ဗဟိုဘဏ် သိန်း ၂၀၀ ကြေညာချက်အတွက် မေးခွန်းများ

မောင်စီးပွား

အရပ်သားအစိုးရနှစ်ဆက် ဗဟိုဘဏ်ရဲ့ ကောင်းမြတ်တဲ့ဂုဏ်တွေဟာ ဒီကနေ့ နိုဝင်ဘာလ ၃ ရက် ကြေညာချက်ထွက်အပြီးမှာတော့ လက်ပြနှုတ်ဆက်သွားပါပြီ။ ဒီတော့ ဘာ့ကြောင့်ဒီလိုပြောလဲဆိုတာကို “ဗဟိုဘဏ် သိန်း ၂၀၀ ကြေညာချက်အတွက် မေးခွန်းများ”ဆိုတဲ့ Mercury_Special_Program အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၃ ရက်မှာ ဗဟိုဘဏ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ ဆိုလိုရင်းကတော့ ကျပ်သိန်း ၂၀၀ ကျော်တဲ့ အခြေပစ္စည်းနဲ့ ကုန်ပစ္စည်းတွေ ရောင်းဝယ်ရင် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်နဲ့ ပေးချေရမယ်လို့ ဗဟိုဘဏ်က ကြေညာပါတယ်။ မလိုက်နာရင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူမယ်လို့လည်း ဗဟိုဘဏ်ဥက္ကဌ ဦးသန်းညိမ်းက လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်တာပါ။

(၁) ဘာ့ကြောင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းလဲ

ဘာ့ကြောင့် ဒီလိုထုတ်ပြန်ရလဲဆိုရင် ငွေပေးချေမှုနည်းလမ်းတွေ ပိုမိုအဆင်ပြေလွယ်ကူအောင်ဆိုပြီး ကြေညာပါတယ်။ ဒီနည်းလမ်းကို ဘာ့ကြောင့်လုပ်လဲဆိုတာ ဗဟိုဘဏ်က သူ့ကြေညာချက်မှာ ဖော်ပြထားပေမဲ့ အဓိကလုပ်ရတဲ့အကြောင်းရင်းက ပြည်တွင်းမှာ ငွေသား(Cash)ရှားပါးလို့ပါ။

ငွေသားရှား၊ မရှားဆိုတာ ထူးထူးခြားခြားပြောစရာလိုမယ်မထင်ပါဘူး။ စာဖတ်ပရိသတ်တွေ ဘဏ်ထဲမှာ ငွေရှိရင် မနက်ဖြန်သွားထုတ်ကြည့်ပါ။ မရရင် ငွေသားရှားလို့ဆိုတာ ယုံကြည်လို့ရပါတယ်။

ငွေသားရှားတော့ နစက အနေနဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းဘက်ကို အာရုံရောက်ပါတယ်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းဆိုတာကလည်း လူတွေရဲ့ ယုံကြည်မှုနဲ့ လုပ်ရတာပါ။ လူတွေက ဘဏ္ဍာရေးစနစ်ကို မယုံကြည်တဲ့အခါ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းဆိုတာကလည်း အောင်မြင်လေ့မရှိပါဘူး။ ဒီလို မအောင်မြင်လို့သာ လူတွေက ကိုယ့်ရဲ့ Mobile_Banking တို့၊ ဘဏ်တွေနာမည်နဲ့လုပ်တဲ့ Bank Pay တွေထဲကနေ ငွေသားကို ရာခိုင်နှုန်းတစ်ခုပေးပြီး ထုတ်နေကြတာပါ။

မေးခွန်း (၂) အခြေပစ္စည်းဆိုတာ ဘာလဲ

ဗဟိုဘဏ် ကြေညာချက်မှာ အခြေပစ္စည်းနဲ့ ကုန်ပစ္စည်းရောင်းဝယ်မှုအတွက် ငွေပေးချေရာမှာလို့ ဖော်ပြထားပါတယ်။ ဒီတော့ အခြေပစ္စည်းဆိုတာ ဘာပါလဲ။

အခြေပစ္စည်းဆိုတာ မြေ၊အဆောက်အအုံ၊ အခန်းတွေ၊ ယာဉ်နဲ့ လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်းတွေကို ပြောတာပါ။ နောက်ပြီး အခြေပစ္စည်းထဲမှာ အစုရှယ်ယာနဲ့ ကတိခံဝန်ချုပ်တို့အပြင် ငွေချေးသက်သေခံလက်မှတ်တွေနဲ့ အဲဒီလို အလားတူစာချုပ်စာတမ်းတွေလည်း ပါဝင်ပါတယ်။

