အချက် ၅ ချက်ကို သဘောတူပြီး အာဆီယံခြေသလုံးကို အတင်းဖက်ထားတဲ့ စစ်ကောင်စီ

ဧပြီလက အာဆီယံမှာပေးခဲ့တဲ့ အချက် ၅ ချက်ကို သဘောတူပါတယ်လို့ စစ်ကောင်စီက ဘရူနိုင်းကိုယ်စားလှယ် ယူစွတ်ရဲ့ရုံးကို တရားဝင် အသိပေးပြီး ကတိပြုလိုက်ပါတယ် ။ တနင်္ဂနွေနေ့က ကတိပြုခဲ့တာပါ ။

အကြောင်းပြချက်ကတော့ ဒေသတွင်းနိုင်ငံတွေက သေသေချာချာမသိပဲ ပြင်းပြင်းထန်ထန် ရှုတ်ချနေပေမယ့် မြန်မာစစ်ကောင်စီဟာ အာဆီယံနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ ဖော်ပြထားပါတယ် ။

နိုင်ငံပိုင်သတင်းမီဒီယာမှာတော့ စစ်ကောင်စီဟာ အခြားနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အလေးထားပြီး ၊ အဓိကသော့ချက် ဆွေးနွေးမှု့ကို ထောက်ခံကြောင်းနဲ့ ဧပြီလက သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို အာဆီယံနဲ့ ပူးပေါင်းသွားမယ်လို့ ကြေငြာခဲ့ပါတယ် ။

” ဘရူနိုင်းက မြန်မာ့အရေး အထူးသံတမန်ဖြစ်သူ ယူစွတ်ရဲ့ရုံးကို တနင်္ဂနွေနေ့က အကြောင်းကြား ကတိပေးထားပေမယ့် ၊ ယူစွတ်ဘက်က ဘာတစ်ခုမှ မှတ်ချက်မပေးသေးပါဘူး ” လို့ ရိုက်တာသတင်းဌာနက အတိအလင်း ဖော်ထုတ်ထားပါတယ် ။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဘေးဖယ်ထုတ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အောက်တိုဘာ ၁၅ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပြီးပါပြီ ။ ဒီပယ်ထုတ်မှု့ကို အာဏာသိမ်းခေါင်းဆောင်က ရန်လိုမှု့နဲ့ တုံ့ပြန်ထားပါတယ် ။ ကတိမတည် ၊ လူသားချင်းစာနာထောက်ထားမှု့မရှိ ၊ ရာဇဝတ်မှု့တွေ ဆက်တိုက်ကျူးလွန် ၊ အာဆီယံကို ပမာမခန့်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပယ်ထုတ်ခဲ့တာပါ ။

အမေရိကန်ရဲ့ တွန်းအားပေးမှု့အရ မြန်မာစစ်ကောင်စီကို အောက်တိုဘာ ၂၆-၂၈ ရက်နေ့မှာ ကျင်းပမယ့် ညီလာခံမှာ တရားမဝင် အဖွဲ့အစည်းအဖြစ်လည်း ကြေငြာဖို့ ဆွေးနွေးနေပါတယ် ။ မြန်မာစစ်ကောင်စီဘက်ကတော့ အာဆီယံကို ဝင်ရောက်နှောင့်ယှက်တယ်လို့ ဝေဖန်ထားပါတယ် ။

လွန်ခဲ့တဲ့ရက်ပိုင်းက ” မြန်မာစစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်တွေဟာ အာဆီယံ ၁၀ နိုင်ငံထဲက အဖွဲ့ဝင်တွေဖြစ်တဲ့အတွက် အာဆီယံမူအရ ညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခြင်းကို ငြင်းဆိုတယ် ” လို့ ခပ်မာမာ တုံ့ပြန်ထားပါတယ် ။ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းကတော့ မြန်မာရဲ့ ငြင်းဆိုမှု့ကို တုံ့ပြန်မှု့ မရှိသေးပါဘူး ။

မြန်မာဗိုလ်ချုပ်တွေကို ညီလာခံကနေ ပယ်ထုတ်တာဟာ အာဆီယံကိုကိုယ်စားပြုတဲ့ ဘုံသဘောတူညီချက်ဖြစ်တယ် လို့ အင်ဒိုနီးရှားက ပြောပါတယ် ။ ” ရက်စက်ကြမ်းကြုတ်ပြီး ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အချိန်ပေးပြီး ဖြေရှင်းဖို့ ကြိူးစားရာမှာ နှောင့်နှေးခြင်း ၊

ထိရောက်မှု့မရှိခြင်းတွေနဲ့ နိုင်ငံတကာက ဝေဖန်လာတဲ့အတွက် မြန်မာစစ်ကောင်စီကို ဘုံသဘောတူညီချက်နဲ့ ပယ်ထုတ်ခဲ့တာပါ ” လို့ အင်ဒိုနီးရှားရဲ့ ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က ရိုက်တာကို ပြောခဲ့ပါတယ် ။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆန္ဒပြသူတွေကို စစ်အင်အား အလွန်အကျွံသုံးခဲ့တယ် ။ စစ်ကြောရေးစခန်းမှာ သေဆုံးသူတွေ ရှိခဲ့တယ် ။ ဖမ်းဆီးခံရသူတွေရှိတယ် ။ ဒါကို မကျေနပ်လို့ ဆန္ဒပြ ၊ ခုခံတော်လှန်နေသူတွေကို နိုင်ငံမတည်ငြိမ်အောင် လှုံ့ဆော်နေတဲ့ အဖျက်သမားတွေလို့ စွပ်စွဲထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ် ။

