စစ်ကောင်စီ၏ သူရဲဘောကြောင်ပြီး ရှက်စရာကောင်းသော အလောင်းမင်းတရား အထူးစစ်ဆင်ရေး

စစ်ကောင်စီ၏ သူရဲဘောကြောင်ပြီး ရှက်စရာကောင်းသော အလောင်းမင်းတရား အထူးစစ်ဆင်ရေး

စစ်ကိုင်းတိုင်းမှာ PDF တွေကို တိုက်ခိုက်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အလောင်းမင်းတရား အထူးစစ်ဆင်ရေးလို့ အမည်တပ်ထားတဲ့ စစ်ဆင်ရေးဟာ အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊

လက်နက်မဲ့ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် သူရဲဘောကြောင်တဲ့ စစ်ဆင်ရေးလို့ ဒေသခံတွေနဲ့ ဒေသ ကာကွယ်ရေးတပ်သားတချို့က မှတ်ချက်ပြု ပြောဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၂၈ ရက်နေ့မှာ အလောင်းမင်းတရား စစ်ဆင်ရေးဆိုပြီး စစ်သားတွေကို ရဟတ်ယာဉ်တွေနဲ့တင်ပြီး တိုက်လေယာဉ်တွေပါ ဝန်းရံလို့ စစ်ကိုင်းတိုင်းဘက်ကို စစ်အင်အားတွေ တိုးချဲ့မှု တွေလုပ်ဆောင်ပါတယ်။

စစ်ကောင်စီဘက်က ရဟတ်ယာဉ် လေကြောင်းနဲ့ တင်ပို့လိုက်တဲ့ စစ်သားတွေဟာ ထီးချိုင့်၊ ကျွန်းလှ၊ တန့်ဆည်၊ ကောလင်း၊ ပင်လည်ဘူး ဘက်ဆီကို ဦးတည်ပြီး စစ်သားတွေ ချပေးတာတွေရှိတယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

စစ်ရဟတ်ယာဉ်တွေနဲ့အတူ တိုက်လေယာဉ်တွေပါ ပါသွားပြီး တန့်ဆည်မြို့နယ် မြောက်ပိုင်းရှိ ကပေါင်းကျ၊ နနွင်းတော၊ စည်းသာကျေးရွာတွေနဲ့ ကျွန်းလှဘက်မှာ လေကြောင်းကနေ အချက် ၄၀ လောက် ပစ်ခတ်မှုတွေ လုပ်ဆောင်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီလို ရဟတ်ယာဉ်တွေနဲ့ အထူးစစ်ဆင်ရေးလုပ်ဆောင်တာက PDF တွေကို တိုက်ခိုက်တဲ့ အထူးစစ်ဆင်ရေးဖြစ်တယ်ဆိုပြီး တခမ်းတနား ဖော်ပြ ချီးမွမ်းခန်းထုတ်ထားပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ အလောင်းမင်းတရား အထူးစစ်ဆင်ရေးက ကျွန်းလှမြို့နယ်ထဲမှာ ကျေးရွာတွေကို ဝင်ရောက် စီးနင်းပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ် တွေ့သမျှ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတယ်လို့ ဒေသခံ ပြည်သူတွေက ဆိုပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း ကျွန်းလှမြို့နယ်၊ ကျွဲတဲကျေးရွာကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်က ကျေးရွာထဲကို လက်နက်ကြီးနဲ့ ထုပါတယ်။ ကျေးရွာကို ဝင်တာနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ သေနတ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ပါတယ်။

ကျွဲတဲကျေးရွာထဲကို လက်နက်ကြီး အပါအဝင် ပစ်ခတ်သံတွေကြောင့် ဒေသခံပြည်သူတွေ ရာထောင်ချီပြီး အသက်ဘေးအတွက် ကိုယ်လွတ်ရုန်း ထွက်ပြေးကြရပါတယ်လို့ ပြည်သူတွေကဆိုပါတယ်။

“မနေ့ မနက် ၁၁ နာရီခန့်က ကျွဲတဲရွာသို့ လက်နက်ကြီးဖြင့် ထုပါတယ်။ ရွာထဲထိပါ ဝင်စီးပြီး သေနတ် တွေနဲ့ ပစ်ပါတယ်။ ပိတ်မိသူအချို့လည်း ရှိပါတယ်။ ကျွဲတဲ ရွာထဲဝင်မွှေနေတယ်လို့သတင်းရပါတယ်။

သူငယ်ချင်း တယောက်စီက ခုပဲဖုန်းဝင်လာပါတယ်။သူလည်း အသက်မသေတာ ကံကောင်းပါတယ်။ပေ ၁၀၀ လောက်အကွာကနေ စခ ၅ယောက်ဝိုင်းပစ်တာခံရပါတယ်တဲ့။အပြေးမြန် အကာအကွယ်ကောင်းလို့သာတော်ပါတော့တယ်”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

အဲဒီနောက် ကျေးရွာကို စီးနင်းလိုက်ပြီး မပြေးနိုင်လို့ ကျန်ရစ်နေတဲ့ ပြည်သူ ၆ ဦး ဖမ်းဆီး ရိုက်နှက်ပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးငယ်တစ်ဦးပါ ပါဝင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၄ မိနစ်မှာလည်း ကျွန်းလှမြို့ မြောက်ဘက်မှာရှိတဲ့ လွှတ်တိုက်၊ အောင်ယာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ကျေးရွာမှာရှိတဲ့ အိမ်တွေမီးလောင်နေလို့မီးခိုးတွေ ထွက်နေတာ တွေ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အလားတူပါပဲ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီးနားမှာလည်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ထုပြီး ကျေးရွာတွေကို စီးနင်း၊ ကျေးရွာသားတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ တခမ်းတနား စစ်သားတွေ ပို့ခဲ့တဲ့ အလောင်းမင်းတရား အထူးစစ်ဆင်ရေးဆိုတာ PDF တွေကို တိုက်ခိုက်ဖို့လား လက်နက်မရှိတဲ့ ကျေးရွာပြည်သူတွေကို

ပစ်ခတ်ပြီး အမျိုးသမီးတွေ အပါအဝင် လူထုကို ညှဉ်းပန်းနှိပ်စက်တဲ့ အနိုင်ကျင့် အရှက်မရှိ သူရဲဘောကြောင်တဲ့ စစ်ဆင်ရေး အမည်ခံ ဖိနှိပ်မှုလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်ပြီး ပြည်သူတွေ သတိထားကြဖို့ သတိပေးချက်တွေ ဆက်တိုက် ထုတ်ပြန်နေပါတယ်။

Crd – Khit Thit Media

Be the first to comment on "စစ်ကောင်စီ၏ သူရဲဘောကြောင်ပြီး ရှက်စရာကောင်းသော အလောင်းမင်းတရား အထူးစစ်ဆင်ရေး"

Leave a comment

Your email address will not be published.


*