CDM စစ်သားများကြောင့် စိတ်ဓာတ်အား ပိုမို့ချိနဲ့လာသည့် တပ်မတော်ကြီး

ငယ်ငယ်လေးထဲက စစ်သားကြီးဖြစ်ချင်ခဲ့တဲ့ အောင်မျိုးထက်ဟာ ကြီးလာတဲ့အခါ တကယ်လည်း ဗိုလ်ကြီးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ စပြီး တပ်ထဲဝင်ချိန်မှာ တိုင်းပြည်ကို ကာကွယ်ဖို့လို့သာ ထင်မှတ်ခဲ့ပြီး ကိုယ့်နိုင်ငံသားတွေအချင်းချင်း ပြန်တိုက်ရမယ်လို့ မထင်ခဲ့မိပါဘူး။

ဇွန်လအတွင်း သူတို့တွေ ကယားပြည်နယ်ထဲ ရှေ့တန်းထွက်ကြရပါတယ်။ သူတို့ရဲ့ တာဝန်က ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ပြည်သူလူထုကို နှိမ်နင်းဖို့ပါ။ အဲဒီမှာ သူ့ရဲ့ ရဲဘော် သုံးယောက် ကျခဲ့ကြောင်း အသက် (၃၂) နှစ်အရွယ် အောင်မျိုးထက်က ပြန်ပြောပြပါတယ်။

“ကိုယ့်ရဲ့စစ်သည်တွေ ထိခိုက်သေဆုံးတာကို မြင်တော့ အရမ်း ဝမ်းနည်းရပါတယ်။ ကျနော်တို့ အနစ်နာခံ တိုက်ခိုက်နေရတာက တိုင်းပြည်အကျိုးးအတွက်မှ မဟုတ်ဘဲ။ ဗိုလ်ချုပ်တွေအတွက် စတေးနေရတာ” လို့ သူက ဆက်ပြောပါတယ်။

အောက်တိုဘာလ (၇) ရက်နေ့မှာတော့ သူ့တပ်ကို ကျောခိုင်းခဲ့ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကြီးမှာ ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချဖို့၊ ဒီမိုကရေစီ ပြန်ရဖို့ နိုင်ငံတဝှမ်းလုံးမှာ အဲဒီလှုပ်ရှားမှုကြီးကို ဆင်နွှဲနေကြတာပါ။ သူ့လိုပဲ အခြား ရဲနဲ့ စစ်သား အနည်းဆုံး (၂၀၀၀) လောက်က အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေကြပြီး နာမည်ဆိုးနဲ့ ကျော်ကြားလွန်းတဲ့ တပ်မတော်ကို တစထက်တစ ပိုမို အင်အားချိနဲ့သွားစေပါတယ်။

အင်အား (၂၈၀၀၀၀) ကနေ သုံးသိန်းခွဲအထိ ရှိမယ်လို့ ခန့်မှန်းကြရတဲ့ တပ်မတော်မှာ ဒီလိုမျိုး စစ်တပ်ကို ကျောခိုင်းခဲ့သူတွေက ရာခိုင်နှုန်း အနည်းငယ်သာ ရှိပါသေးတယ်။ ဒါပေမယ့် သူတို့ကြောင့် ကျန်တဲ့ တပ်ဖွဲ့ဝင်တွေကြားမှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေ တိုးပြီး ပေါ်ပေါက်လာစေပါတယ်။ တပ်မတော်အနေနဲ့ တပ်သားသစ် စုဆောင်းဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး အငြိမ်းစားယူပြီးသူတွေကိုတောင် တာဝန်ပြန်မထမ်းဆောင်ရင် ပင်စင်လစာတွေ ဆိုင်းငံ့ထားမယ်လို့ ခြိမ်းခြောက်ခေါ်ယူနေရပါတယ်။

တပ်၊ စခန်း၊ ဌာနတွေရဲ့ လုံခြုံရေးအတွက် စစ်သည်တွေရဲ့ ဇနီးသည် ရဲမေတွေကို မတရား တာဝန်ထမ်းဆောင်ခိုင်းနေကြောင်း သူတို့ကိုယ်တိုင် ပြောပြကြပါတယ်။ ဒါ့အပြင် စစ်တက္ကသိုလ်ရဲ့ (၆၇) နှစ်တာ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် လိုအပ်တဲ့ ဗိုလ်လောင်းပမာဏကို မခေါ်ယူနိုင်ခဲ့ပါဘူး။

