မြန်မာပလာဇာ တစ်ဝင်းလုံး လက်နက်ကိုင်စစ်တပ်ဖြင့် လုံခြုံရေးအပြည့်ချထား

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်များကို ရိုက်နှက် ထိုးကြိတ်ခဲ့သော မြန်မာပလာဇာမှ လုံခြုံရေးဝန်ထမ်းများ၏ လုပ်ရပ်ကို နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုက ရှုတ်ချကြောင်း

ကြေညာချက် ထုတ်ပြန်ပြီးနောက် မြန်မာပလာဇာတစ်ဝင်းလုံးကို လုံခြုံရေး တင်းကျပ်ထားကာ လက်နက်ကိုင် စစ်သားများ အပြည့် ချထားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

“လက်တုံ့ပြန်မယ်လို့ ကြေညာတဲ့ တော်လှန်ရေးအင်အားစုတွေလည်းရှိတော့ ဗုံးခွဲခံရမှာ ကြောက်လို့ထင်တယ်။ တစ်ဝင်းလုံး အပြင်ရော အတွင်းမှာရော ကားပါကင်မှာရော Melia Hotel ဘက်အခြမ်းမှာရော လက်နက်ကိုင်တွေ အပြည့်ပဲ။ အရင် ပလာဇာနားမှာ ရပ်နေတဲ့ တက္ကစီ ကားတွေ လည်းမရှိတော့ဘူး” ဟု ရန်ကုန်ကင်းထောက်လူငယ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြန်မာပလာဇာ စျေးဝယ်စင်တာအတွင်း မနေ့က(နိုဝင်ဘာလ ၂၅ရက်)ဖြစ်ပွားခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်တွေကို လုံခြုံရေးဝန်ထမ်းက အကြမ်းဖက်ထိုးကြိတ်ဖမ်းဆီးသည့်

ဖြစ်ရပ်အပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကကန့်ကွက်ရှုတ်ချလိုက်ပြီး ပြည်သူများအနေဖြင့် မြန်မာပလာဇာတွင် စျေးမဝယ်ကြရန် GSCB က မေတ္တာရပ်ခံတောင်းဆိုသည်။

အဲ့ဒီတိုက်တွန်းမှုတွေနဲ့အတူ ပလာဇာအတွင်း ဖွင့်လှစ်ထားတဲ့ စျေးဆိုင်ခန်းတွေကလည်း ယာယီပိတ်သိမ်းကြောင်း လူမှုကွန်ရက်စာမျက်နှာတွေက တဆင့်ကြေညာခဲ့ကြပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ မြန်မာပလာဇာမှာ စျေးဝယ်စျေးရောင်းသူ ကင်းမဲ့ ခြောက်ကပ်နေခဲ့တာပါ။

“အထဲမှာတော့ ဆိုင်တွေ အကုန်လုံးနီးပါးပိတ်ထားပြီ။ လာတဲ့သူလည်း မရှိဘူး။ ခြောက်ကပ်နေတာပဲ။ ဝန်ထမ်းတချို့တော့ ပစ္စည်းရွှေ့နေတာ တွေ့ခဲ့တယ်။ အရင်ကဆို ပလာဇာ အပြင်မှာ တက္ကစီတွေ အပြည့်နေရာယူထားတာ အခုအဲ့တာတွေလည်း မရှိတော့ဘူး။ အထဲရော အပြင်ရော စစ်သားတွေပဲ ရှိတော့တယ်၊ ကိုဗစ်တုန်းကတောင် အဲ့လောက်ထိ မခြောက်ကပ်ဖူးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ မန္တလေး သပိတ်အင်အားစုကလည်း ယနေ့နိုဝင်ဘာ(၂၅)ရက်နေ့၂၀၂၁ခုနှစ်တွင် ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိ Myanmar Plaza ၏ Promotion Area တွင် အကြမ်းမဖက် တပါးသူကို မထိခိုက်စေသော Soft Strike Camp တစ်ခုကို LGBT ကွန်ယက်မှ

