အာဆီယံအစည်းအဝေးကို SAC အရမ်းတက်ခွင့်ရချင်နေတာ တာလီဘန်တွေကြောင့်ပါ

အာဆီယံအစည်းအဝေးကို SAC အရမ်းတက်ခွင့်ရချင်နေတာ တာလီဘန်တွေကြောင့်ပါ

အခုတစ်ပတ်အတွင်းမှာ SAC(န.စ.က)က အာဆီယံအစည်းအဝေးတက်ခွင့်ရနိုင်ရေးကို အရမ်းပဲ အာရုံစိုက်ပြီး တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ လှုပ်ရှားလာပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံရေးလမ်းကြောင်းအရကြည့်မယ်ဆိုရင် တာလီဘန်တွေကြောင့်ပါပဲ။ တာလီဘန်နဲ့ SAC ဘာဆိုင်သလဲလို့ မေးစရာရှိပါတယ်။

တကယ်က အာဖဂန်နစ္စတန်က တာလီဘန်တွေနဲ့ မြန်မာပြည်က SAC ဟာ အခြေအနေချင်း အတူတူပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အသိအမှတ်ပြုတာခံရဖို့ ကြိုးစားနေကြရပါတယ်။

ဒီအချိန်မှာ ကုလသမဂ္ဂတာဝန်ရှိသူတွေက တာလီဘန်တွေကို လူရာသွင်းအောင် ရုရှားက ကြားပွဲစားလုပ်ပေးလိုက်လေတော့ SAC အတွက် အရှိုက်ထိသလိုဖြစ်ရတော့တာပါပဲ။ ရုရှားကို အပူကပ်ကြတာချင်းအတူတူ တာလီဘန်တွေက နေ့ချင်းညချင်းဆိုသလို ကုသသမဂ္ဂတာဝန်ရှိသူတွေနဲ့ တွေ့ခွင့်ရဖို့

အလားအလာကောင်းသွားတာက သူ့အိမ်နီးချင်း ၁၀ နိုင်ငံကနေပြီး တာလီဘန်တွေဘက်ကနေ ထောက်ခံပေးလိုက်လို့ပါ။ ဒီတော့မှပဲ အာဆီယံထောက်ခံမှ ကုလသမဂ္ဂမှာ အလုပ်ဖြစ်မယ်ဆိုတာ သဘောပေါက်ပြီး SAC က အာဆီယံအစည်းအဝေးတက်ခွင့်ရဖို့ကို အသည်းအသန် အားထုတ်လာတော့တာပဲဖြစ်ပါတယ်။

SAC ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အခုရက်ပိုင်းအတွင်း အာဆီယံအစည်းအဝေးတက်ခွင့်ရနိုင်ဖို့ကို ကြေညာချက်တွေ ဆက်တိုက်ဆိုသလိုထုတ်ပြီး ကြိုးစားလာတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ အာဆီယံအထူးသံတမန်ရဲ့ခရီးစဉ်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုတာကို

အမျိုးမျိုး အကြောင်းပြငြင်းပယ်တာတွေ၊ အာဆီယံဘုံသဘောတူညီချက် ငါးခုကို အပြည့်အဝ အကောင်အထည် မဖော်တာတွေက SAC ကို အာဆီယံ စိတ်ပျက်သွားတဲ့အချက်ပါပဲ။ ဒါကြောင့်လည်း SAC ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေး ပေးမတက်တော့ဘူးလို့ အာဆီယံဘက်က ဆုံးဖြတ်လိုက်တာပါ။

တာလီဘန်နဲ့ SAC နှစ်ဖွဲ့လုံးဟာ တရုတ်နဲ့ ရုရှားကို အားကိုးအားထားပြုခဲ့ကြတာဖြစ်ပါတယ်။ SAC ဟာ နိုင်ငံ့အာဏာကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ရယူလိုက်ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းဆီမှာရော

ကုလသမဂ္ဂဆီမှာပါ အပယ်ခံအဖြစ်သာရှိနေဆဲပဲဖြစ်ပါတယ်။ မထော်မနန်းတွေကို ဆက်တိုက်လုပ်နေတာကြောင့် တရုတ်နဲ့ ရုရှားတို့ပါ SAC ကို ပေါ်ပေါ်တင်တင် အကာအကွယ် မပေးရဲတော့ဘဲ နောက်ကွယ်ကနေ ကူရတဲ့ဘဝကို ရောက်သွားခဲ့ပါတယ်။