ဒါတွေရောင်းဝယ်ရင် ဒီကြေညာချက်နဲ့ အကျုံးဝင်ပါတယ်။

မေးခွန်း (၃) ဘဏ်အကောင့်အဟောင်းထဲက ငွေနဲ့ပေးချေလို့ရလား

ဆိုခဲ့သလို အခြေပစ္စည်းတစ်ခုကိုဝယ်မယ်ဆိုပါစို့။ ဝယ်တဲ့သူက ဘဏ်အကောင့်အဟောင်းထဲက ငွေကို Mobile Banking တို့၊ Bank Pay တို့နဲ့ပေးရင် လက်ခံမှာလား။ လက်ခံတယ်ဆိုရင်လည်း အဲဒီဘဏ်အကောင့်ထဲကိုဝင်သွားတဲ့ငွေကြေးကို သူ့အနေနဲ့ လွယ်လွယ်ကူကူပြန်ထုတ်လို့ရမှာ မဟုတ်ပါဘူး။ ဘဏ်ထဲက ငွေကြေးကို ပြန်ထုတ်ဖို့ အတော်ကို အလုပ်ရှုပ်ခံရပါလိမ့်မယ်။

မေးခွန်း (၄) ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းနဲ့ ငွေချေရင် % ပေးရမလား

ဒါကလည်း အဓိကျတဲ့ ပြဿနာပါ။ အခုတောင် ကိုယ့်လက်ထဲငွေသား(Cash) မရှိလို့ အသုံးလိုတဲ့အခါ Mobile Banking တို့၊ Bank Pay တို့ထဲက ငွေရဖို့ ရာခိုင်နှုန်းတစ်ခုပေးပြီး လဲလှယ်နေကြရပါတယ်။ ရာခိုင်နှုန်းကလည်း အနည်းဆုံး ၅ ရာခိုင်နှုန်းကစပြီး အမျိုးမျိုးဖြစ်နေတာပါ။

Mercury စာဖတ်ပရိသတ်တွေ ပိုရှင်းသွားအောင် ဥပမာတစ်ခုကို ကြည့်ပါ။

လူတစ်ယောက်ဟာ အရေးပေါ်ငွေလိုလို့ သူ့ရဲ့တိုက်ခန်းကို ကျပ်သိန်း ၂၅၀ နဲ့ရောင်းပါတယ်။ ဒီတော့ ဝယ်မဲ့လူလည်းရှိပါတယ်။ ဒါပေမဲ့ ဝယ်သူက ကျပ်သိန်း ၂၅၀ ကို Mobile Banking က လွှဲပေးပါတယ်။ နောက်တစ်ခုကတော့ ၅ ရာခိုင်နှုန်း ထပ်ဆောင်းပြီး ပေးရမှာလား။ ကျပ်သိန်း ၂၅၀ ကို ၅ ရာခိုင်နှုန်းထပ်ဆောင်းပေးရမယ်ဆိုရင် ၁၂.၅ သိန်းထပ်ပေးရမလားပေါ့။ ပေးရမယ်ဆိုရင် ဝယ်သူအနေနဲ့ တိုက်ခန်းရဲ့တန်ဖိုးက ကျပ်သိန်း ၂၅၀ မဟုတ်တော့ဘဲ ၂၆၂.၅ သိန်းပေးရသလိုဖြစ်သွားပါတယ်။

မပေးရဘူးဆိုရင်ရော ရောင်းသူက လက်ခံမှာလား။

ကိုယ်သာ ငွေလိုလို့ တိုက်ခန်းရောင်းမယ်ဆိုပါစို့။ Mobile Banking က ငွေချေတာကို လက်ခံမှာလား။ Bank Pay ကနေ ဆိုရင်ရော။ နောက် ရာခိုင်နှုန်းမရဘဲဆိုရင်ရော အဆင်ပြေရဲ့လား။ စဉ်းစားဖို့က ကိုယ်က ရာခိုင်နှုန်းမရဘဲ ယူလိုက်ရင် အဲဒီငွေကို ပြန်ထုတ်ဖို့ လိုအပ်လာတဲ့အခါ ကိုယ်ကတော့ အနည်းဆုံး ၅ ရာခိုင်နှုန်းပေးရပါလိမ့်မယ်။ ဒီတော့ ငွေလိုလို့ တိုက်ခန်းရောင်းလို့ ရတဲ့ငွေက သိန်း ၂၅၀ ကနေ ၂၃၇.၅ သိန်းပဲ ကျန်ပါလိမ့်မယ်။

မေးခွန်း (၅) ကြေညာတဲ့အတိုင်းမလုပ်ရင် သူတို့ဘယ်လိုသိနိုင်မလဲ။ ဘယ်လိုအရေးယူမလဲ။

ဒါဟာ ခက်ခဲတဲ့မေးခွန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကြေညာချက်တွေအကြောင်းတော့ စာဖတ်ပရိသတ်တွေက ပိုသိပါတယ်။ အများစုက သက်ရောက်မှုအားနည်းပါတယ်။ အခုကိစ္စမှာလည်း လူတစ်ယောက်နဲ့တစ်ယောက် အရပ်ထဲမှာ အရောင်းအဝယ်လုပ်ပြီဆိုပါစို့။ သူတို့ဘယ်လိုသိမလဲဆိုတာ မေးစရာဖြစ်ပါတယ်။ ကြေညာချက်တို့၊ ဥပဒေတို့ဆိုတာမျိုးက အားလုံးကို လွှမ်းခြုံတာမျိုး ဖြစ်သင့်ပါတယ်။ အခုတော့ ဒီလိုမဖြစ်ပါဘူး။

