” လူ့အခွင့်အရေးချိုးဖောက်ပြီး တိုင်းပြည်ကိုဖျက်ဆီးနေတဲ့ မြန်မာစစ်ကောင်စီကို တရားဝင်မှု့အတွက် ပေကျင်း ( တရုတ် ) ရဲ့ ကြိုးစားမှု့ဟာ အာဆီယံနိုင်ငံတွေကိုပါ ရုပ်သေးရုပ်ဖြစ်ဖို့ အားထုတ်နေတာပါ ။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ ဒေသတွင်း အာဆီယံနိုင်ငံတွေကိုပါ ထိခိုက်နေပါတယ် ။
ကျွန်တော်တို့ အာဆီယံခေါင်းဆောင်တွေဟာ အာဆီယံစည်းကမ်းအတိုင်း မြန်မာနိုင်ငံအတွက် အလွန်အားကောင်းတဲ့ ချဉ်းကပ် ၊ အားထုတ်မှု့တစ်ခုနဲ့ ကမ္ဘာကို ပြသရမှာပါ ။ ” လို့ မလေးရှားဥပဒေပြုလွှတ်တော်အမတ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Charles Santiago က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျုးမှာ ပြောကြားလိုက်ပါတယ် ။
” မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေကို တားဆီးရပါမယ် ။ စစ်ဗိုလ်ချုပ်တွေကို ဒေသတွင်းခရီးသွားလာခွင့်တွေ ပိတ်ရပါမယ် ။ လာမယ့်အစည်းအဝေးတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးနိုင်ဖို့ စီစဉ်ရပါလိမ့်မယ် ။ ” လို့ မလေးရှားဥပဒေပြုလွတ်တော်အမတ်က ပြောထားပါတယ် ။
မဟာဗျုဟာလေ့လာရေးအင်စတီကျု့က အရှေ့တောင်အာရှ သုတေသနသမား Aaron Connelly က ” တရုတ်က မြန်မာစစ်ဗိုလ်ချုပ်ကို အာဆီယံအစည်းအဝေးတက်ဖို့ အာဆီယံနိုင်ငံတွေကို စည်းရုံးနေတာဟာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ တောင်းဆိုချက်ပါ ။
မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာမှာ တရားဝင်နိုင်ဖို့ တရုတ်ကိုပဲ ချည်းကပ်စရာရှိပါတော့တယ် ။ မြန်မာစစ်တပ်ကို နိုင်ငံတကာမှာ တရားဝင်ခွင့်ရဖို့အတွက် တရုတ်က ကြိုးစားနေသရွေ့ အာဆီယံကလည်း လက်ခံဖို့မလွယ်ပါဘူး ။
တရုတ်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာမှာ တရားဝင်နိုင်ဖို့ ကြိုးစားပေမယ့်လည်း ၊ မြန်မာအတွက်နဲ့ အာဆီယံကိုကျောခိုင်းဖို့အတွက် တရုတ်က စဉ်းစားမှာမဟုတ်ပါဘူး ။ ဒါ့ကြောင့်လည်း တရုတ်ဟာ မြန်မာ့အရေးမှာ သဘောထားတင်းတဲ့ အင်ဒိုနီးရှား ၊ မလေးရှား ၊ စင်္ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို အလျှော့ပေးလိုက်တာပါ ။
အမေရိကန်နဲ့ အားပြိုင်နေရတဲ့ စီးပွားရေးနဲ့ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်ဟာ အမေရိကန်ထက် အာဆီယံကို ပိုမိုချည်းကပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ တရုတ်ဘက်က ပြောကြားထားပါတယ် ” လို့ Aaron က ဆိုပါတယ် ။
” အာဆီယံကနေ မြန်မာစစ်ဗိုလ်ချုပ်ကို ဒေသတွင်း ထိပ်သီးစည်းဝေးပွဲကနေ ကန်ထုတ်လိုက်တာဟာ ဒုတိယအကြိမ်မြောက်ပါ ။တရုတ်သမ္မတ ရှီကျင့်ဖျင်က အိမ်ရှင်အဖြစ်နဲ့ ကျင်းပနေတဲ့ အာဆီယံ-တရုတ် အစည်းအဝေးကို မြန်မာစစ်ဗိုလ်ချုပ်မပါပဲ တနင်္လာနေ့မှာ စတင်ခဲ့ပါတယ် ”
လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ် ။
အာဆီယံ တရုတ် ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ဗိုလ်ချုပ်ကို တက်ခွင့်မပေးပဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin က CNN သတင်းဌာနကို အတည်ပြု ပြောကြားထားပါသေးတယ် ။
ဒါကတော့ ရိုက်တာသတင်းဌာနနဲ့ နိုင်ငံတကာသတင်းဌာနကြီးတွေရဲ့ ခေါင်းကြီးပိုင်းသတင်းကို ကောက်နုတ်တင်ပြတာပါ ။
သုံးသပ်ရရင် …….၊
မြန်မာစစ်ကောင်စီအတွက် နိုင်ငံတကာတရားဝင်မှု့ကို တရုတ်ကသာ ကြိုးပမ်းပေးနိုင်တယ်လို့ နိုင်ငံတကာ နိုင်ငံရေးလေ့လာသူ ဆရာကြီးတွေက သုံးသပ်ထားပါတယ် ။ ရုရှားကတော့ စစ်လက်နက်အတွက်သာ ကာကွယ်ပေးပါတယ် ။
အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာတော့ မြန်မာစစ်ကောင်စီရဲ့ ဖခင်ကို သားက ဂျီတိုက်သလို အစည်းအဝေးတက်ခွင့် တောင်းဆိုခဲ့တာကြောင့် တရုတ်ဟာ အာဆီယံနိုင်ငံတွေဆီ စည်းရုံးရေးဆင်းခဲ့ပါသေးတယ် ။
( ဒီစည်းရုံးရေး ခရီးစားရိတ်ဟာ အလကားတော့ ရမယ်မထင်ပါဘူး ။ ပြည်သူပိုင်သယံဇာတ ဘာတွေပေးရဦးမလဲဆိုတာ မသိရသေးပါဘူး ) ။. သို့ပေမယ့် တရုတ်ဟာ ထင်မှတ်မထားတဲ့ အာဆီယံနိုင်ငံလေးတွေရဲ့ စည်းလုံးမှု့နဲ့ ရင်ဆိုင်ခဲ့ရတယ် ။
ဒီတော့ ……၊ စဉ်းစားကြည့်ရအောင် ။
တရုတ်နဲ့ရုရှားရဲ့ စီးပွားဘက်နဲ့ လက်နက်ဖောက်သည်ဟာ မြန်မာစ်ကောင်စီ တစ်ယောက်တည်းလား …….?
