ခြေရာထင်လာပြီဖြစ်တဲ့ လေးခွကိုင် တော်လှန်ရေး

အနော်ရထာစစ်ဆင်ရေး အသံကျယ်ကျယ်မြည်ခဲ့တယ်။ အသင်္ခယာစစ်ဆင်ရေး၊ အလောင်းစည်သူစစ်ဆင်ရေး မိုးခြိမ်းသံတွေပေးခဲ့တယ်။ ခြိမ်းပေမယ့် ရေမပါတဲ့မိုးနဲ့ တိုးပြန်တယ်။

ချင်းတောင်ပေါ်တက်သွားတဲ့၊ စစ်ကြောင်းကြီး၂ကြောင်း၊(မင်းတပ်က တစ်ကြောင်း၊ ကလေးက တစ်ကြောင်း) မယ်မယ်ရရ တိုက်ပွဲမဆင်၊ အောင်ပွဲမရပဲ ချင်းတောင်လမ်းကျဉ်းပေါ်မှာပဲ ကလေးက တက်သွားလိုက်၊ ပြန်ဆင်းလာလိုက်၊ (လမ်းမှာမိုင်းခွဲခံလိုက်) ဖလမ်းဘက်ကနေ ဟားခါးကို ပြန်သွားလိုက်(ဖြတ်အတိုက်ခံလိုက်) နဲ့ တစ်ယောက်တည်း တိုင်ဦးတန်းကစားနေတာတွေ့ရတယ်။

(ကျားထိုးကစားနည်းမှာဆိုရင်တော့ ကျားကုန်ကစားနည်းနဲ့ တူမလားပဲ။) နာမည်ကျော် ထန်တလန်မြို့ကို မီးလောင်တိုက်သွင်းခဲ့တဲ့ စစ်ပွဲကို အောင်ပွဲလို့ ယူဆရင်တော့၊ အောင်မြင်ကျော်ကြား၊ ဂုဏ်သတင်းသင်းလှပါပေတယ်လို့ လက်ခုပ်လက်ဝါးတီးပေးရမှာပဲ။

မင်းတပ်က တက်သွားတဲ့ စစ်ကြောင်းနဲ့ သူ့ကိုကူဖို့ မတူပီက ဆင်းလာတဲ့စစ်ကြောင်း၊ မိုင် ၆၀နဲ့ မိုင်၇၀မှာပေါင်းဆုံမရ၊ ဒစ်လည်နေကြတဲ့သတင်းတွေလည်းဖတ်ရတယ်။ အရင်ကဆို ပွင့်လင်းရာသီမှာ စစ်တပ်ဟာ စစ်ဆင်ရေးကာလကို စတင်ကြတာ ထုံးစံ။

သူတို့က စစ်မျက်နှာဖွင့် စတိုက်ကြတယ်ပေါ့။ ခု ချင်းတောင်မှာက တစ်မျိုး။ မိုးရွာပြီးရာသီဆိုးလို့တဲ့၊ တော်လှန်ရေးအင်အားစုတွေက သူတို့ စိုးမိုးထားတဲ့ မင်းတပ် – မတူပီလမ်းပိုင်းကို တိုက်ပွဲမဆင်နိုင်ဘူးဆိုပြီး စိတ်ပျက်လက်ပျက်ပြောကြတယ်။

ဟော ခု ရာသီလေးနည်းနည်းကောင်းလာတော့ တိုက်ပါလေရော။ ၀၄၁၁၂၁ မနက်(၈)နာရီမှာ ၆မိုင်နဲ့ ၉မိုင်မှာ ၂ပွဲ။ခလရ ၂၇၄ ကို ဧည့်ခံတာ။ နေ့လည် ၂နာရီမှာ မိုင်တိုင် ၄၃မှာတစ်ပွဲ။ မတူပီကနေဆင်းလာတဲ့ သံချပ်ကာ၂စီးအပါ၊ ရ၅စီးပါ ယာဉ်တန်းကို ၂ဘက်ညှပ်တိုက်တာတဲ့။

