အမေရိကန်သာ NUG ကိုလက်တွေ့ကူညီရင် တော်လှန်ရေး ပိုအောင်မြင်နိုင်

( အမေရိကန် National War College ပါမောက္ခ နှင့် ဂျော့ချ်တောင်း တက္ကသိုလ်၏ လုံခြုံရေး ဆိုင်ရာ လေ့လာမှု အစီအစဉ် ၏ တွဲဖက် ပါမောက္ခ လည်း ဖြစ်သူ Zachary Abuza ၏ နိုဝင်ဘာ ၅ ရက်နေ့ထုတ် War on the Rock အွန်လိုင်း ဂျာနယ်တွင် ပါရှိသည့် U.S. Policy towards Myanmar’s military” ဆောင်းပါးကို နှစ်ပိုင်းခွဲ၍ တင်ပြသွားပါမည်)

(၁) အမေရိကန် သည် NUG အား မြန်မာ ပြည်သူများ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ် ပြုသင့်သည်။ မြန်မာ စစ်အာဏာသိမ်း အဖွဲ့မှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အကြမ်းဖက် နှိပ်ကွပ်နေသည့်ကြားမှ NUG ၏ ခေါင်းဆောင်မှု နှင့် မြန်မာ ပြည်သူတို့အတွက် မဆုပ်မနစ် ကြိုးပမ်းပေးနေမှုများကို မိမိတို့ တန်ဖိုးထားလေး စားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြံပေး ရှိုလေး က ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း အမေရိကန်သည် လက်ရှိ စစ်အာဏာသိမ်း အဖွဲ့ကိုပင် ဆက်၍ အသိအမှတ်ပြု နေဆဲ ဖြစ်သည်။ ဘိုင်ဒင် ၏ အမျိုးသား လုံခြုံရေးအကြံပေး ဆူလီဗန် ကိုယ်တိုင် NUG နှင့် ဆွေးနွေးခဲ့မှုသည် အရေးပါလှသော် လည်း အသိအမှတ်ပြုသည့် အဆင့်ထိ ရောက်မလာခဲ့ပေ။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်၊ ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင် တို့ နှစ်ဦးစလုံး စစ်ကောင်စီ ကိုယ်စားလှယ် ပါသည့် အာဆီယံ အစည်းအဝေးများကို တက်ရောက်ခဲ့ကြသည်။

အာဆီယံ နှင့် ဆက်ဆံရေးတိုး မြှင့်နိုင်ရေးသည် အရေးပါသည် ဆိုသော်လည်း အမေရိကန် အနေဖြင့် မြန်မာ စစ်ကောင်စီ ပါဝင်နေမှုကို ပို၍ စိတ်ပျက်လာကြောင်း သိသာအောင် ပြောဆိုပြီး ၎င်းတို့အဖွဲ့ကို ကျဉ်ထားရန် ပြောဆိုသင့်သည်။

စစ်ကောင်စီ အနေဖြင့် ထိုသို့ ပါဝင်ပြီး နိုင်ငံတကာမှ အသိအမှတ် ပြုလာမှုကို အထူး လိုလားတောင့်တနေကြသည်။ ထိုကဲ့သို့ ၎င်းတို့ လိုလားနေမှုကို ဘိုင်ဒင် အစိုးရ အနေဖြင့် ဖြစ်မလာအောင် ပြတ်ပြတ်သားသား ငြင်းပယ် ပြစ်သင့်သည်။

တဖန် နယူး မက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်း ဘီလ် ရစ်ချတ်ဆန် ကို စေလွှတ်ခဲ့သော်လည်း လက်ဗလာ နှင့် ပြန်သွားရသည်သာ အဖတ်တင်ပြီး အာဏာသိမ်း အဖွဲ့အဖို့ ဝါဒ ဖြန့်ချီရေးနှင့် အသိအမှတ် ပြုခံရရေး ဖက်တွင် အသုံးချ ခံခဲ့ရသည်ဟု အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။

တဖက်တွင် NUG နှင့် ပွင့်ပွင့်လင်းလင်း သံတမန် အဆက်အသွယ် ထူထောင်ရေးသည် အန္တရာယ်များ ရှိနေ ပြန်သည်။ အမေရိကန်တို့ အဖို့ လက်ရှိ စစ်ကောင်စီ နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားနိုင်ဖို့က ပို၍ အရေးကြီးနေသည်။ သို့သော် ရန်ကုန်ရှိ အမေရိကန် သံအဖွဲ့သည် စစ်ကောင်စီ နှင့် ဆက်သွယ်ပြီး မည်သို့မျှ အရာထင်အောင် ပြုလုပ်နိုင်ခဲ့ခြင်းလည်း မရှိပြန်ပေ။

