ဝန်ကြီး ဒေါ်ဇင်မာအောင်မှ အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့်ရရေး တောင်းဆိုမှုနဲ့အတူ…

ပြည်သူများ နှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ဆိုသည်ကို လစ်လျု ရှုထားသော စစ်ကောင်စီသည် ၎င်းတို့အား အစည်းအဝေးပင် တက်ခွင့် မပေးသည့် အာဆီယံ အား မိမိတို့သည် အာဆီယံ၏ ပဋိညာဉ် စာတမ်းပါ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူ အပါအဝင် အချက် ငါးချက် အတွက်လည်း ပူးပေါင်း ဆောင်ရွက် ပါမည်ဟု လူသိရှင်ကြား အသနားခံလာရပြီ ဖြစ်သည်။

မြန်မာ စစ်အာဏာရှင်များ၏ ပြည်ပမှ ဖိအားပေးမှူ များကို တင်းခံနေတတ်သည်ဟု နာမည်ကြီးနေသော်လည်း ၎င်းတို့အား တကယ်တမ်း ထိထိရောက် ရောက် လုပ်မည်ဆိုက ကြောက်ဒူးတုန်သူများသာ ဖြစ်သည်ကို အထင်အရှား မြင်တွေ့လာရသည်။

ယခု ၎င်းတို့ပိုင် သတင်းစာများ မှ တရားဝင် ကြေညာချက် ထွက်ပေါ်လာခြင်းသည် အကြောင်းမဲ့တော့ မဟုတ်တန်ရာ၊ ပြီးခဲ့သည့် ၄၈ နာရီ အတွင်းမှာပင် အာဆီယံ ဆုံးဖြတ်ချက်ကို လက်မခံနိူင်ကြောင်း၊အာဆီယံသည် ပြည်ပ စွက်ဖက်မှု ခံနေရပြီ အစရှိသည်ဖြင့် ဆူဆူညံညံ လုပ်ခဲ့ပြီး ဖြစ်သည်၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် ယခု ကြေညာချက်နောက်ကွယ်တွင် မည်မျှအထိ တောင်းပန်တိုးလျိုး ခဲ့ရသည် ဆိုသည်ကလည်း တွေးကြည့်‌၍ပင် ရနိုင်သည်။

အင်ဒိုနီရှား မှ လွဲ၍ မည်သည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံကမျှ ၎င်းတို့ ပူညံ ပူညံ လုပ်ခြင်းကို အရေးတယူ ပြန်လည် ပြောဆိုခြင်း မရှိပေ။

စစ်အာဏာရှင် တို့ အားပျော့လာနေပြီး လူသိရှင်ကြား ဒူးထောက်လာခဲ့ရသည့် အဖြစ်အား မျက်ဝါးထင်ထင် တွေ့မြင်လာခဲ့ ရခြင်းသည် ပထမ ဆုံး ဖြစ်မည်ဟု ပြောနိုင်မည် ထင်သည်။

‌ဤသည်ကလည်း ၎င်းတို့ငွေများကို ထုတ်မရအောင် ဖြစ်လာတော့မည့် အရေးကို အထူး စိုးရိမ်ပူပန်လာကြခြင်းကြောင့် ယခင်လို ဣန္ဒြေ မဆောင်နိုင်အောင် ဖြစ်လာပုံ ရှိသည်။ လူမိုက်ဆို သူများက ၎င်းတို့အား တကယ်လုပ်မည့်လူ ပေါ်လာလျှင် အလွယ်တကူ အညံ့ခံတတ်ကြသူများပင် မဟုတ်ပါလား။

အမေရိကန် နှင့် အာဆီယံသည် ၎င်းတို့ တွေ့ရလိမ့်မည် ထင်မထားသော အာချီလီ၏ ဖနောင့်ကြီးကို မြင်လိုက်ကြရပြီဖြစ်သည်။

သို့သော် ၎င်းတို့ အား သစ္စာခံသည့် ပါတီကြီးမှ နိုင်ငံ‌ တော် အတိုင်ပင်ခံ နှင့် တွေ့ဆုံဆွေးနွေးရန် အရိပ်အမြွက် ပြောဆိုလာသည်ကို စနေနေ့က ပယ်ချ ခဲ့ပြန်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည်လည်း အကြမ်းဖက် အဖွဲ့အစည်း ဖြစ်၍ မဆွေးနွေး နိူင်ဟု ဆိုသည်။

၈၈ မျိုးဆက် အဖွဲ့ ‌မှ ကိုဂျင်မီ ၏ မြောက်ဒဂုံရှိ နေအိမ်အား ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသွားသည့် သတင်းကလည်း တပြိုင်တည်းလို ထွက်ပေါ်လာခဲ့သည်။ ဇနီးဖြစ်သူ မနီလာသိန်းက ကိုဂျင်မီ အား အသက်ရှင်လျက် ပြန်တွေ့နိုင်တော့မည် မထင်ဟု ဆိုပြီး နိုင်ငံတကာ မှ ဝိုင်းဝန်းစောင့်ကြည့် အကူအညီပေးကြပါရန် ပန်ကြားလာသည်။