ဘရူနိုင်းကိုယ်စားလှယ် ယူစွတ်ရဲ့ ခရီးစဉ်မှာ စစ်အစိုးရဘက်က NUG အစိုးရ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ စစ်တပ်ကို ဆန့်ကျင်နေသူတွေနဲ့ မတွေ့ဖို့ သတိပေးခဲ့တယ် ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ကိုလည်း ငြင်းပယ်ခဲ့တယ် ။ ဒါ့ကြောင့် ယူစွတ်ဟာ သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းခဲ့တယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ အာဆီယံရဲ့ ပယ်ထုတ်မှု့ကို လက်မခံနိုင်တော့ပဲ ဧပြီလက သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို ပထမဆုံး သဘောတူခဲ့တာပါ ။ ဒီအချက် ၅ ချက်ကို သဘောတူတဲ့အကြောင်းကို အတည်ပြုဖို့ မြန်မာစစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်တဲ့အခါမှာတော့ အကြောင်းပြန်မှု့ မရှိခဲ့ပါဘူး ။

ဒါကတော့ ရိုက်တာသတင်းဌာနက အသိပေးထားပြီး နိုင်ငံတကာသတင်းဌာနတွေမှာ ” စစ်ကောင်စီက အာဆီယံက တောင်းဆိုထားတဲ့ အချက် ၅ ချက်ကို သဘောတူတယ်ဆိုတာ စောင့်ကြည့်ရဦးမယ် ” လို့ တင်ပြထားပါတယ် ။

ဆိုရရင် ……..၊

ဧပြီလက ကတိပေးခဲ့တဲ့ အချက် ၅ ချက်ကို ဝေ့လည်ရှောင်ပတ် လုပ်နေခဲ့ပြီးမှ သဘောတူတယ်လို့ ပထမဆုံးအဖြစ်နဲ့ စစ်ကောင်စီဘက်ကနေ အာဆီယံဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းနိုင်ငံကို ကတိပေးလိုက်တာပါ ။ ဒါဟာ အားလုံးသိပြီးတဲ့အတိုင်း တရားဝင်အသိအမှတ်ပြုမှု့ကို ဖက်တွယ်ထားချင်သေးတာပါ ။ အာဆီယံကနေ ထုတ်ပယ်လိုက်ပြီး ၊ ကုလနဲ့အီးယူကလည်း စစ်ကောင်စီကို နှိမ်နင်းဖို့ ပြင်ဆင်လာပါပြီ ။

ဒီရက်ပိုင်းဟာ စစ်ကောင်စီအတွက် ပြည်တွင်း ၊ ပြည်ပ ဖိအားတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်လာရပြီး အခြေအနေမကောင်းတော့ဘူးဆိုတာ ရိပ်မိသွားပါတယ် ။ ဒါ့ကြောင့်လည်း ထုတ်ပယ်လိုက်တယ်ဆိုတဲ့ အာဆီယံကို အချက် ၅ ချက် လိုက်လျောပါမယ်လို့ မာယာသုံးလာတာပါ ။ ဘာ့ကြောင့်လဲဆိုရင် ၊ အာဆီယံဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းယူမှာက ကမ္ဘောဒီးယားပါ ။

အာဏာသိမ်းခေါင်းဆောင်ကို ” လူလိမ် ” လို့ ပြောလိုက်တဲ့ ဥက္ကဋ္ဌဘရူနိုင်းလက်ထက်မှာ တရားမဝင်အဖွဲ့အဖြစ် မကြေငြာနိုင်သေးအောင် အချိန်ဆွဲတယ်လို့ သုံးသပ်ရပါတယ် ။သို့ပေမယ့် ၊ ရန်လိုတုံ့ပြန်မှု့ ခံထားရတဲ့ ယူစွတ်နဲ့ အာဆီယံကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး ။

ကောင်းပြီ ….၊

” ဧပြီလက ကတိပေးခဲ့တဲ့ အချက် ၅ ချက်ကို သဘောတူတဲ့အတွက် အာဏာသိမ်းခေါင်းဆောင်ဟာ အာဆီယံအစည်းအဝေး တက်ခွင့်ရနိုင်သလား ………… ?
အန်ကယ်လ်ကတော့ နိုး ပါ ။ မဖြစ်နိုင်တော့ပါဘူး ။

အချက် ၅ ချက်ကို လိုက်လျောလိုက်တာဟာ ပြည်သူတွေအတွက်တော့ အပေါင်းလက္ခဏာ ရလာဒ်ပါပဲ ။ သို့ပေမယ့် ဒီအချက် ၅ ချက်ကို ဖော်ဆောင်ဖို့အတွက် ကုလ ၊ အီးယူနဲ့ အမေရိကန်တို့ ပါလာနိုင်ပါတယ် ။ နှဖူးက အမာရွတ်ကလေးကို ပြန်စမ်းနေတဲ့ အာဆီယံဟာ ဒီ အချက် ၅ ချက်ကို ဖော်ဆောင်ဖို့ ကုလဆီ လွှဲပေးလိမ့်မယ်လို့ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA / ၂၅ အောက်တိုဘာ ၊ ၂၀၂၁

Be the first to comment on "အချက် ၅ ချက်ကို သဘောတူပြီး အာဆီယံခြေသလုံးကို အတင်းဖက်ထားတဲ့ စစ်ကောင်စီ"

Leave a comment

Your email address will not be published.


*