ပြင်သစ် အထက်လွှတ်တော်နှင့် အီးယူ ပါလီမန် တို့မှ မဲခွဲ ဆုံးဖြတ်ပြီး NUG အား အသိအမှတ်ပြုလာခဲ့ကြသည်။ ဤသည်တို့က အထိမ်းအမှတ် သင်္ကေတ သဘောမျိုး အဆင့်သာ ရှိသော်လည်း အကျိုးရှိလာခဲ့သည်။

မလေးရှား သည် အာဆီယံ၏ အချက် ငါးချက် အား အကောင်အထည် ဖေါ်မှု မရှိက NUG နှင့် တရားဝင် အသိအမှတ်ပြု သည့် အဆင့် မဟုတ်သည့်တိုင် စတင် ဆက်သွယ် ဆွေးနွေးတော့မည်ဟု ခြိမ်းခြောက်လာသည့် ပထမဆုံးနိုင်ငံ အဖြစ် ထွက်ပေါ်လာခဲ့သည်။

ယခုအခါ အာဆီယံ မှ NUG အား တရားဝင် ဆက်သွယ် အသိအမှတ် ပြုခြင်းမျိုး မလုပ်သေးသော်လည်း အဖွဲ့ဝင်နိုင်ငံများရှိ ပါလီမန် အမတ်များက ထိုသို့ ပြုလုပ်ရန် တောင်းဆိုလာနေကြသည်။

အမေရိကန်သည် အနည်းဆုံး သံအမတ်ကို ပြန်ခေါပြီး သံတမန် အဆင့်ကို လျော့ချသင့်သည်။ NUG ကိုယ်စား လှယ်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများကို အရှိန်မြှင့် လုပ်ဆောင်သင့်သည်။

ထို့အပြင် အမေရိကန်သည် မိမိရှိ ဩဇာ အရှိန်အဝါကို အသုံးချပြီး နိုင်ငံတကာ နှင့် အာဆီယံ ကဲ့သို့ အစည်းအဝေးများတွင် NUG အား လေ့လာသူ အဖြစ် တက်ခွင့်ရအောင် ဖန်တီးပေးသင့်သည်။

စစ်တပ်မှ ထိုးစစ်ကြီးများ ပြုလုပ်ကာ ပြည်သူများအပေါ် စစ်ရာ ဇဝတ်မှုများ ဆက်လက် ကျူးလွန်နေမည်ဆိုလျှင် မိမိတို့မှ NUG အား တရားဝင် အသိအမှတ် ပြုရတော့မည် ဟု ခြိမ်းခြောက်ထားသင့်သည်။

လက်ရှိတွင် ထိုကဲ့သို့ ကျူးလွန်နေသည်ကိုလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အသိ အမှတ် ပြုထားပြီး ဖြစ်သည်။

(၂) အမေရိကန်သာ NUG အား တရားဝင် အသိအမှတ် ပြုလိုက်သည်နှင့် ထိန်းချုပ်ထားသော ဒေါ်လာ တစ် ဘီလီယံ အတွက် Line of Credit အဖြစ် ထုတ်ယူ သုံးစွဲခွင့် ပေးနိုင်မည် ဖြစ်သည်။

NUG မှ အဆိုပါ ငွေများဖြင့် လက် နက်များ ဝယ်ယူချင်စိတ်များ ဖြစ်လာလျှင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အတွက်သာ အသုံးပြုရမည်ဟု ကန့်သတ်ပေးနိုင်သည်။

ထိန်းချုပ်ထားသော ဒေါ်လာ တစ် ဘီလီယံ အတွက် Line of Credit အဖြစ် ထုတ်ယူ သုံးစွဲခွင့် ပေးနိုင်မည်
(၃) အမေရိကန် အစိုးရ ကိုယ်တိုင် NUG ကို လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုး၍ ပေးလာ သင့်သည်။ ပြီးခဲ့သည့် တတိယလှိုင်း အတွင်း NUG အား ကိုဗစ် ကာကွယ်ဆေးနှင့် အခြား အကူအညီများ အတွက် ဒေါ်လာ သန်း ၅၀ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့ သည် နိုင်ငံသားများ အတွက်လုပ် ပေးရန် ပျက်ကွက်နေမှုများကို NUG အနေဖြင့် ဝင်ရောက် ဖြည့်ဆည်းပေးနိုင်သည်။ နိုင်ငံတွင်းရှိ ဆေးပညာ ရှင်များ သည် CDM လှုပ်ရှားမှု၏ အမာခံ ဒေါက်တိုင်ကြီးလည်း ဖြစ်သည်။

