မနေ့က ( နိုဝင်ဘာလ ၁ ရက်နေ့ ) အမေ့အသက် ၇၅ နှစ်ပြည့်သည်။ တိုက်ဆိုင်လွန်းစွာ သူ့မွေးနေ့တွင် အမေ့အိမ်ကို ယောကျာ်းလုပ်သူ ကြောင့် ချိတ်ပိတ်ရပါမည် လို့ ခေါ်ပြောသည်။
အမေ့အိမ်ခေါ်ခေါ် အဖေ့အိမ်ခေါ်ခေါ် ဤအိမ်သည် အနီးမှာရှိနေသည့် သားသမီးတွေအတွက်ရော အဝေးရောက် သားသမီးတွေအတွက်ရော မိသားစု၏ စိတ်ဝိဉာဉ်များ ပေါင်းစုနေသော အိမ်ဖြစ်သည်။
ဤအိမ်တွင် ခေတ်တာဝန်ကို မကြောက်မရွံ့ ရဲဝံ့စွာ ထမ်းရွက်ခဲ့သူ အဖေ အမေ တို့၏ ခွန်အား နှင့် စိတ်ဝိဉာဏ်များ ကိန်းအောင်းလို့နေသည်။
ထို့အပြင် ဤ အိမ်သည် ခေတ်အဆက်ဆက်ပညာရည်နို့လာရောက်သောက်စို့ခဲ့ကြပြီး ဆရာဝန်ကြီး သူနာပြုဆရာမကြီး အင်ဂျင်နီယာကြီး စစ်ဗိုလ်ကြီး ကျောင်းဆရာမကြီး ဖြစ်သွားကြသူများနှင့်
ကုန်သည် ပွဲစား လက်လုပ်လက်စား တောသူတောင်သား ဆင်းရဲချမ်းသာ အလွှာစုံတပည့်တွေ၏ စာအံသံများကို သိုမှီးထားသည့်အိမ် လည်းဖြစ်သည်။
အရင်ခေတ်က နိုင်ငံရေး လုပ်သူ ဖခင်ကို ဒုက္ခပေးချင်တော့ မိခင်ကျောင်းဆရာမ အထက်တန်းပြကို ရှမ်းပြည်နယ် မဘိမ်းကို ရွှေ့ပစ်သည်။ မရွှေ့နိုင်ဘူးဆိုတော့ ထွက်စာတင်တဲ့။
ကျမမှာ အပြစ်မရှိလို့ ထွက်စာလည်းမတင်နိုင်ဘူး ဖြုတ်လိုက်ဆိုတော့လည်း တရားဝင် ဖြုတ်စာလည်း ထုတ်မပေး။
ဒီလိုနဲ့ပဲ အမေ့ကျောင်းဆရာမ လုပ်သက် ၂၈ နှစ်သည် အလုပ်ပြုတ်သည်လည်းမဟုတ်၊ အလုပ်ထုတ်ခံရသည်လည်းမဟုတ်၊ ပင်စင်လည်း မရ၊ ကျောင်းတွင်လည်း စာသင်ခွင့်မရတော့။
ကျူရှင်သင်ပြန်တော့လည်း ကျောင်းသားတွေ မလာရဲစေရန် ဝါဒဖြန့်တာတွေသုံးသည်။ အဲ့ဆရာမရဲ့ ယောကျာ်းက နိုင်ငံရေးလုပ်တာ အန္တရယ်ရှိတယ် သွားမတက်နဲ့။
ဝင်ငွေနဲပြီး မိသားစုမရပ်တည်နိုင်လျှင် ဖခင်နိုင်ငံရေး မလုပ်နိုင်ပဲ ပြိုဆင်း သွားလိမ့်မည်ပေါ့။ လမ်းမှာတွေ့ရင် နှုတ်မဆက်ရဲအောင် Social Punishment ဖြစ်စေဖို့ အစိုးရဝန်ထမ်းဆိုသူများကို နှုတ်မဆက်ရ ဖိအားပေးသည်။
ကြောက်တတ်သည့် တစ်ချို့သော သူ့တပည့်များသည် လမ်းတွေ့လျှင် မသိချင်ယောင် ဆောင်သွားခဲ့ကြသည်။
ဒီလိုတွေကြားထဲက သားသမီး ၅ ယောက်ကို ကျောင်းပြီးသည်အထိ ရုန်းကန်ခဲ့သည့် အမေ့ရဲ့ သတ္တိသည် စာတင်လောက်သည်။