အဖြေကတော့ အားလုံးသိမှာပါ ။ ဆိုပါစို့ …၊ လဘက်ရည်ဆိုင်တစ်ဆိုင်ရဲ့ ဖောက်သည်ဟာ မောင်ပုပါပေမယ့် ၊ မောင်ပုတစ်ယောက်တည်းကို ရောင်းမယ်ဆိုရင်တော့ ဒေဝါလီခံရပါလိမ့်မယ် ။
ဒီသဘောပါပဲ ။ ရုရှားနဲ့တရုတ်ဟာ အလိုလိုနေရင်း ခပ်တန်းတန်းဖြစ်နေတဲ့ ကမ္ဘာပေါ်က နိုင်ငံအများစုကို စီးပွားရေးအတွက် မျက်နှာချိုသွေးနေရတာပါ ။ နိုင်ငံအများစုရဲ့ ကန့်ကွက်မှု့ကို ဂရုမစိုက်ခဲ့ရင် ကြီးမားတဲ့ ဖောက်သည် မိတ်ဆွေတွေကို လက်လွှတ်ရမှာပါ ။
အစိုးရက ခေါင်းမာရင်တောင် ၊ သူတို့ပြည်သူကတော့ စီးပွားပျက်တာကို လက်ခံမှာမဟုတ်ပါဘူး ။ပြည်သူလက်မခံတဲ့ အစိုးရက မကြာပါဘူး ။ ဒါဟာ နိုင်ငံတကာက အစိုးရတိုင်း မလွန်ဆန်နိုင်တဲ့ ကိစ္စပါ ။
ဒါ့ကြောင့်လည်း ” အစည်းအဝေးကို လူကိုယ်တိုင်မတက်ရရင် ၊ အွန်လိုင်း ( ချောင်းကြည့်ပေါက်ကနေ တက်ပါရစေ ” ဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ အလျှော့ပေးတောင်းဆိုမှု့ကိုတောင် တရုတ်က ပယ်ချခဲ့ပါတယ် ။
ဘာ့ကြောင့်လဲဆိုတော့ အာဆီယံဟာ တရုတ်အတွက် စီးပွားရေး ၊ တောင်တရုတ်ပင်လယ်အရေးတွေမှာ မြန်မာထက် အရေးကြီးနေလို့ အာဆီယံကို လေချိုသွေးလိုက်တာပါ ။ ရှင်းပါတယ်နော် ။
ဟော … အခုတော့ ၊ အာဆီယံလွတ်တော်အမတ်ဥက္ကဋ္ဌက နောင်လာမယ့် အာဆီယံအစည်းအဝေးတွေမှာ ပြည်သူကိုကိုယ်စားပြုတဲ့ NUG နဲ့ တရားဝင်ဆွေးနွေးနိုင်ဖို့ စီစဉ်ပါတော့မယ်တဲ့ ။
စာရေးသူကတော့ ဒီပွဲရဲ့ ရလာဒ်ကို ကြိုသိနေပါပြီ ။ မိတ်ဆွေဟာ ဓမ္မဘက်မှာ ရပ်နေသူလား ၊ အဓမ္မဘက်မှာ ရပ်နေသူလား ။ ဘယ်ဘက်ကပဲဖြစ်ဖြစ် ၊ ဒီပွဲရဲ့အခြေအနေကို သိနေပြီဆိုရင် လုပ်သင့်တာကိုသာ စီစဉ်ထားပါတော့လို့ သုံးသပ်ချင်ပါတယ် ။
ဘကြီးအောင် LA
Be the first to comment on "အာဆီယံ-တရုတ် အစည်းအဝေးမှာ ချောင်းကြည့်ပေါက်ကိုပါ အပိတ်ခံလိုက်ရတဲ့ စစ်ကောင်စီ"