တဖက်တွင် အာဏာသိမ်း အဖွဲ့က မြို့ပြ အဖွဲ့အစည်းများ ပါဝင် ပတ်သက်နိုင်ခြင်း မရှိရန် ဘဏ်လုပ်ငန်းများနှင့် အွန်လိုင်းမှ ငွေလွှဲမှုများကို ပိတ်ပင်ထားသည့်အတွက် အမေရိကန် အစိုးရမှ ထိုအဖွဲ့အစည်းများကို ပို၍ပင် အကူအညီများ ပေးလာသင့်သည်။

USAID သည် ထိုကဲ့သို့ အကူအညီများ ပေးနေမှုတွင် အစဉ်အလာများ ကာလကြာမြင့်စွာကပင် ရှိခဲ့ပြီးလည်း ဖြစ်သည်။

ရှိုလေးသည် ထိုင်းအစိုးရနှင့် နယ်ခြား ဖြတ်ကျော်၍ ထိုကဲ့သို့သော အကူအညီများ ပေးနိုင်ရန် ဆွေးနွေးခဲ့မှုသည် အရေးပါလှသည်။ ထိုင်းသည် စစ်အာဏာသိမ်း အဖွဲ့အား ထောက်ခံနေ၍ လိုလိုလားလား တော့ မရှိလှ။

အမေ ရိကန် အနေဖြင့် ထိုင်းကို သံတမန်ရေး အရ ဖိအားများ တိုးမြှင့်ပေးသင့်သည်။ ရှိုလေး နှင့် တွေ့ဆုံအပြီးတွင် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးသည် NUG နှင့် မြို့ပြ အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံပြီး ကိုဗစ် ကာကွယ်ဆေး များကို EAO များအား ထောက်ပံ့ရေး နှင့် နယ်စပ်ရှိ အိုးအိမ် စွန့်ခွာလာသူများ အတွက် အကူ အညီပေးနိုင်ရေး တို့ကို ဆွေးနွေးလာခဲ့သည်။

(၄) အမေရိကန် သည် အာဏာသိမ်း အဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုများ၊ စစ်တိုင်းမှူးများ၊ စစ်တပ်ပိုင် ကုမ္ပဏီများ နှင့် ကရိုနီများ အားလုံးကို ဆက်၍ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ပြုလုပ်သင့်သည်။

ထိုအရေး အတွက် အကျိုးတူ နိုင်ငံများ နှင့် ပူးပေါင်း၍ စစ်ကောင်စီအား ဘဏ္ဍာရေးအရ အသက်ဆက်အောင် လုပ်ပေးနေသူ များကို ပါ ဖိအားပေးရမည် ဖြစ်သည်။

ရှိုလေးသည် ထို့အတွက် အဓိက နေရာမှ ရှိနေသည့် စင်္ကာပူကို ဖိအားပေးလာခဲ့သည်။ ယခုထိ စင်္ကာပူသည် စစ်ကောင်စီအား ထိုသို့ အရေးယူရန် လိုလိုလားလား မရှိသေးဘဲ ၎င်းတို့၏ ဘဏ်ကြီး သုံးခုကို မြန်မာနိုင်ငံ အတွင်း ဆက်လက် လုပ်ကိုင်ခွင့် ပေးထားဆဲ ဖြစ်သည်။

သို့သော် သိသာသော အပြောင်းအလဲ တခုအဖြစ် စင်္ကာပူ စတော့ အိပ်ချိန်းသည် ၎င်းတို့ထံတွင် စာရင်းတင်ထားသော မြန်မာ၏ အိုးအိမ် ခြံမြေ ကုမ္ပဏီကြီးအား စုံစမ်းစစ်ဆေးမှု များ စတင် ပြုလုပ်လာခဲ့သည်။ စင်္ကာပူရှိ ရင်းနှီးမြှုပ်နှံသူများကလည်း စစ်တပ်ပိုင် ကုမ္ပဏီ များနှင့် ဆက်ဆံရေးကို စတင် ဖြတ်တောက်လာခဲ့ကြသည်။

