နောက်သီတင်းပတ်အတွင်း အွန်လိုင်းမှတစ်ဆင့် ကျင်းပရန်ရှိသည့် အာဆီယံ – တရုတ် ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်ရရေး တရုတ်နိုင်ငံက လိုက်လံစည်းရုံးခဲ့ရာတွင် အာဆီယံနိုင်ငံအချို့က ငြင်းပယ်ကြောင်း ယနေ့ (နိုဝင်ဘာ ၁၈) ညနေပိုင်း Reuters သတင်းက ဆိုကြောင်း Myanmar Now မှာ ဖော်ပြထားပါတယ်။
တရုတ်သမ္မတ ရှိကျင့်ဖျင်တက်ရောက်မည့် အဆိုပါ ထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခွင့်ပြုရေး တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများကို စည်းရုံးခဲ့သည်ဟု သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ Reuters သတင်းဌာနက ရေးသားထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့က တရုတ်နှင့် ထိပ်သီးအစည်းအဝေးတွင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုရန် သဘောထားရှိကြသည်ဟု သိရသည်။
“မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ စင်ကာပူတို့ အာဆီယံထိပ်သီးအစည်းအဝေးအတိုင်းပဲ မပြောင်းလဲဖို့ သဘောတူကြပါတယ်” ဟု အာဆီယံနိုင်ငံတစ်ခုမှ အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်သည့် ထိပ်သီးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးဦးကိုသာ တက်ရောက်ခွင့်ပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။
အောက်တိုဘာ ၂၆ မှ ၂၈ အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သော မြန်မာကိုယ်စားပြုသူ မပါဝင်သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်း မြန်မာစစ်ကောင်စီကို အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်အများစုက ထောက်ထားမှုမပြဘဲ ပြစ်တင်ဝေဖန်သည့်သဘောထား ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
တရုတ်နှင့် ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်ပြုမပြုနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများ သဘောထားမပြောင်းလဲသည့်ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်အသက်မသွင်းမချင်း နိုင်ငံရေးအရကိုယ်စားပြုခွင့် မရှိသင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သဘာထားရှိသည်ဟု Reuters သတင်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် စွန်ကော်ရှင်း စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံသို့ သွားရောက်စဉ် တရုတ် – အာဆီယံထိပ်သီးအစည်းအဝေးတွင် မင်းအောင်လှိုင်တက်ရောက်ခွင့်ရမည် မဟုတ်ကြောင်း အကြောင်းကြားခံရသည်ဟု ဆိုသည်။
တရုတ်နိုင်ငံအထူးကိုယ်စားလှယ် စွန်ကော်ရှင်းသည် ၎င်း၏ ဒုတိယအကြိမ်ခရီးစဉ်အတွင်း နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ စွန်ကော်ရှင်းသည့် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း နေပြည်တော်သို့ တိတ်တဆိတ်လာရောက်ခဲ့သည်။
————-