“ဒါမျိုး တခါမှ မကြုံဖူးဘူး” ဆိုပြီး စင်္ကာပူအခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာက ဆိုပါတယ်။ “ဖေဖော်ဝါရီလနောက်ပိုင်း တပ်ကို စွန့်ခွာကျောခိုင်းသူတွေ မှန်မှန်လေး တိုးလာနေပြီး CDM လှုပ်ရှားမှုကြီးကို ပေါ်ပေါ်ထင်ထင် ထောက်ခံနေကြတာ တွေ့ရတယ်။ ဒါမျိုး ဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ဘူး” လို့ သူက ဆက်ပြောပြပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ထိပ်ပိုင်းအရာရှိတွေက ဆက်လက် ထောက်ခံနေပြီး တပ်ကနေ စွန့်ခွာလာသူ အရေအတွက်ကလည်း တပ်မတော်တခုလုံးကို ဖြိုလှဲပစ်ဖို့ မလုံလောက်သေးပါဘူး။ ဒါပေမယ့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဘက်ကတော့ သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံလျက် ရှိပါတယ်။ (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးချိန်တည်းကနေ တပ်မတော်နဲ့ တောက်လျှောက် တိုက်ခိုက်လာခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့ရဲ့ စားဝတ်နေရေးအတွက် အကူအညီပေးနေပါတယ်။

“သူတို့ရဲ့ စစ်ရေးအတွေ့အကြုံက လက်ရှိတော်လှန်ရေးအတွက် အလွန် တန်ဖိုးရှိပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးတဦးဖြစ်သူ ဦးနိုင်ထူးအောင်က ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက အခုလိုမျိုး တပ်ကနေ စွန့်ခွာလာသူတွေကို လိုက်လံ စာရင်းကောက်ယူ၊ အကူအညီပေးနေပါတယ်။ “အခုတော့ သူတို့နဲ့ ကျနော်တို့ရဲ့ ပန်းတိုင်ချင်း တူညီသွားပါပြီ” လို့ သူက ကောက်ချက်ချပါတယ်။

တပ်ကို စွန့်ခွာကျောခိုင်းလာသူ အများအပြားက သူတို့ဘဝဇာတ်ကြောင်းကို လူမှုကွန်ယက်ပေါ်ကနေ ပေါ်ပေါ်ထင်ထင် ပြန်ပြောပြကြပြီး ကျန်ခဲ့တဲ့ တခြားရဲဘော်ရဲဘက်တွေကိုလည်း သူတို့နောက် လိုက်လာဖို့ တိုက်တွန်းနေကြပါတယ်။ တပ်ကနေ စွန့်ခွာလာသူ အများစုက အခြားအဆင့်တွေ ဆိုပေမယ့် အရာရှိတွေလည်း ပါဝင်နေပါတယ်။

သူတို့ဟာ နည်းပညာကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ စစ်တပ်ထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေ ဖွင့်လှစ်ပြီး ကျန်နေသေးတဲ့ စစ်သည်တွေကို အသိပညာပေးနေကြပါတယ်။ စစ်သည်တွေအနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်အောင် မလုပ်ကြဖို့၊ ဇနီးသည် ရဲမေတွေအနေနဲ့လည်း ကိုယ့်ခင်ပွန်းသည်ကို ဖြောင်းဖြကြဖို့ ဆက်သွယ်တိုက်တွန်းလျက် ရှိပါတယ်။

“ဒီလိုမျိုး လှုပ်ရှားမှုတွေက အတော်လေး အရေးပါမှု ရှိပါတယ်” လို့ ဝါရင့် မြန်မာ့အရေးကျွမ်းကျင်သူတဦးဖြစ်သူ ရစ်ချက် ဟော်ဆေးက ရှင်းပြပါတယ်။ “သူတို့ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးက ပိုပြီး ခိုင်မာအားကောင်းလာသလို ယုံကြည်မှုလည်း ပိုရလာပါတယ်။” တပ်ကို ကျောခိုင်းစွန့်ခွာလာသူတွေက သူတို့ ဘယ်လိုမျိုး ခံစားကြရသလဲဆိုတာ ပြောပြကြပါတယ်။ အထူးသဖြင့် အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ အထက်က အမိန့်ပေးလာတဲ့အခါမျိုးတွေမှာပါ။ မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်ကြောင်း နိုဝင်ဘာလ (၆) ရက်နေ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အထက်က ကျနော့်ကို ပစ်မိန့်ပေးလာတဲ့အခါ ပြည်သူတွေကို မြန်မြန် ထွက်ပြေးကြဖို့ပဲ ကျနော် လှမ်းပြောလိုက်တယ်” လို့ ဗန်းမော်မှာ တာဝန်ကျခဲ့သူ ဗိုလ်ကြီး ထက်မြက်က ပြန်ပြောပြပါတယ်။ “သူတို့ကတော့ လွတ်သွားတယ်၊ ကျနော်ကတော့ လူမဆန်တဲ့ အဲဒီနေရာမှာပဲ ဆက်ပြီး နေခဲ့ရတယ်” လို့ သူက ပြောပါတယ်။