အထူးသဖြင့် အမေရိကန် သည် စင်္ကာပူ တွင် လာဖွင့်ထားသော စစ်တပ် ကျောထောက်နောက်ခံ ကုမ္ပဏီများကို ဖိအားပေးသင့်သည်။ LTR, Asian Aviation Resources, Excellence Metal Castings နှင့် STE Global Trading များသည် ယခင်က စင်္ကာပူ အစိုးရ ၏ အာရုံစိုက်ခြင်း ခံလာရပြီး နောက်ပိုင်းတွင် မြောက်ကိုရီယားနှင့် ကုန်သွယ်မှုများ ပြုလုပ်လာသည့် အတွက် အမေရိကန်၏ အမည်ပျက်စာရင်းတွင် ပါလာခဲ့သည်။

ယူကရိန်း ကဲ့သို့ လက်လှမ်းမီနိုင်သည့် နိုင်ငံများကို မြန်မာအား လက်နက်များ မရောင်းချရန် ပြစ်မှတ်ထားပြော ဆိုသင့်သည်။ ရုရှား၊ ဘဲလာရုစ် နှင့် ပါကစ္စတန်တို့ကိုလည်း ၎င်းတို့အပေါ် အပိုင် ကိုင်နိုင်သည့် နေရာများကို ရွေး၍ ဖိအား ပေးသင့်သည်။

စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုသည် ပြင်းထန်နိုင်သမျှ ပြင်းထန်အောင် လုပ်မှသာ စစ်ကောင်စီအပေါ် သက် ရောက်မှု ရှိနိုင်မည် ဖြစ်သည်။ အမေရိကန်သည် မြန်မာ ဦးပိုင် အောက်ရှိ ကုမ္ပဏီပေါင်း တရာကျော်အား ပြစ်မှတ်ထား ပိတ်ဆို့ထားခဲ့ပြီး ဖြစ်သည်။ ထိုမျှ နှင့် မလုံလောက်သေးဘဲ ဘဏ်လုပ်ငန်း ကဏ္ဍများအထိ တိုးချဲ့လာသင့်သည်။

စစ်တပ်ပိုင် မြဝတီ နှင့် ဧရာဝတီ ဘဏ်များကို အရေးယူခဲ့ပြီး ဖြစ်သည်။ သို့သော် နိုင်ငံတွင်းရှိ သာမန် ပြည်သူ များအတွက် မည်မျှ အထိ ထိခိုက်သွားနိုင်သည်ကို ချင့်ချိန်ပြီး မြန်မာ့စီးပွားရေး ဘဏ်၊ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များကဲ့သို့ နိုင်ငံပိုင် ဘဏ်လုပ်ငန်းများကိုလည်း ပစ်မှတ် ထားနိုင်သည်။

ထိုသို့ လုပ်မည်ဆိုက မြန်မာ စီးပွားရေးသည် မည်သို့မျှ အဖတ်ဆယ်မရအောင် ထိခိုက်သွားနိုင် သဖြင့် ကရိုနီများ ပိုင်သည့် ဘဏ်များ ဖြစ်သော ကမ္ဘောဇ၊ အေဂျီဒီဘီ၊ ယူအေဘီ တို့ကို နောက်တကြိမ် ပြုလုပ် ရန် ရှိနေသည့် စာရင်းထဲတွင် ထည့်သွင်းထားသင့်သည်။

(၅) အမေရိကန်သည် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် မဆက်ဆံဟူသော မူကို ပြန် လည် သုံးသပ်သင့်သည်။ ဤသည်မှာလည်း အချို့သည် တရားမဝင် မူးယစ်ဆေး ကုန်ကူးနေကြသောကြောင့်ပင် ဖြစ်သည်။

အချို့က တရုတ်နှင့် နီးကပ်စွာ ဆက်ဆံနေကြသည်။ သို့သော် လက်ရှိ မြန်မာ အကြပ်အတည်းသည် အဆိုပါ အဖွဲ့အစည်းများ ပါဝင်လာဖို့ လိုအပ်လာသည်။