အဲ့ဒီယာဉ်တန်းကြီးတက်သွားတုန်းကတော့ ရာသီဥတုဆိုးနေလို့ ၂ကြိမ်ပဲ ဖြတ်တိုက်နိုင်ခဲ့ပြီး၊ ခုရာသီသာတော့ တစ်ရက်တည်း သုံးပွဲကျွေးလိုက်ကြတာလို့ဆိုတယ်။

မနေ့ကလည်း မိုင်တိုင် ၄၈မှာတစ်ပွဲဖြတ်တိုက်တာ စကစ ၁၀ယောက်လောက်ကျတယ်လို့ CDF တာဝန်ရှိသူကပြောတယ်။ ဖတ်ရသမျှ သတင်းအချက်အလက်တွေကို မြေပုံပေါ်မှာတေးမှတ်ထားတာအရ ပြောရရင် မင်းတပ်-မတူပီလမ်းပိုင်းကို စိုးမိုးထားတာ တော်လှန်ရေး အင်အားစုတွေပဲ။

လမ်းကို အပြီးပိတ်မထားနိုင်ပေမယ့်၊ ဒီလမ်းသုံးနေသမျှ ဘယ်တော့မှ စိတ်ချလက်ချမသုံးနိုင်အောင် ဖြတ်တိုက်၊ မိုင်းထောင်ထားနိုင်တာတွေ့ရတယ်။ ဒီလမ်းပိုင်းတင်လားဆိုတော့မဟုတ်သေးဘူး။ ဆောကနေ မင်းတပ်လမ်းမပေါ် ရင်ရဲမှာလာဆုံတဲ့ လမ်းပိုင်းမှာလည်း မိုင်းတဒိုင်းဒိုင်းခွဲနေ ကွဲနေတာပဲ။

၀၄၁၁၂၁မှာ မတူပီ-မင်းတပ်လမ်းတောင်ဘက် မိုင်သုံးလေးဆယ်လောက်အကွာက CDF ထိန်းချုပ်နယ်မြေ ကျင်ဒွေးမှာ ရွာထဲဆိုင်ကယ်တွေနဲ့ဝင်လာလို့ဆိုပြီး ဆီးဆော်သေးသတဲ့။ ဆိုရရင် အဲ့ဒီရွာဝန်းကျင်ကို CDF ကချုပ်ကိုင်ထားတဲ့သဘောပေါ့။

သူ့အနောက်မြောက် ဆယ်မိုင်သာသာက ခါနန်း မှာလည်း ၂၇၀၇၂၁ က တိုက်ပွဲဖြစ်ထားတယ်။ ခါနန်းနားက မကွီအိမ်နူးမြို့လေးကို ၂၄၀၇၂၁ နေ့ကတည်းက သိမ်းထားတာ ခုထိပဲ။ အဲ့ဒီတော့ ကျွဲပြဲစီးတဲ့ အနော်ရထာလည်း ချင်းတောင်မှာ ခြိမ်းသာခြိမ်းပြီး မရွာတဲ့မိုးဖြစ်နေတော့တယ်။

မုံရွာမှာ အင်အားထောင်ချီအခြေစိုက်ပြီး အနောက်မြောက်လွင်ပြင်နဲ့ မဟူတောင်ရိုးကို ထိုးစစ်ဝင်ဖို့ပြင်နေတာနဲ့ တကယ့်လက်ရှိအခြေအနေကတော့ အကျယ်ကြီးပြောရမှာမို့၊ ဒီနေရာမှာ မပြောသာဘူး။ ဒါပေမယ့် သေချာပေါက်ပြောနိုင်တာက ချင်းတွင်းကို ဆန်တက်တဲ့ ရိက္ခာခဲယမ်းသယ်ရေယာဉ်တွေကို ကနီမင်းကင်းနယ်က (၈)နေရာလောက်ဖြတ်တိုက် တယ်ဆိုကတည်းက နယ်မြေစိုးမိုးမှု ဘယ်သူ့ဆီမှာလဲ ဆိုတာမြင်သာတယ်။

