပ်ပိတ်သိမ်းဆည်းတာတွေ၊ လုံခြုံရေးကြိုးတားတာတွေနဲ့ အမှုနဲ့မသက်ဆိုင်တဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးနေတာတွေဟာ တရားဥပဒေအရ လုပ်ထုံးလုပ်နည်းတွေနဲ့လွဲချော်နေပြီး ဝမ်းနည်းစရာကောင်းတယ်လို့လည်း ဥပဒေပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။

Be the first to comment on "သတင်းစာတွေမှာ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်တွေ တရားမဝင်ဟု ပြော"

Leave a comment

Your email address will not be published.


*