အတော်များများက NUG အား ထောက်ခံမှု ပေးလာပြီး စစ်တပ်ကို တိုးမြှင့် တိုက်ခိုက်လာကြသည်။ KIA, KNU ,AA နှင့် အခြား အဖွဲ့များသည် အနာဂတ် နိုင်ငံရေး ဆွေးနွေး အဖြေရှာမှုတွင် နေရာရလာဖို့ ရှိနေ၍ အမေရိကန် အနေဖြင့် မိမိတို့ အပေါ် ပြန်၍ ပတ်လာခြင်း မရှိ စေမည့် နည်းလမ်းမျိုး နှင့် မည်သို့မည်ပုံ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားနိုင်ရေးကို ထည့်သွင်းစဉ်းစားသင့် သည်။ ထို့အတွက် ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်လှစ်လာရမည် ဖြစ်သည်။

အနည်းဆုံး အဆိုပါ အဖွဲ့အစည်းများ၏ နိုင်ငံရေး ဦးဆောင်မှုပေးနေသည့် အုပ်စုများနှင့် ကိုဗစ် ကာကွယ်ဆေး၊ အခြားဆေးဝါးများ၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရေးကို ဆွေးနွေးသင့်သည်။

ထိုသို့ ပေးနိုင်ရန် ထိုင်း နှင့် ဆွေးနွေးမှုများ ရှိလာနေသည်။ ထိုထက်ပို၍ အန္တရာယ်များသည့် လှုပ်ရှားမှု အဖြစ် ရာဇဝတ်မှု မကင်းသော လုပ်ရပ်များတွင် အနည်းဆုံးအဆင့် ဖြင့် ပတ်သက်နေသော EAO များ နှင့် ဆက်သွယ်ရန် ထောက်လှန်းရေး အဖွဲ့အစည်းများကို ညွှန်ကြားသင့်သည်။

ထိုသို့ မလုပ်လိုပါက ထောက်လှန်းရေး အဖွဲ့များအား NUG နှင့် ထိတွေ့ ဆက်သွယ်ပြီး ၎င်းတို့မှ တဆင့် EAO များဖက် လှည့်သင့်သည်။ အမေရိကန် အနေဖြင့် စစ်တပ်၏ တပ်များ ရွှေ့ပြောင်းလှုပ်ရှားမှု သတင်းများ ပေးနိုင်သည်။

ထို့ကြောင့် အဆင့်မြင့် ကြည်လင်ပြတ်သားသည့် ပုံရိပ်ဖမ်း ဂြိုလ်တုများပင် မလိုဘဲ လုပ်ငန်းသုံး သာမန် ဂြိုလ်တု အဆင့်လောက်နှင့်ပင် အလုပ်ဖြစ်သည်။ NUG အနေဖြင့် ထိုမျှ လောက်ကိုပင် ဝယ်ယူရန် ငွေကြေး အားဖြင့် မတတ်နိုင်။

ဤကဲ့သို့ ပေးနိုင်မည်ဆိုလျှင် NUG ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ရှိနေသည့် PDF အဖွဲ့များအတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာနိုင်သည်။ နိုင်ငံတွင်း ပြန့်ကျဲနေသော PDF အဖွဲ့ပေါင်း ၅၀၀ နီးပါး ရှိနေပြီး ထိုအထဲမှ တဝက်လောက်သည်သာ NUG ၏ ကွပ်ကဲမှု အောက်တွင် ရှိနေသည်။

အမေရိကန် အနေဖြင့် စစ်တပ်၏ တပ်များ ရွှေ့ပြောင်းလှုပ်ရှားမှု သတင်းများ ပေးနိုင်သည်

သို့သော် NUG သည် သူတို့ အားလုံးကို အားပေးသည့် အနေဖြင့် လက်နက် ငွေကြေး နှင့် လိုအပ်သော ပစ္စည်းကိရိယာများ လုံလုံလောက် လောက် မထောက်ပံ့နိုင်လျှင် ရေရှည်အတွက် မကောင်းလှပေ။ အမေရိကန်သာ NUG အား အသိအမှတ် ပြုလာမည်ဆိုက အမေရိကန် ထောက်လှန်းရေး အနေဖြင့် အချို့ PDF များကို ၎င်းတို့ ထိန်းချုပ်ကွပ်ကဲမှု အောက်သို့ ဆွဲသွင်းနိုင်သည်။