ထို့အတွက် မင်းအောင်လှိုင် ကိုယ်တိုင် ဧပြီ ၂၄ ရက်က သဘောတူပါသည် ဆိုသော အချက် ငါးချက် ကို မည်သို့မည်ပုံ ပူးပေါင်း ဆောင်ရွက်မည် ဆိုသည်က စောင့်ကြည့်ရဦးမည်ဖြစ်သည်၊ ဒုတိယ အကြိမ် အလိမ်ခံရက လိမ်သူ ၏ အပြစ် မဟုတ်တော့ပေ။

တနေ့တမျိုး ပြောလာနေပြန်သည့် အတွက် နိုင်ငံတကာရှိ လေ့လာစောင့်ကြည့်သူများ ခေါင်းစားလာရသည်။

ယခုလာမည့် အင်္ဂါ နေ့မှ ကြာသပတေးနေ့အထိ ကျင်းပမည့် ၃၈/၃၉ ကြိမ် မင်းအောင်လှိုင် တက်ခွင့် မရှိတော့သည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် စစ်ကောင်စီအား မည်သို့ မည်ပုံ ဆက်လက် ကိုင်တွယ်သွားမည်ကို နိုင်ငံတကာ မှ စိတ်ဝင်တစား နှင့် စောင့်ကြည့်နေကြပြီ ဖြစ်သည်ဟု မလေးရှား သတင်းဌာန Bernama တွင် ရေးသားထားသည်။

ကျိုဒို သတင်းဌာန က အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ထုတ်ပြန်မည့် ကြေညာချက် မူကြမ်းကို တွေ့ခဲ့ရပြီး အာဆီယံ အထူး သံတမန်မှ သက်ဆိုင်နေသူ အားလုံး နှင့် တွေ့ဆုံခွင့်ပေးပြီး ဝင်ရောက် ဖြန်ဖြေခြင်းကို လက်ခံရန် ဆက်လက်တိုက် တွန်းကြောင်း ပါရှိသည်ဟု ဆိုသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ အာဆီယံ ထိပ်သီး အစည်းအဝေး တွင် မိမိတို့ သာ အစစ်အမှန် တက်ရောက်ခွင့် ရှိကြောင်း နှင့် နိုင်ငံအတွင်း ဆိုးဝါးလာနေသော အခြေအနေများကို အထူး ဦးစားပေး ဆွေးနွေးဖို့ လိုနေပြီဟု အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး ကိုးဦးထံ စာရေးသား ပေးပို့ခဲ့သည့် ဟု ကျိုဒို သတင်းက ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့အား ဝေဖန်သော ကုလ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများကို လူလိမ်များ၊ ပြည်တွင်းရေး ဝင်စွက်သူများ စသည်ဖြင့် ‌တနေ့တနေ့ စွဲချက် အမျိုးမျိူး တင်ကာ ရန်‌ တွေ့ရင်းဖြင့်သာ အချိန်ကုန်လွန်နေရသဖြင် နိုင်ငံတကာ အလယ်တွင် အပယ်ခံ ဖြစ်သည်ထက် ဖြစ်လာဖို့သာ ရှိပေတော့သည်။

ထို့အပြင် တဖက်တွင် မင်းအောင်လှိုင်မှ လျပ်စစ်ကား၊ မြေအောက်ရထားဆိုပြီး တောင်စဉ်ရေမရ ပြောနေချိန်တွင် ရန်ကုန်တွင်တော့ ညစဉ်လို လက်နက်များ အပ်ကြရန် လိုက်လံ အော်ဟစ် နေရပြီး စစ်သားများ အဖို့လည်း PDF တို့၏ အလေ့ကျင့်ခံ sitting duck ဘဝ ရောက်မှန်း မသိ ရောက်လာနေကြရသော်လည်း ငုတ်တုတ် ထိုင် အသေခံကြသည်အထိ မိုက်လုံးကြီးနေကြဆဲပင် ဖြစ်သည်။

ပုံတွင် ဒေါက်တာ တေဇာဆန်း၏ ပိတ်ခ်ျ မှ အောက်တိုဘာ ၂၄ ရန်ကုန် သပိတ်မြင်ကွင်း၏ တစိတ် တပိုင်းကို တွေ့နိုင်သည်။ အဆိုပါ သပိတ်တွင် အောက်ပါ ကြွေးကြော်သံများ ဖြင့် တွေဝေဟန် ရှိသော ရန်ကုန် လူထု ကို လှုပ်နှိုးခဲ့ပြန်သည်။

တော်လှန်ရေး မုချအောင်ရမည်!!!

Hla Soewai

Be the first to comment on "ဝန်ကြီး ဒေါ်ဇင်မာအောင်မှ အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့်ရရေး တောင်းဆိုမှုနဲ့အတူ…"

Leave a comment

Your email address will not be published.


*