SAC ကနေ နိုင်ငံ့အာဏာကို ရယူလိုက်ချိန်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂျင်နာက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံဟာ ရတက်ပွေရလိမ့်မယ်လို့ စစ်တပ်ခေါင်းဆောင်တွေကို သတိပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ SAC ရဲ့ဗိုလ်ချုပ်တွေက နိုင်ငံတကာရဲ့

ပိတ်ဆို့မှုဆိုတာဟာ သူတို့အတွက် အထူးအဆန်း မဟုတ်တော့ကြောင်း၊ သူတို့ကို ထောက်ခံမယ့် မိတ်ဖက်နိုင်ငံ လက်တစ်ဆုပ်စာနဲ့ ရှေ့ဆက်မှာဖြစ်ကြောင်း ခရစ္စတင်း ဘာဂျင်နာကို အကြောင်းပြန်လိုက်ပါတယ်။ အခု အဲ့ဒီမိတ်ဖက်တွေကို အားကိုးမရတော့တာက SAC အရှိုက်ထိရတဲ့အဓိကအချက်ပါပဲ။

တာလီဘန်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ နိုင်ငံကို ပြန်မသိမ်းပိုက်ခင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တာလီဘန်ခေါင်းဆောင်တွေကို အထူးဧည့်သည်တော်တွေအဖြစ် ဖိတ်ကြားပြီး တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ကာတာရဲ့ကြားဝင်ပေးမှုနဲ့ အမေရိကန်အစိုးရကိုယ်စားလှယ်တွေနဲ့ တာလီဘန်တွေအကြား ပထမဆုံးအကြိမ်တွေ့ဆုံမှု အကောင်အထည်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ တာလီဘန်တွေဟာ အကြီးမားဆုံးသော အောင်မြင်မှုကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ကုလသမဂ္ဂရဲ့အရေးပါအရာရောက်သူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ လမ်းစပွင့်သွားတာပါပဲ။

တာလီဘန်တွေနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေ တွေ့ဆုံနိုင်ဖို့အတွက် ရုရှားစီစဉ်ပေးတာကတော့ မော်စကိုမြို့မှာ ကုလသမဂ္ဂ အလှူရှင်များညီလာခံ လက်ခံကျင်းပဖို့ စီစဉ်ပေးလိုက်တာပဲဖြစ်ပါတယ်။

ဒီညီလာခံကို အာဖဂန်နစ္စတန်နိုင်ငံရဲ့စီးပွားရေးပြိုလဲနေမှုတွေကို ကုစားဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အာဖဂန်နစ္စတန်ကို အမြန်ဆုံးပေးအပ်နိုင်စေဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ ရုရှားက ကျင်းပသွားမှာပါ။

ဒီအစည်းအဝေးကို တာလီဘန်တွေ တက်ခွင့်ရဖို့အတွက် ထောက်ခံပေးလိုက်တာကတော့ ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ အီရန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ တပ်ခ်မင်နစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ပဲ ဖြစ်ပါတယ်။

ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ တပ်ခ်မင်နစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ဟာ ဆိုဗီယက်ယူနီယံကနေ ခွဲထွက်လာတဲ့နိုင်ငံငယ်တွေဖြစ်ကြသလို ရုရှားနဲ့ တရုတ်တို့ ကြိုးဆွဲရာကို ယိမ်းကြတာဖြစ်တဲ့အတွက် တာလီဘန်တွေအဖို့ အခုလို အခြေအနေကောင်းတွေ ကြုံလာခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၀ နိုင်ငံကနေ တာလီဘန်တွေဟာ နိုင်ငံကို ဦးဆောင်နိုင်စွမ်းရှိမယ်လို့ ယုံကြည်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့သဘောထားအတိုင်း လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ စိတ်ချမှုအပြည့်ရှိကြောင်း