တက်ကြွ လှုပ်ရှားသူများက လုပ်ဆောင်နေချိန်တွင် Myanmar Plaza Shopping Center ၏ လုံခြုံရေးဝန်ထမ်း အချို့က ထိုးကြိတ်ဖမ်းဆီးခဲ့မှုကို ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အလားတူ အမျိုးသမီမဟာမိတ်အင်အားစု (WAB)ကလည်း ရန်ကုန်မြို့ ၊ မြန်မာပလာဇာမှာ ဖြစ်ပွားခဲ့သည့် မတရားမှုကိုဆန့်ကျင်ဆန္ဒပြလူငယ်များကို ပလာဇာလုံခြုံရေးဝန်ထမ်းများက အကြမ်းဖက်ထိုးကြိတ်ဖမ်းဆီးမှုကြောင့် မြန်မာပလာဇာတွင် ပြည်သူများ စျေးမဝယ်ကြဘဲ သပိတ်မှောက်ကြရန် တောင်းဆိုထားသည်။

ဒါ့အပြင် တည်နေရာရှာဖွေရန်အသုံးပြုသည့် Google Maps တွင် မြန်မာပလာဇာ၏ တည်နေရာမှာ’ဘောမပလာဇာ’ ဟု အမည်ပြောင်းလဲနေကြောင်း တွေ့ရှိရသည်။

Google Maps တွင် ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ စက်မှု ၁ လမ်းနှင့်ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ မြန်မာပလာဇာကို ယခင်က Myanmar Plaza Shopping Mall ဟု ဖော်ပြထားသော်လည်း ယမန်နေ့( နိုဝင်ဘာ ၂၅ ရက်) ညပိုင်းကစ၍ ”ဘောမဒလန်စင်တာ” ဟု ပြောင်းလဲနေသည် ကိုတွေ့ရသည်။

ယနေ့မနက်ပိုင်တွင် ” ဘောမ ဒလန်စင်တာ” မှ ” Ball Ma Plaza” သို့အမည်ထပ်မံပြောင်းလဲနေကြောင်းတွေ့ရသည်။

”အဓိက အဲ့ပလာဇာထဲက ဆိုင်တချို့ရဲ့ ဘောမပလာဇာလို့ ပြင်လို့ရတာက google map အတွက် စာရင်းကောက်တုန်းက Pin point စာရင်းပေးထားတဲ့ သူတွေကနေ ကိုယ့် Pin Name ကိုဝင်ပြင်လို့ရတယ်။ Map စတင်ရေးဆွဲထဲက မြန်မာပြည်ထဲ့က သုတေသန လုပ်ပေးတဲ့အဖွဲ့တွေ ရှိပေမယ့် Myanmar Plaza လို့နာမည်ပျက်သွားတာက တော့

ကုမ္ပဏီဘက်ကနေ ဖျက်လိုက်တာလဲ ဖြစ်နိုင်သလို သုတေသန လုပ်ပေးတဲ့အဖွဲ့တွေက ဖျက်လိုက်တာလည်း ဖြစ်နိုင်တယ်။ မြန်မာလို ဘောမပလာဇာလို့ နာ မည်ပြောင်းတာကို မူရင်း နိုင်ငံခြားက Host ကိုင်တဲ့ ကုမ္ပဏီကနေ ချက်ချင်း မသိနိုင်သေးလို့ ပေါ်တာလဲဖြစ်နိုင်တယ် ။

နိုင်ငံခြားက Host ကိုင်ထားတဲ့ ကုမ္ပဏီကပါ သပိတ် မှောက်လို့ နာမည်ပြောင်းတာကို မသိချင်ယောင်ဆောင်နေသလားလဲ မပြောတတ်ဘူး။ နည်းပညာအရတော့ ဝီကီပီးရီးယားလို လူတိုင်းဝင်ပြင်လို့တော့မရဘူး။” ဟု ရန်ကုန်မြို့အခြေစိုက် IT နည်းပညာကျွမ်းကျင်သူတဦးက ပြောဆိုကြောင်း ဧရာဝတီတိုင်းမ် သတင်းမှာဖော်ပြထားပါတယ် ။

လက်ရှိတွင် Google Maps တွင် MyanmarPlaza ဟု ရိုက် နှိပ်ရှာပါက တွေ့ရှိရမည်မဟုတ်ဘဲ ” Ball Ma Plaza” ဟု ရိုက်နှိပ်ရှာဖွေမှသာ မြန်မာပလာဇာတည်နေရာကို တွေ့ရှိရမည်ဖြစ်သည်။

Be the first to comment on "မြန်မာပလာဇာ တစ်ဝင်းလုံး လက်နက်ကိုင်စစ်တပ်ဖြင့် လုံခြုံရေးအပြည့်ချထား"

Leave a comment

Your email address will not be published.


*