တပ်ကို ကျောခိုင်းစွန့်ခွာဖို့က စစ်ဆင်ရေးထွက်ရတာနည်းတူ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် သူတို့ကို ပြည်သူ့စစ်သားများအဖွဲ့က အကူအညီတွေ ပေးနေပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အတွက် မိန့်ခွန်းတွေ ရေးပေးခဲ့သူ ဗိုလ်ကြီးတဦးက ဒီအဖွဲ့ကို ဦးစီးတည်ထောင်ထားတာပါ။ တညမှာ ပြည်သူ့စစ်သားများအဖွဲ့က ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲတခုကို အသက် (၂၉) နှစ်အရွယ် တပ်ကြပ်ကြီး ကောင်းထက်အောင် ကြည့်မိခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မတ်လအတွင်း တပ်ကို ကျောခိုင်းစွန့်ခွာသွားတဲ့ ဗိုလ်မှူးတဦး ပြောပြတာကို သူ ကြားရပါတယ်။ ဒီရုပ်သံအစီအစဉ်ကို သူ့ရဲ့ ဘားတိုက်မှာ တိတ်တိတ်လေး ခိုးကြည့်ရင်း စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ အဲဒီဗိုလ်မှူးခမျာ ဘယ်လောက်တောင် စွန့်လွှတ်ခဲ့ရရှာမလဲဆိုပြီး သူ တွေးနေမိပါတယ်။

အဲဒီနောက်မှာတော့ သူဟာ ပြည်သူ့စစ်သားများအဖွဲ့ကို ဆက်သွယ်ပြီး သူ့ရဲ့ ခရီးရှည်ကြီးအတွက် အကူအညီ တောင်းခံလိုက်ပါတယ်။ တပ်ကို ကျောခိုင်းစွန့်ခွာခဲ့တဲ့သူဟာ ဆိုင်ကယ် မတော်တဆ ဖြစ်ပြီး ပြန်အဖမ်းခံရပါတယ်။ ဒီလိုမျိုး အချုပ်ကျနေရာကနေ အခွင့်အရေးရတာနဲ့ သူ တောနက်ထဲကို ခြေလျင်ထွက်ပြေးပြန်ပါတယ်။

နောက်ဆုံးမှာတော့ စစ်လက်နက်ပစ္စည်းစက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဲဒီတပ်ကြပ်ကြီးဟာ “လွတ်မြောက်နယ်မြေ” လို့ တင်စားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်စပ်ဒေသကို အရောက်သွားနိုင်ခဲ့ပါတယ်။ “အခုလို လွတ်လပ်သွားလို့ ကျနော် အရမ်း ပျော်တယ်။ လူသတ်ဖို့ ကျည်ဆန်တွေ ထပ်လုပ်စရာ မလိုတော့ဘူး” လို့ သူက ဝမ်းမြောက်ဝမ်းသာ ဆိုပါတယ်။

သူ့ရဲ့ ဇာတ်လမ်းက တကယ့်အဖြစ်မှန်လားဆိုတာ သီးခြားအတည်မပြုနိုင်ပေမယ့် တပ်ကို ကျောခိုင်းစွန့်ခွာဖို့ အန္တရာယ်များတာကတော့ သိသာပါတယ်။ ပြန်ဖမ်းမိခဲ့ရင် ထောင်ကျမှာဖြစ်ပြီး မိသားစုကိုလည်း ပြဿနာရှာခံရနိုင်ပါတယ်။ လမ်းခရီးတလျှောက်လုံး ဘာမှ သေချာရေရာမှု မရှိသလို လုံခြုံတဲ့ နယ်စပ်ဒေသကို အရောက်သွားနိုင်ဖို့ မြို့တော်တော်များများမှာ ပုန်းခိုရဦးမှာပါ။

တပ်ကို ကျောခိုင်းခြင်းဆိုတာ အနာဂတ်မှာ ကောင်းစားမယ့် အခွင့်အရေးကို ငြင်းပယ်လိုက်တာလည်း ဖြစ်ပါတယ်။ ရာထူးအဆင့်ဆင့် တက်သွားမယ့် စစ်တပ်အရာရှိတွေအနေနဲ့ တပ်မတော်ရဲ့ ကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အကျိုးအမြတ်များစွာ ခံစားခွင့် ရှိလာနိုင်ပါတယ်။ တပ်မတော်ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တိုင်းပြည်ရဲ့ အကြီးမားဆုံး ဧရာမလုပ်ငန်းကြီးတွေလည်း ပါဝင်နေတာပါ။

