မြန်မာပြည်နဲ့ အာကာသစာချုပ် အမှန်တကယ် ချုပ်ဆိုရမယ့် နိုင်ငံ (မဖြစ်မနေ ချုပ်ဆိုဖို့ သင့်နေပါပြီ)
မနေ့က ရုရှားနဲ့ မြန်မာ အာကာသထဲမှာ လက်နက်တပ်ဆင်ရေး မလုပ်ဖို့ နှစ်နိုင်ငံ သဘောတူ စာချုပ်တဲ့ သတင်းဖတ်ရပါတယ်။ အဲဒီသတင်းကို share ပြီး ခနဲ့တဲ့တဲ့ လုပ်တဲ့သူနဲ့ ရယ်စရာပြောကြတဲ့သူတွေ အတော်များတာ တွေ့ရပါတယ်။ စာချုပ် အသေးစိတ်ကို မဖတ်ရသေးပေမယ့် ဒီစာချုပ်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဒစ်ပလိုမေစီ မူဝါဒတွေထဲက တစိတ်တပိုင်း ဖြစ်ပါလိမ့်မယ်။
ယနေ့အချိန်အခါမှာ အာကာသဟာ စစ်မြေပြင်တခု ဖြစ်လာနိုင်တဲ့ အခြေအနေ ဖြစ်နေပါပြီ။ ယခင်က အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံသာ အာကာသနယ်ပယ်ချဲ့ထွင်မှုမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ တရုတ်၊ ဥရောပသမဂ္ဂ၊ ဘရာဇီး၊ သြစတြေးလျ စတဲ့ စီးပွားရေးရော စစ်ရေးပါ တောင့်တင်းတဲ့ နိုင်ငံတွေ ပါဝင် လာပြီ ဖြစ်ပါတယ်။
အာကာသထဲကို နိုင်ငံစုံ ရောက်လာတာနဲ့အတူ စစ်ပွဲတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေ ဖြစ်လာပါပြီ။ အမေရိကန်ကလည်း အာကာသတပ်ဖွဲ့ကို ယခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ရုရှားကတော့ ၂၀၁၅ ခုနှစ်ထဲက ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်ကလည်း အာကာသတပ်ဖွဲ့ကို ဖွဲ့စည်းဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အဲဒါတွေ အပြင် တိုက်ချင်းပစ် ဒုံးပျံတွေ ပိုင်ဆိုင်တဲ့ နိုင်ငံကြီးတွေကလည်း ဂြိုဟ်တုဖျက်ဒုံးပျံ အမျိုးမျိုးကို စမ်းသပ်နေကြပြီ ဖြစ်ပါတယ်။
အဲဒီလို အချိန်မျိုးမှာ နိုင်ငံတွေ ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်အောင် တနိုင်ငံနဲ့ တနိုင်ငံ စာချုပ်စာတမ်းတွေ ချုပ်ဆိုပြီး ထိန်းညှိရတာ ထုံးစံတခုပါပဲ။ ရုရှားအနေနဲ့ မြန်မာနဲ့ လက်ဦးမှု ရယူပြီး ချုပ်ဆိုထားသလို တခြား ရုရှားနဲ့ ဆက်ဆံမှု ရှိတဲ့ နိုင်ငံတွေကိုလည်း ဒီလို စာချုပ်မျိုးကို လိုက်ချုပ်နေဦးမှာပဲ ဖြစ်ပါတယ်။ ပြောချင်တာကတော့ ဒီကိစ္စဟာ အရမ်းကြီး ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူးဆိုတာပါပဲ။
ဒီစာချုပ်ဟာ ရုရှားအနေနဲ့ မြန်မာပြည်ရဲ့ အာကာသကိစ္စတွေမှာ လက်ဦးမှုယူပြီး ချုပ်ဆိုလိုက်တဲ့ သဘော ဖြစ်ပါတယ်။ မြန်မာတွေ အပေါ် အမေရိကန်က စေတနာရှိလွန်းလို့ ဆိုပြီး မော်တင်စွန်းမှာ ဂြိုဟ်တု ပစ်လွှတ်ရေး စခန်းတခု အလကား လာဆောက်ပေးမယ်ဆိုရင် ဒီလိုစာချုပ်တွေ ရှိတယ်ဆိုပြီး ရုရှားက အကြပ်ကိုင်လို့ ရတဲ့ အခြေအနေတွေ ဖြစ်အောင် ကြိုစဉ်းစားပြီး ချုပ်ဆိုတဲ့သဘောပါပဲ။
အာကာသနဲ့ ပတ်သက်ပြီး မြန်မာပြည်နဲ့ တကယ် သဘောတူညီမှု ချုပ်ဆိုရမယ့် နိုင်ငံ တနိုင်ငံ ရှိပါတယ်။ အဲဒါကတော့ တရုတ် နိုင်ငံပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ထဲက တရုတ်ပြည် စီချွမ်အာကာသ လွှတ်တင်ရေးစခန်းနဲ့ ဂျူကွမ်လွှတ်တင်ရေးစခန်းတွေက လွှတ်တင်တဲ့ ဒုံးပျံအစိတ်အပိုင်း အတော်များများ မြန်မာပြည်ထဲကို ကျရောက်ခဲ့ပါတယ်။