ထောက်ခံလိုက်တဲ့အတွက် ကုဘသမဂ္ဂဘက်ကလည်း အခုဆိုရင် ပထမအဆင့်အဖြစ် တာလီဘန်တွေကို အလှူရှင်များညီလာခံဆီ တက်ခွင့်ပေးအပ်ဖို့ အလေးအနက်ထား စဉ်းစားနေပြီဖြစ်သလို တက်ခွင့်ရနိုင်ဖို့ကလည်း နီးစပ်နေပြီဖြစ်ပါတယ်။

SAC ဟာ တာလီဘန်တွေ နေရာပေးခံရတာကိုမြင်မှပဲ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နီးစပ်အောင် အာဆီယံရဲ့အကူအညီကို ယူမှဖြစ်တော့မယ်ဆိုတာကို သဘောပေါက်သွားပါတော့တယ်။ ဒါကြောင့်လည်းပဲ လေသံပျော့သွားခဲ့တာပါ။

အာဆီယံဘက်က တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ငါးခုကို အကောင်အထည်ဖော်ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်တွေ၊ ကုလသမဂ္ဂကို သဝဏ်လွှာပို့တာတွေ ဖြစ်လာတာက တာလီဘန်တွေတောင် နေရာပေးခံရနေပြီ၊ ငါတို့ နေရာပေးမခံရရင် ပိုဆိုးတော့မယ်လို့ အတွေးဝင်သွားလို့ပါပဲ။

ဒါကြောင့်လည်း နိုင်ငံရေးရွှေ့ကွက်တချို့ကို အသုံးပြုပြီး အာဆီယံအစည်းအဝေးကို တက်ခွင့်ရနိုင်မလားလို့ ပြန်ကြိုးပမ်းကြည့်လာတာပဲဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို သီတင်းကျွတ်ကာလမှာ လွှတ်ပေးပြီး အာဆီယံ ဘုံသဘောတူညီချက်တစ်ခုကို အကောင်အထည် စဖော်ပြီလို့ ပြသခဲ့ပေမယ့် နောက်ကွယ်မှာ ပြန်လည်ဖမ်းဆီးသူ ၁၁၀ အထိ ရှိခဲ့တဲ့သတင်းတွေ ပျံ့နှံ့သွားခဲ့လို့ ဒါတွေက SAC ကို ပြန်လည် အထိနာစေခဲ့ပါတယ်။

ဒီကြားထဲ ၈၈ ငြိမ်းပွင့်က ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို ဖမ်းဆီးထိန်းသိမ်းတာတွေရှိလာလို့ SAC အနေနဲ့ အာဆီယံအစည်းအဝေးတက်ခွင့်ရနိုင်ရေးတောင်းဆိုမှုက မျှော်သာမျှော်သည် မယုံကြည်၊ ရင်မှာဝေဒနာ အပွင့်အခက် အဝါအနီနဲ့ အဆုံးသတ်ရမယ့်ကိန်းပါပဲ။

တက္ကသိုလ်ကျောင်းသားတွေရဲ့စကားနဲ့ပြောရရင်တော့ ဒီဘားထိလို့ စာမေးပွဲဝင်ဖြေခွင့် မပေးတော့ပါဘူးဆိုတဲ့ကျောင်းသားက အခု စာနည်းနည်းကျက်ပြီးသွားလို့ ဆပ်ပလီဖြေခွင့်ရမလားလို့ တောင်းဆိုနေတာမျိုးနဲ့သာ အလားသဏ္ဍာန်တူနေပါတယ်။

တာလီဘန်တွေလို ကမ္ဘာ့နိုင်ငံရေးအသိုင်းအဝိုင်းထဲ ဝင်ဆံ့ဖို့ လုပ်နေပေမယ့် လုပ်နေသမျှက ရမ်းကုနည်းတွေချည်းသာဖြစ်နေလို့ အရာရာဟာ SAC အတွက် ရွှေပြည်တော် မျှော်တိုင်းဝေးပြီး ခဲလေသမျှ သဲရေကျရဖို့သာ ရှိပါတော့တယ်။

နွေဦးအသံ(သံတွဲ)
Crd – Mercury Media

Be the first to comment on "အာဆီယံအစည်းအဝေးကို SAC အရမ်းတက်ခွင့်ရချင်နေတာ တာလီဘန်တွေကြောင့်ပါ"

Leave a comment

Your email address will not be published.


*