အာဏာရှင်ကို ဆန့်ကျင်လို့ထောင်ကျနေသည့် သားကြီးအတွက် ထောင်ဝင်စာလိုက်တွေ့ရ၊ ခဏလောက်လိုက်ခဲ့ပါဦးဆိုပြီး ဘယ်ခေါ်လို့ခေါ်သွားမှန်းမသိ ဘယ်တော့ပြန်လာမယ်မှန်းမသိသည့်
ယောကျာ်းဖြစ်သူကို စိတ်ပူရ၊ ကျောင်းတက်နေဆဲ သားသမီးတွေအတွက် တက္ကသိုလ်ကျောင်းစရိတ် ရှာရ နဲ့ အမေတစ်ယောက် အတော်ပင်ပန်းခဲ့သည်။
ဒီလောက် နှိပ်ကွပ်ဖိနှိပ် ယုတ်မာနေသည့်ကြားမှ မိသားစုယန္တရားလည်ပတ်အောင် မျက်ရည်ကျရင်း စိတ်ပုတီးစိတ် ကျော်ဖြတ်ခဲ့သည့် အမေ သည် ယခုအချိန်တွင် မိသားစုနှင့်အတူ စိတ်အေးချမ်းသာစွာ နေထိုင်ခွင့်ရသင့်ပြီ။
သူတို့ ဘဝတစ်လျှောက်လုံးကို ကျောင်းဆရာတစ်ပိုင်း နိုင်ငံရေးသမား အဖြစ်၊ ကျောင်းဆရာမကြီးအဖြစ် ရိုးရှင်းစွာ ဖြတ်သန်းခဲ့ကြသည်။
တစ်ခေတ်တစ်ချိန်တုန်းက နံရံကို သွားဆောင့်ရင်တော့ သွေးထွက်တာ မဆန်းဘူး လို့ပတ်ဝန်းကျင်ကပြောသည်ကို သွေးအထွက်ခံဆောင့်ပြပြီး ဒီမိုကရေစီခရီးကြမ်းကို လှမ်းခဲ့ကြသည်။
သူတို့ မျိုးဆက်၏ အနစ်နာခံ ရဲရင့်မှုကြောင့် တစ်ပိုင်းတစ်စ ဒီမိုကရေစီ အသီးအပွင့်ကို ထိတွေ့ခွင့်ရခဲ့ကြသည်။
အနာဂတ်အလင်းရောင်များ ထွန်းလင်းနေသည့် တိုင်းပြည်သည် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ရုတ်ချည်း မှောင်ကျသွားသည်။
တိုင်းပြည်မနာစေရန် အကြမ်းမဖက် စေ့စပ်ညှိနှိုင်းနည်းဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ခေါင်းလျှိုဝင်ပြီး လွှတ်တော် နိုင်ငံရေးလည်းလုပ်ခဲ့ကြသည်။
ကျားသနားမှ သမင်ချမ်းသာ ဗိုလ်ကျ အနိုင်ကျင့်မှု အပြီးသတ်ရေးအတွက် ဤတစ်ကြိမ်တွင်လည်း သူ့ရှေ့မှောက်ရောက်လာသည့် သမိုင်းတာဝန်ကို မငြင်းဆန်ခဲ့ပြန်။
သို့အတွက်ကြောင့်…… အိမ် ကို ချိတ်ပိတ်သည်။ တနည်းအားဖြင့် မိသားစုဝင်တွေကို အိမ်ပေါ်မှ နှင်ချခြင်းဖြစ်သည်။
ကျန်လူများ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ် နမူနာအနေနဲ့ ကြည့်သာထားကြ ဆိုသည့် သဘောမျိုးဖြစ်သည်။
မြန်မာပြည် ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် အမေ့ရဲ့ ပျဉ်ထောင်အိမ်လေးက အုတ်တချပ်အဖြစ် သမိုင်းဝင် ကမ္ဗည်းထိုးခဲ့ပြီ ဖြစ်သည်။
Saw Min Htike Kyaw
Be the first to comment on "“ ပြည်သူပိုင်အိမ် ဆိုတာ ”"