လေယဉ်ပစ်ကူပါသုံးခဲ့ရတဲ့ ကာပေါင်းကျရွာဝန်းကျင်နဲ့ သူ့မြောက်ဘက်က သဖန်းဆိပ်ဆည်ဝန်းကျင်ကရွာတွေ ( ကျွဲတဲ၊ အင်ဒိုင်း၊ သဖန်းဆိပ်၊ စံပြ၊ ငါးပတ်အိုင်၊ လယ်လု၊ တင်ငုတ်ကြီး) ရွာတွေကို လူအင်အား ငါးရာသုံးပြီး အတင်းဝင် PDF ရှာနေရတယ်ဆိုတဲ့အခြေအနေဟာ အလောင်းစည်သူ စစ်ဆင်ရေးရဲ့ အရူးမီးနင်းအောင်မြင်မှုလို့ ပြောရမလား၊ ပြည်သူ့တော်လှန်ရေးမီးရဲ့ ကျယ်ပြန့်မှုလို့ ဆိုရမလား။

ကယားဘက်ကိုလှည့်ကြည့်တော့၊ ဖယ်ခုံကို ဒီလိုမြင်ရတယ်။ ဖယ်ခုံမြို့ပေါ်မှာ ခြေမြန်တပ်ရင်း ခမရ-၃၃၆၊ ခမရ- ၄၂၁၊ အင်ဂျင်နီယာတပ်၊ အမြောက်တပ်နဲ့ ဆက်သွယ်ရေးတပ်တို့ တပ်စွဲထားတယ်။ တစ်နိုင်ငံလုံးမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၀ ရှိတယ်။ အဲ့ဒီ့ထဲက (စကခ-၇) ဟာ ဖယ်ခုံမြို့မှာ အခြေစိုက်ထားတယ်။

အဲ့ဒီမြို့ကို ၂၂၁၀၂၁နေ့က ကယားတော်လှန်ရေးတပ်သားငါးယောက်က တိုက်ပွဲဝင်ရိုင်ဖယ်တစ်လက်ပဲပါပြီး ခမရ၃၃၆ ကင်းစခန်းကို ဝင်စီးတယ်။ ကင်းတဲမှာကင်းစောင့်နေတဲ့ (စစ်သားဇနီး၃ဦးအပါ) ငါးဦးသေပြီး လက်နက်ငါးလက်ယူသွားတယ်။

အဲ့ဒီပွဲပြီးကတည်းက ဖယ်ခုံဝန်းကျင်ကို မဲနေတော့တယ်။ ရွာတွေကို ဝင်ရှာတယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ ခုဆို ကာသဲ၊ လာဝှဲ၊ စက်တော်၊ ခေါင်းအီ၊ လွယ်လုံ စတဲ့ ကျေးရွာတွေက လူဦးရေ ၂,၀၀၀ ခန့်အပြင် ဖယ်ခုံမြိုပေါ်မှ လူဦးရေ သုံးပုံနှစ်ပုံလည်း စစ်ဘေးရှောင်နေရပြီ။

ဒါပေမယ့် စကစဟာ မြို့တွေကိုပဲ ထိန်းထားနိုင်ပြီး မြို့ပြင်ထွက်တိုင်း အပစ်ခံနေရတဲ့ နယ်မြေ အခြေအနေ။ ရွာတွေကို ရမ်းသမ်းပစ်၊ အိမ်မီးရှို့ ၊ ပစ္စည်းယူလုပ်နေတော့ KA,KNDF,PDF တွေကလည်း ထွက်လာသမျှခံတိုက်နေတယ်။