“တပ်ထဲက လူအများစုမှာ ကိုယ်ပိုင်အတွေးအခေါ် မရှိအောင် ပုံသွင်းခံထားရလို့ အမှန်ကို မမြင်နိုင်ဘူး” ဆိုပြီး မတ်လအတွင်း တပ်ကို စွန့်ခွာခဲ့တဲ့ ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်ပါတယ်။ “အမှန်ကို မြင်တဲ့သူတွေကျတော့လည်း ရာထူးကို မစွန့်ချင်ကြဘူးလေ“။ သာမန် အောက်ခြေစစ်သည်တွေရဲ့ ဘဝကို မီးမောင်းထိုးပြပြီး အခြေအနေမှန်ကို တပ်ထဲက လူတွေ နားလည်အောင် သူတို့ ကြိုးစားကြရပါတယ်။ ချီတက်လာတဲ့ စစ်သည်တော်တွေကို ပြည်သူလူထုက ပန်းကုံးစွပ်ကြိုဆိုတာကို မြင်တွေ့ပြီး စစ်ထဲဝင်ချင်ခဲ့တာလို့ တပ်ကြပ်ဇွဲမာန်က ဆိုပါတယ်။

အဲဒီနောက် တနှစ်အကြာမှာ သူ စစ်သင်တန်းဆင်းပြီး လက်ဖြောင့်တပ်သားတဦး ဖြစ်လာပါတယ်။ လစာ နှစ်သိန်းနီးပါးသာ ရပြီး စားရတဲ့ ထမင်း၊ ဟင်းကလည်း မကောင်းခဲ့ပါဘူး။ “တိုင်းပြည်ကာကွယ်တဲ့၊ ပြည်သူတွေ ချစ်တဲ့ တပ်မတော်သား ဖြစ်ချင်လို့ ကျနော် တပ်ထဲ ဝင်ခဲ့တာ၊ ဒါပေမယ့် အောက်ခြေစစ်သည်တွေကို နည်းမျိုးစုံနဲ့ ဖိနှပ်ညှင်းဆဲတဲ့ နေရာမှန်း အထဲရောက်မှ သိလိုက်ရတယ်” လို့ သူက ပြောပြပါတယ်။

မေလအတွင်း တရက်မှာ ပြည်သူ့စစ်သားများအဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကို သူ အမှတ်တမဲ့ တွေ့ပြီး အောက်က မှတ်ချက်တွေကို လိုက်ဖတ်နေခဲ့မိပါတယ်။ “ကိုယ့်ပြည်သူကို ပြန်သတ်နေတဲ့ စစ်တပ်” “တကယ့် သူခိုးအကြီးစား စစ်တပ်” “ကိုယ်ကျိုးအတွက် တိုင်းပြည်ကို အပိုင်လိုချင်နေတဲ့ စစ်တပ်” စသဖြင့် သူ တွေ့ခဲ့ရပါတယ်။

ကိုဗစ်နိုင်တင်းရောဂါ အဆိုးဆုံး ဖြစ်နေတဲ့ ဇူလိုင်လမှာတောင် ရောဂါပိုး ရှိနေသူတွေကို သီးသန့်ခွဲမထားပေးခဲ့တာကြောင့် စစ်သည်တွေ ပိုမို ကူးစက်ခံရပြီး သေဆုံးကုန်တယ်လို့ ဇွဲမာန်က ပြောပြပါတယ်။ ပြည်သူတွေ မတရားဖမ်းဆီးခံရတာ၊ အိမ်တွေ မီးရှို့ခံရတာ စတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာကြောင့် သူ လိပ်ပြာမလုံတော့ပါဘူး။

စစ်တပ်က အရပ်သားပြည်သူတွေကို သတ်နေတယ်၊ CDM လုပ်လိုက်ပါတော့ဆိုပြီး ရည်းစားဖြစ်သူကလည်း တိုက်တွန်းလာပါတယ်။ “အဲဒီအချိန်မှာ ငါ မှန်တဲ့ဘက်က ရပ်တည်ဖို့ လိုအပ်နေပြီဆိုပြီး ကျနော် တွေးမိလာတယ်။ ပြည်သူတွေနဲ့ ဆန့်ကျင်ဘက်မှာ ဆက်မမှားချင်တော့ဘူး။” လို့ သူက ပြောပြပါတယ်။

ဒီလိုနဲ့ စက်တင်ဘာလ (၁၇) ရက်နေ့မှာ ခွင့်ပြန်ဖို့ အထက်အရာရှိတွေထံ သူ သတင်းပို့ခဲ့ပါတယ်။ ခွင့်ရတာနဲ့ သူ တပ်ထဲကနေ ထွက်လာခဲ့ပြီး နောက်ထပ် ဘယ်တော့မှ ခြေဦးပြန်မလှည့်တော့ပါဘူး။

Sui-lee Wee
The New York Times ပါ ဆောင်းပါး (ဘာသာပြန်)

Be the first to comment on "CDM စစ်သားများကြောင့် စိတ်ဓာတ်အား ပိုမို့ချိနဲ့လာသည့် တပ်မတော်ကြီး"

Leave a comment

Your email address will not be published.


*