နောက်တစ်ပိုင်းက ဘယ်လိုအရေးယူမလဲဆိုတာပါ။ ထုတ်ပြန်ချက်မှာတော့ သူတို့ကိုယ်တိုင်တောင် “တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူးခြင်းခံရမည်”ဆိုပြီး ရေးတာပါ။ ဘယ်ဥပဒေအရ အရေးယူခံရမယ်ဆိုပြီး အတိအကျ ရေးထားတာမျိုး မရှိပါဘူး။

(၆) ဗဟိုဘဏ်က ဒီလိုမျိုးမေးခွန်းတွေကို မသိဘူးလား။ ကြိုမစဉ်းစားဘူးလား။

ဗဟိုဘဏ် မသိဘူးဆိုတာ မဟုတ်ပါဘူး။ ဗဟိုဘဏ်ဆိုတာ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဆိုင်ရာနယ်ပယ်မှာ အထူးတလည်ကျွမ်းကျင်လို့ ဒီလိုအရေးကြီးတဲ့နေရာမှာ တာဝန်ထမ်းနေတာပါ။ ဒါဖြင့် ဘာ့ကြောင့် ဒီလိုထုတ်ပြန်ချက်ထုတ်လဲဆိုရင် ဓားမိုးခံထားရလို့ပါ။

ဓားမိုးခံထားရတဲ့ ပညာရှင်ဆိုတာ ဘယ်တော့မှ ပညာစွမ်းပြလို့မရပါဘူး။ ပညာစွမ်းပြလို့မရရင် ပညာရှင်တွေလည်း မပျော်ပါဘူး။ အာဏာရှင် ဦးနေဝင်းလက်ထက်မှာ ကမ္ဘာကျော်တဲ့ မြန်မာစီးပွားရေးပညာရှင်တွေ ပြည်ပကို ဘာလို့ထွက်ကြသလဲ၊ ပြည်ပရောက်နေတဲ့ ပညာရှင်တွေကရော ပြည်တွင်းကို ဘာလို့ပြန်မဝင်လာကြလဲ။ အဓိကတော့ ဓားမိုးခံရရင် ပညာရှင်ဟာ မပျော်လို့ပါ။

အရပ်သားအစိုးရနှစ်ဆက်မှာ ငွေကြေးဖောင်းပွမှုတည်ငြိမ်အောင်၊ ဒေါ်လာဈေး ငြိမ်အောင်၊ တစ်ဒေါ်လာခြောက်ကျပ်ကနေ ငွေလဲနှုန်းရှင်ဖြစ်အောင် လုပ်ခဲ့ကြတာလည်း ပညာရှင်အပြောင်းအလဲရှိပေမဲ့ ဒီဗဟိုဘဏ်ပါပဲ။ ဒါ့ကြောင့် ဗဟိုဘဏ်ရဲ့ကောင်းမြတ်တဲ့ဂုဏ်တွေဟာ ဆောင်းပါးအစမှာ ပြောခဲ့သလိုပဲ ကုန်ခမ်းသွားခဲ့ပါပြီ။

(၇) ဒါဆိုဘာဆက်ဖြစ်မှာလဲ။

ဘာမှ ဆက်မဖြစ်ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ နိုင်ငံရေးသမားထက် ပိုပြီး လည်လည်ဝယ်ဝယ်ရှိသလို ခေတ်အခြေအနေကို ကောင်းကောင်းအကဲခတ်တတ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးတို့ ရွေးကောက်ပွဲတို့မှာတောင် နိုင်ခြေရှိတဲ့ဘက်ကို ပုံအောလောင်းသလို နိုင်ခြေနည်းတဲ့ဘက်ကိုလည်း အရန်အနေနဲ့ လောင်းကြေးထပ်ကြတာပေါ့။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လူလတ်တန်းစားပြည်သူတွေ၊ ဝင်ငွေနည်းပြည်သူတွေအနေနဲ့ကတော့ မမှားသင့်တာ မမှားရအောင်၊ ပိုပြီးတွေးဆနိုင်အောင် ဒီကြေညာချက်ဟာလည်း အရင်ကြေညာချက်တွေလိုပဲ ထိရောက်မှုအားနည်းတဲ့ကြေညာချက်တစ်ခုပဲဖြစ်လာလိမ့်မယ်ဆိုတာကို Mercury_Special_Program ကနေ ပရိသတ်တွေ သတိပြုမိဖို့ တင်ဆက်ပေးလိုက်ပါတယ်။

Mercury_Media

Be the first to comment on "ဗဟိုဘဏ် သိန်း ၂၀၀ ကြေညာချက်အတွက် မေးခွန်းများ"

Leave a comment

Your email address will not be published.


*