ဒီတော့ နေ့တိုင်း တိုက်ပွဲရှိနေတယ်။ သူတို့အင်အားကလည်းများတယ်။ အားလုံးတူမီးလည်း မဟုတ်တော့ဘူးဆိုတော့ စကစ ဟာ မြို့စောင့်တပ်သာသာဖြစ်နေတယ်လို့ ပြောလို့ရမယ်။ မြို့ကျအောင် မတိုက်နိုင်ရင်တောင် အဲ့ဒီမြို့ကို ပတ်ဝိုင်းဖြတ်ထားလိုက်ရင် စကစ စစ်ဆင်ရေးကိစ္စတွေ အတော်ခွကျကုန်မယ်လို့ မြင်မိတယ်။

အခုမိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆိုဘက်ကို ဆင်းဖို့ ပင်လောင်းဘက်က တစ်လမ်း၊ ဆီဆိုင်ဘက်က တစ်လမ်းရှိပေမယ့် ပင်လောင်းလမ်းကိုပဲ သုံးတယ်။ မိုးဗြဲအရှေ့ခြမ်း ဆီဆိုင်ဘက်ကလမ်းမှာ တိုက်ပွဲသတင်းမရှိဘူး။ စစ်ကြောင်းဆင်းတဲ့ သတင်းမရှိဘူး။

တကယ်လို့ ဖယ်ခုံကိုသာ မလှုပ်နိုင်အောင် ထိန်းထားလိုက်ရင် အောက်ဘက်က သူ့တပ်တွေဆီ ရိက္ခာခဲယမ်းကအစ ရဟတ်ယာဉ်နဲ့ပို့မှရမယ့် အခြေအနေမျိုးဖြစ်တော့မယ်။ အောက်မှာက တန်းစီနေတဲ့မြို့တွေ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ မော်ချီး။ သုံးစရာကားလမ်းက တစ်လမ်းတည်း။

လွိုင်ကော်နဲ့ မိုးဗြဲကြားကလမ်း၊ လွိုင်ကော်နဲ့ ဒီမော့ဆိုကြားကလမ်းတွေလည်း PDFက စိုးမိုးထားတာတွေ့ရတယ်။ ကြာရင် စကစတွေ တစ်မြို့နဲ့ တစ်မြို့ကူးဖို့တောင် သူတို့ဆီက ခွင့်ပြုချက် တောင်းရမလိုဖြစ်လာတော့မယ်ထင်တယ်။

ချင်းမှာ အုပ်ချုပ်ရေးစထူထောင်နေသလို၊ ကယားမှာလည်း ရဲတပ်ဖွဲ့ကစ အုပ်ချုပ်ရေးရှိနေ၊ အုပ်ချုပ်နေပြီ။ စကစ တပ်တွေဟာ မြို့တွင်းတွေမှာသာ ထိုင်ရင်း၊ ဟိုသွားလိုက်ဆို ထသွား၊ ဒီတိုက်လိုက်ဆို လိုက်တိုက်အဆင့်ဖြစ်နေပြီထင်တယ်။

အနောက်မြောက်လွင်ပြင်မှာတောင် နွားခိုးမှုကို PDFတိုင်တော့ PDF က လိုက်ဖြေရှင်းပေးလိုက်တယ်ဆိုတာဖတ်ရတယ်။ အုပ်ချုပ်ရေးမှူးတွေ သောက်သောက်လဲထွက်နေတဲ့သတင်းကလည်း နေ့စဉ်နဲ့အမျှပဲ။

လေးငါးခြောက်လအတွင်းမှာပဲ၊ လေးခွကိုင် မီးပုလင်းကိုင် တော်လှန်ရေးဟာ ခြေရာထင်လာနေတာ ထင်းထင်းမြင်သာနေပြီပဲ။

ပြည်သူအပေါင်း ကပ်ဘေးကင်းကွာ၊ ကျန်းမာစွာရှိပါစေ။

Nyein Aye Eain

Be the first to comment on "ခြေရာထင်လာပြီဖြစ်တဲ့ လေးခွကိုင် တော်လှန်ရေး"

Leave a comment

Your email address will not be published.


*