အထင်ရှားဆုံးကတော့ ၂၀၁၆ ခုနှစ်က ဖားကန့်ဒေသကို ကျရောက်ခဲ့တဲ့ တရုတ်ဒုံးပျံအစိတ်အပိုင်း ကိစ္စပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တရုတ်ပြည် လွှတ်တင်ရေး စခန်းတွေက လွှတ်တင်တဲ့ ပိုလာပတ်လမ်း၊ geosynchronous ပတ်လမ်း ဂြိုဟ်တုတွေကို သယ်ဆောင်ပေးတဲ့ ဒုံးပျံတွေရဲ့ အစိတ်အပိုင်းတွေဟာ မြန်မာပြည်ထဲကို အမြဲလိုလို ကျရောက်နေတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီကိစ္စကို မီဒီယာတွေမှာ ဖော်ပြခဲ့ကြပေမယ့် အစိုးရရော တပ်မတော်ကပါ နှုတ်ဆိတ်နေကြပြီး နောက်ဆက်တွဲ ဘာသတင်းမှ မကြားရတော့ပါဘူး။ ပြုတ်ကျတဲ့ အစိတ်အပိုင်းတွေကို တပ်မတော်က သယ်ဆောင်သွားပြီးနောက် အဲဒီသတင်းတွေဟာ တွင်းနက်ကြီးထဲ ကျသလို ပျောက်ဆုံးသွားခဲ့ပါတယ်။ သတင်းထောက်တွေ လက်လှမ်းမမီတဲ့ နေရာတွေ ရောက်ရှိသွားတဲ့ အတွက် သတင်းအစအနလေးတောင် မရတော့ပါဘူး။
ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အာကာသ စည်းမျဉ်းတွေရော၊ အဖွဲ့ဝင်နိုင်ငံတွေ သဘောတူထားတဲ့ စာချုပ်တွေမှာပါ ဒီလို တနိုင်ငံက အာကာသပစ္စည်းတွေ နောက်တနိုင်ငံထဲ ကျလာခဲ့ရင် ဆောင်ရွက်ရမယ့် အရေးယူရမယ့် ကိစ္စတွေ အတိအလင်း ပါဝင်ပါတယ်။ ဒါပေမယ့် အခုလို မြန်မာပြည်ထဲ ကျလာတဲ့ တရုတ်ဒုံးပျံတွေ ကိစ္စမှာတော့ ကုလသမဂ္ဂ စည်းမျဉ်းတွေဟာ ဒိတ်လွန်နေတဲ့ တယ်လီဖုန်းလမ်းညွှန် စာအုပ် အထူကြီးတွေလိုပဲ ဖြစ်သွားပြီး ခေါင်းအုံးအိပ်ဖို့ပဲ အသုံးဝင်သွားပါတော့တယ်။
တရုတ်နိုင်ငံကလည်း ဆက်ပြီးတော့ ဂြိုဟ်တုတွေ လွှတ်နေဦးမှာပဲ။ ဂြိုဟ်တုကို သယ်ဆောင်သွားတဲ့ ဒုံးပျံ အစိတ်အပိုင်းတွေကလည်း မြန်မာပြည်ထဲကို ကျနေဦးမှာပဲ ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ တရုတ် အစိုးရကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်ဖြေရှင်းပေးဖို့ ဆောင်ရွက်ရမှာ ဖြစ်သလို သင့်တော်တဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ အတွက် တရားဝင် စာချုပ်စာတမ်းတွေ ချုပ်ဆိုထားရမှာ ဖြစ်ပါတယ်။
ဒါမှသာ အရေးပေါ် ကိစ္စဖြစ်ပြီး နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ရင် ကိုယ့်ဖက်က တရားဝင် တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။ တရားဝင် မဟုတ်ဘဲ အပေါ်က ကိစ္စတွေလို နားလည်မှုနဲ့သာ လုပ်နေမယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ နောက်ထပ်အနေနဲ့ နိုင်ငံတနိုင်ငံရဲ့ ပိုင်နက်ထဲကို ကျည်ဆန် တတောင့်ကျတာဟာ အဲဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို စော်ကားသလို ဖြစ်စေတဲ့ အချက်နဲ့ပဲ ချိန်ထိုး စဉ်းစားကြည့်ရင် သိသာပါတယ်။ အခုကိစ္စက ကျည်ဆန်တတောင့်ထဲ မဟုတ်ပါဘူး ဒုံးပျံကြီး တခုလုံး ကျနိုင်တဲ့ အခြေအနေပါ။
အခု မြန်မာပြည်ပေါ် ကျနေတဲ့ တရုတ်ဒုံးပျံ အစိတ်အပိုင်းတွေဟာ ဂြိုဟ်တုလွှတ်တင်ရေး လုပ်ငန်းစဉ်တွေရဲ့ ပုံမှန် အဆင့်လိုက် ဖြုတ်ချမှုတွေပဲ ဖြစ်လို့ ဘာမှ မဖြစ်ကြတာပါ။ အဲဒီလို မဟုတ်ဘဲ ပစ်လွှတ်မှု ချို့ယွင်းပြီး ဆီအပြည့်ပါတဲ့ ဒုံးပျံကြီးတခုလုံးသာ မြန်မာပြည် မြို့ရွာတွေအပေါ် ကျခဲ့ရင် တိုက်ချင်းပစ်ဒုံးပျံနဲ့ အပစ်ခံရသလို ဆုံးရှုံးမှုတွေ ကြီးမားသွားနိုင်ပါတယ်။ အဲဒါကြောင့် မြန်မာအစိုးရအနေနဲ့ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တရုတ်နဲ့ အာကာသ သဘောတူညီမှု စာချုပ် မဖြစ်မနေ ချုပ်ဆိုရမယ့် အခြေအနေကို ရောက်ရှိနေပါပြီလို့ အသိပေး တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
မောင်လေးလုံး
Be the first to comment on "မြန်မာပြည်နဲ့ အာကာသစာချုပ် အမှန်တကယ် ချုပ်ဆိုရမယ့် နိုင်ငံ"