(၆) အမေရိကန်သည် စစ်တပ်မှ ခိုလှုံလာသည့် အရာရှိကြီးများ၏ မိသားစုများအား အကူအညီများ ပေးသင့်သည်။ သို့မှသာ အဆင့်မြင့် အရာရှိကြီးများ ခိုလှုံလာအောင် ကြိုးပမ်းနေသည့် NUG အား အကူအညီပေးရာ ရောက်ပေ မည်။

၎င်းတို့အဖို့ မိသားစုများ ဘဝ လုံခြုံမှု ရှိရေး အာမခံချက်များ ရှိနေဖို့ လိုသည်။ နိုင်ငံအတွင်း စီးပွားရေး ပြိုလဲလာနေမှု၏ ဒဏ်သည် စစ်တန်းလျားများ အတွင်း ကူးစက် လာနေပြီ ဖြစ်သည်။

ထို့အတွက် နိုင်ငံ၏ သဘာဝ အရင်းအမြစ်များ ထုတ်ယူ ရောင်းချပြီး ကြီးပွားချမ်းသာနေသော စစ်တပ် ခေါင်းဆောင်ပိုင်းအား ပို၍ မှီခိုလာနေကြသည်။

(၇) အမေရိကန်သည် မြန်မာ၏ အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်း ရာဇဝတ်မှု နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တို့တွင် ထောက်လှန်းရေး သတင်းများ ဖလှယ်သင့်သည်။

မြန်မာစစ်တပ်သည် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချီ နေမှုများအပေါ် အခွန်အကောက်များ ကောက်ခံခြင်းဖြင့် ဝင်ငွေဖြောင့်နေသည်။ ထိုသို့ လုပ်ကိုင်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် NUG ကို ထောက်ခံခြင်း မရှိကြပေ။

၎င်းတို့သည် စစ်တပ်ကိုလည်း ထောက်ခံခြင်း မရှိကြဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရနေမှုကို အကာအကွယ်ယူကာ လှုပ်ရှားနေကြခြင်း ဖြစ်သည်။

ထိုင်းသည် မြန်မာစစ်တပ်အား အာဏာသိမ်းမှုတွင် အတုယူစရာ ဖြစ်ခဲ့သော်လည်း ထိုင်းနိုင်ငံ အတွင်းသို့ မူးယစ်ဆေးဝါးများ အဆမတန် ဝင်ရောက်လာနေပြီ ဖြစ်သည်။ ထိုင်းသာမဟုတ် အင်ဒိုနီရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ နယူးဇီလန် အထိပင် ကျူးကျော်လာနေခဲ့သည်။

(၈) အမေရိကန်သည် ဗီအိုအေ၊ ရေဒီယို ဖရီးအေးရှား ကဲ့သို့ အသံလွှင့် ဌာနများကို ရံပုံငွေများ ပို၍ ချပေးသင့်သည်။ သတင်းသမား တရာကျော် ဖမ်းဆီးခံခဲ့ရ၍ လွတ်လပ်သည့် သတင်းစီးမျောမှုများ ရရှိရန် အတွက် ဖြစ်သည်။

အမေရိကန်သည် မြန်မာတွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်‌ရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ပေါ်ထွန်း‌ရေး အတွက် NUG နှင့် သဘောထားချင်း တူညီနေပြီး ဖြစ်သည်။ အမေရိကန် အနေဖြင့် ထိုသို့သော အနေအထားများ ပေါ်ထွန်းရန် ဖန်တီးပေးဖို့ အချိန်ရောက်ပြီ။

NUG သည် နိုင်ငံတဝန်းသို့ ခြေတံလက်တံ မဆန့်နိုင်သေးသော်လည်း မြန်မာပြည်သူတို့ ၏ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ခွင့်ရရေး အတွက် တခုတည်းသော မျှော်လင့်ချက် ဖြစ်နေသည်။

လူ့အခွင့်အရေးများ တိုးတက်ဖြစ်ထွန်းရေးသည် အမေရိကန် နိုင်ငံခြားရေး မူဝါဒ၏ ဗဟိုချက်မဟု ဘိုင်ဒင်က ပြောဆိုခဲ့ပြီးဖြစ်၍ စကား သက်သက် မဟုတ်ကြောင်း သက်သေ ပြရတော့မည် ဖြစ်သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai

Be the first to comment on "အမေရိကန်သာ NUG ကိုလက်တွေ့ကူညီရင် တော်လှန်ရေး ပိုအောင်မြင်နိုင်"

Leave a comment

Your email address will not be published.


*