စစ်အုပ်စုထောက်ခံသူတွေကို လက်နက်ဆင်ပြီး ရှေ့တန်းပို့ဖို့ စစ်ကောင်စီ စီစဉ်နေဟု သိရ

မွန်ပြည်နယ်အတွင်းမှာ သင်တန်ပေးထားတဲ့ စစ်အုပ်စုထောက်ခံတဲ့သူတွေကို စစ်ယူနီဖောင်း လက်နက်အပြည့်အစုံနဲ့ ရှေ့တန်းမှာ တိုက်ခိုက်ခိုင်းဖို့အတွက် စစ်ကောင်စီက လူဦးရေ စာရင်းပြုစုနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ဒေသခံ PDF တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့အတွက် ပျူစောထီး၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုထောက်ခံသူတွေစာရင်းကို စစ်ကောင်စီက နိုဝင်ဘာ ဒုတိယအပတ်ကစပြီး လူဦးရေ စာရင်း တောင်းခံလာတာ ဖြစ်ပါတယ်။

” PDF နဲ့ တိုက်ပွဲဖြစ်နေတဲ့ တချို့တိုင်းနဲ့ပြည်နယ်တွေကို ရှေ့တန်းပို့ဖို့အတွက် လူစုနေတာပါ၊ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စီစဉ်နေတာဖြစ်မယ်၊ အဲဒါကြောင့် ပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့တွေရယ်၊ တပ်မတော်ထောက်ခံသူတွေကို လိုက်စည်းရုံနေတာ၊ ယူနီဖောင်း၊ စစ်လက်နက်ပစ္စည်း အစုံအလင်ပေးမယ်၊

ပြီးရင် စစ်သားတွေနဲ့အတူ ရှေ့တန်းထွက်တိုက်ရမယ်၊ လစာလည်း ပေးမယ်လို့ ပြောတယ်” လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ဆိုဆိုကြောင်း သံလွင်တိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သင်တန်းပေးထားတဲ့ စစ်အုပ်စုထောက်ခံသူတွေကို ရှေ့တန်းမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လစာ ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး တိုက်ပွဲက ပြန်လာတဲ့သူတွေကို ခြံကွက်တွေ၊ နေအိမ်တိုက်ခန်းတွေ ချီးမြှင့်ပေးသွားမယ်လို့ စစ်ကောင်စီက စည်းရုံးလာတာ ဖြစ်ပါတယ်။

ရှေ့တန်းက ပြန်လာတဲ့သူတွေအနေနဲ့ စစ်ကောင်စီလက်အောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေမှာ ဆက်လက် တာဝန် ထမ်းဆောင်လိုရင် ထမ်းဆောင်ခွင့်ပြုမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ဒေသခံ PDF တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကျဆုံးများနေတဲ့အတွက်ကြောင့် စစ်အုပ်စုထောက်ခံတွေကိုပါ ရှေ့တန်း ပို့ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်းများတွင် စစ်မှုထမ်းဟောင်းများအား တစ်ရက်လျှင် ၅ ထောင်ကျပ်ပေး၍ ကင်းစောင့်ခိုင်းနေကြောင်း စစ်မှုထမ်းဟောင်း အသိုင်းအဝိုင်းထံက သိရသည်။

ယခင် ဇွန်လ ၁ ရက်နေ့ စာသင်ကျောင်းများဖွင့်ချိန်ကလည်း စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်၍ ကင်းစောင့်ခိုင်းခဲ့ပြီး ၄င်းကာလတွင် ကျောင်းစောင့်ခ တစ်ရက်လျှင် ၈ ထောင်ကျပ် ရရှိခဲ့ကြောင်း သိရသည်။

“အရင် ၆ လပိုင်း ကျောင်းဖွင့်တုန်းက ၁၂ နာရီထိ နေ့တပိုင်းဘဲ စောင့်ရတာ ၈၀၀၀ ရတယ်။ အခုက မနက် ၈ နာရီကနေ ညနေကျောင်းဆင်းချိန်ထိ တနေကုန်စောင့်ရတာ။ ၅၀၀၀ ဘဲရတယ်။

အရင်ကထက် ၃ ထောင် လျော့သွားတာပေါ့ ” ဟု ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တဦးက ပြောဆိုကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဟောင်းများအားလုံး အပိုဝင်ငွေ ရရှိစေရန် အလှည့်ကျစနစ်ဖြင့် ကျောင်းလုံခြုံရေးတာဝန်ချ ပေးသည်ဟု ၄င်းကဆက်လက်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဟောင်းများအား ငွေကြေးပေး၍ ၄င်းတို့၏အရန်အင်အားအဖြစ် အသုံးပြုနေပြီး စာသင်ကျောင်းကင်းစောင့်ခိုင်းခြင်း၊ စစ်တပ်ထောက်ခံပွဲများတွင် လိုက်ပါခိုင်းခြင်းတို့အား စေခိုင်းနေကြောင်း သိရသည်။

Be the first to comment on "စစ်အုပ်စုထောက်ခံသူတွေကို လက်နက်ဆင်ပြီး ရှေ့တန်းပို့ဖို့ စစ်ကောင်စီ စီစဉ်နေဟု သိရ"

Leave a comment

Your email address will not be published.


*