ေနာက္သီတင္းပတ္အတြင္း အြန္လိုင္းမွတစ္ဆင့္ က်င္းပရန္ရွိသည့္ အာဆီယံ – တ႐ုတ္ ထိပ္သီးအစည္းအေဝးတြင္ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ခြင့္ရေရး တ႐ုတ္ႏိုင္ငံက လိုက္လံစည္း႐ုံးခဲ့ရာတြင္ အာဆီယံႏိုင္ငံအခ်ိဳ႕က ျငင္းပယ္ေၾကာင္း ယေန႔ (ႏိုဝင္ဘာ ၁၈) ညေနပိုင္း Reuters သတင္းက ဆိုေၾကာင္း Myanmar Now မွာ ေဖာ္ျပထားပါတယ္။
တ႐ုတ္သမၼတ ရွိက်င့္ဖ်င္တက္ေရာက္မည့္ အဆိုပါ ထိပ္သီးအစည္းအေဝးတြင္ အာဏာသိမ္းေခါင္းေဆာင္ မင္းေအာင္လႈိင္တက္ေရာက္ခြင့္ျပဳေရး တ႐ုတ္ႏိုင္ငံက အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားကို စည္း႐ုံးခဲ့သည္ဟု သံတမန္သတင္းရင္းျမစ္မ်ားကို ကိုးကား၍ Reuters သတင္းဌာနက ေရးသားထားသည္။
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအနက္ အင္ဒိုနီးရွား၊ ဘ႐ူႏိုင္း၊ မေလးရွားႏွင့္ စင္ကာပူႏိုင္ငံတို႔က တ႐ုတ္ႏွင့္ ထိပ္သီးအစည္းအေဝးတြင္ မင္းေအာင္လႈိင္ကို တက္ေရာက္ခြင့္မျပဳရန္ သေဘာထားရွိၾကသည္ဟု သိရသည္။
“မေလးရွား၊ အင္ဒိုနီးရွား၊ ဘ႐ူႏိုင္းနဲ႔ စင္ကာပူတို႔ အာဆီယံထိပ္သီးအစည္းအေဝးအတိုင္းပဲ မေျပာင္းလဲဖို႔ သေဘာတူၾကပါတယ္” ဟု အာဆီယံႏိုင္ငံတစ္ခုမွ အစိုးရသတင္းရင္းျမစ္တစ္ခုက ေျပာၾကားသည္ဟု Reuters သတင္းတြင္ ေဖာ္ျပသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္း က်င္းပခဲ့သည့္ အာဆီယံေခၚ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း၏ ႏိုင္ငံ့ေခါင္းေဆာင္မ်ား တက္ေရာက္သည့္ ထိပ္သီးအစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ဖိတ္ၾကားျခင္းမျပဳဘဲ ႏိုင္ငံေရးအရ ကိုယ္စားမျပဳသူတစ္ဦးဦးကိုသာ တက္ေရာက္ခြင့္ျပဳရန္ အာဆီယံက ဆုံးျဖတ္ခဲ့သည္။
ေအာက္တိုဘာ ၂၆ မွ ၂၈ အထိ အြန္လိုင္းမွတစ္ဆင့္ က်င္းပခဲ့ေသာ ျမန္မာကိုယ္စားျပဳသူ မပါဝင္သည့္ အာဆီယံထိပ္သီးအစည္းအေဝးတြင္ အာဏာသိမ္း ျမန္မာစစ္ေကာင္စီကို အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံ့ေခါင္းေဆာင္အမ်ားစုက ေထာက္ထားမႈမျပဘဲ ျပစ္တင္ေဝဖန္သည့္သေဘာထား ထုတ္ေဖာ္ေျပာဆိုခဲ့ၾကသည္။
တ႐ုတ္ႏွင့္ ထိပ္သီးအစည္းအေဝးတြင္ ျမန္မာစစ္ေခါင္းေဆာင္ တက္ေရာက္ခြင့္ျပဳမျပဳႏွင့္ ပတ္သက္၍ အာဆီယံႏိုင္ငံမ်ား သေဘာထားမေျပာင္းလဲသည့္ျပင္ ျမန္မာႏိုင္ငံတြင္ ဒီမိုကေရစီ ျပန္အသက္မသြင္းမခ်င္း ႏိုင္ငံေရးအရကိုယ္စားျပဳခြင့္ မရွိသင့္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက သဘာထားရွိသည္ဟု Reuters သတင္းက ဆိုသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း တ႐ုတ္ႏိုင္ငံ၏ အာရွေရးရာအထူးကိုယ္စားလွယ္ စြန္ေကာ္ရွင္း စင္ကာပူႏွင့္ ဘ႐ူႏိုင္းႏိုင္ငံသို႔ သြားေရာက္စဥ္ တ႐ုတ္ – အာဆီယံထိပ္သီးအစည္းအေဝးတြင္ မင္းေအာင္လႈိင္တက္ေရာက္ခြင့္ရမည္ မဟုတ္ေၾကာင္း အေၾကာင္းၾကားခံရသည္ဟု ဆိုသည္။
တ႐ုတ္ႏိုင္ငံအထူးကိုယ္စားလွယ္ စြန္ေကာ္ရွင္းသည္ ၎၏ ဒုတိယအႀကိမ္ခရီးစဥ္အတြင္း ႏိုဝင္ဘာ ၁၅ ရက္က ေနျပည္ေတာ္၌ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံခဲ့သည္။ စြန္ေကာ္ရွင္းသည့္ ၿပီးခဲ့သည့္ ဩဂုတ္လအတြင္းကလည္း ေနျပည္ေတာ္သို႔ တိတ္တဆိတ္လာေရာက္ခဲ့သည္။
Be the first to comment on "အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် တက်ရောက်နိုင်ရန် တရုတ်ကြိုးပမ်း"