စစ်တပ်က စနစ်တကျ ရည်ရွယ်ချက်ဖြင့် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေမှုကို ကုလညီလာခံမှာ တင်ပြပြီး နိုင်ငံတကာကို အကူအညီတောင်းခံလိုက်တဲ့ ဦးကျော်မိုးထွန်း

စစ်တပ်က မြန်မာပြည်သူများကို စနစ်တကျ ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သတ်ဖြတ်နေဟု ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြ၊ နိုင်ငံတကာကို အကူအညီတောင်း

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံတွင် စစ်တပ်က ပြည်သူများကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်နေကြောင်း ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြလိုက်ပြီး မြန်မာပြည်သူများကို နိုင်ငံတကာက ကူညီကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နှင့်ပတ်သက်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ကျင်းပနေပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းက ၂၃ ရက်နေ့တွင် အထက်ပါအတိုင်း မိန့်ခွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နှင့်ပတ်သက်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း၌ လူကုန်ကူးမှုပြဿနာဖြေရှင်းရေး၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့်

ဖွံ့ဖြိုးတိုးတက်မှုတို့ ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာအသိုက်အဝန်းမှ မြန်မာပြည်သူများအားကူညီပံ့ပိုးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြား တိုက်တွန်းလိုက်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ခံ ပြည်သူ့အစိုးရသည် ပြစ်မှုဆိုင်ရာတရားစီရင်မှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌ ပြုပြင်ပြောင်းလဲမှုတွင် တာဝန်ခံမှုမရှိသည့် မြန်မာစစ်တပ်ကြောင့် ကန့်သတ်ချက်များရှိခဲ့ကြောင်း၊

ဖေဖော်ဝါရီလ ၁ ရက်နေ့၊ တရားမဝင် စစ်တပ်အာဏာသိမ်းမှုကြောင့် ယင်း အောင်မြင်တိုးတက်မှုများသည် အချည်းနှီးဖြစ်ရကြောင်း၊ အာဏာသိမ်းသည့် အချိန်မှ စတင်၍ မြန်မာစစ်တပ်၏ ပြည်သူများအပေါ် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ နှိမ်နင်း တိုက်ခိုက်မှုကြောင့်

တစ်နိုင်ငံလုံး၌ ပြည်သူ (၁,၃၀၀) နီးပါး အသက်ဆုံရှုံးခဲ့ရပြီး၊ ယင်းအသက်ဆုံးရှုံးမှုတွင် အနည်းဆုံး ကလေး (၉၀) ဦး ပါဝင်ကြောင်း၊ ထို့ပြင် (၂၃၄,၆၀၀) ဦး ကျော်သည် နေရပ်စွန့်ခွာနေရပြီး၊ အများစုသည် နိုင်ငံတွင်းနှင့် ဒေသတွင်း၌ လူကုန်ကူးမှုအန္တရာယ်ရှိနေကြောင်း ထည့်သွင်းပြောကြားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းတွင် အချက် ၈ ချက်ကို ထည့်သွင်းပြောကြားသွားပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာအစီအစဉ် အကောင်အထည်ဖော်မှု ဆိုင်ရာ ၂၀၂၁ ခုနှစ် နိုင်ငံရေးကြေညာချက်ကို ထောက်ခံကြောင်း၊ လူကုန်ကူးမှုပြစ်မှုသည် လူ့ဂုဏ်သိက္ခာကို ဖျက်ဆီးထိပါးပြီး

အမျိုးသမီးများနှင့် ကလေးသူငယ်များသည် လူကုန်ကူးမှု အန္တရာယ်နှင့် ရှင်ဆိုင်နေရကြောင်း၊ လူမှု-စီးပွားရေးနှင့်သက်ဆိုင်သည့် ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့၊ သာတူညီမျှမရှိမှုနှင့် လူသားချင်းစာနာထောက်ထားမှုအရေးပေါ် အခြေအနေများကို

နိုင်ငံ အစိုးရများမှ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ထို့အတူ လူကုန်ကူးမှုအန္တရာယ်ကျ ရောက်ခဲ့သူများကို ကာကွယ်၍ ပြစ်မှုကျူးလွန်သူများကိုလည်း တရားဥပဒေနှင့်အညီ အရေးယူရမည်ဖြစ်ကြောင်း ပါရှိသည်။

လာမည့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆင်းရဲနွမ်းပါးမှုနှုန်းသည် လူဦးရေ၏ (၂၀) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး၊ လက်ရှိ တွင် လူဦးရေ (၃) သန်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးပေါ် လိုအပ်နေကြောင်း၊

ဒုက္ခသည် စခန်းများရှိ အမျိုးသမီး၊ အမျိုးသမီးငယ်များနှင့် ကလေးငယ်များနှင့် ရွှေ့ပြောင်းလုပ်သမားများအတွက် လူကုန်ကူးမှုအန္တရာယ်သည် ယခင်ကနှင့်မတူ ပိုမိုကျရောက်ရန် အခွင့်အရေးများနေကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့ရှိစေရန် အတွက်မှာ တရားမဝင်အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်မှုကို အဆုံးသတ်စေရေး စတင်ဆောင်ရွက်ရမည်ဖြစ်ကာ ကျူးလွန်သည့်ပြစ်မှုများအတွက် တာဝန်ခံမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိရေး၊ ပြည်သူများမှ ရွေးချယ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်မှု၏

ဖွဲ့စည်းပုံအခြေခံဥပဒေရှိလာစေရေး တို့သည် အရေးကြီးကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်စေရေး နိုင်ငံတကာအသိုက်အဝန်းအနေနှင့် မြန်မာပြည်သူများအားကူညီရန် တောင်းဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားသည်။

Be the first to comment on "စစ်တပ်က စနစ်တကျ ရည်ရွယ်ချက်ဖြင့် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေမှုကို ကုလညီလာခံမှာ တင်ပြပြီး နိုင်ငံတကာကို အကူအညီတောင်းခံလိုက်တဲ့ ဦးကျော်မိုးထွန်း"

Leave a comment

Your email address will not be published.


*