အာဆီယံကနေ တွန်းထုတ်ခံရရင် နုတ်ထွက်မှာလား…

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံဟာ မြန်မာ စစ်ခေါင်းဆောင်ကို အောက်တို ဘာ ၂၆ ကနေ ၂၈ ရက်အထိ ဘရူနိုင်းမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးပွဲ နှစ်ရပ်ဆီ မဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။

လုံလုံလောက်လောက် တွန်းထုတ်မယ်ဆို နေပြည်တော်က စစ်အစိုးရဟာ ဒေသတွင်းအဖွဲ့ကြီး အာဆီယံကနေ နုတ်ထွက်သွားမလားဆိုတာပါပဲ။

မြန်မာ စစ်ခေါင်းဆောင်တွေဟာ ၁၉၉၇ ခုနှစ်မှာ အာဆီယံကို မဝင်ခင် တော်တော်လေး ကြာကြာ ခက်ခက်ခဲခဲ တွေးခဲ့ကြပါတယ်။ အာဆီယံကို ဝင်ရောက်တာဟာ နိုင်ငံခြားဆက် ဆံရေးမှာ လွတ်လပ်ပြီး ကြားနေရေးဆိုတဲ့ ရေရှည် ကိုင်စွဲလာခဲ့တဲ့ မူကနေ ခွဲထွက်တာအဖြစ် ရှုမြင်ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံဟာ ဒေသတွင်း အင်အားကြီးတဲ့ ဘယ်လို အဖွဲ့အစည်းတွေနဲ့မှ မဟာမိတ်ဖွဲ့မှု မရှိသလို အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရေးအပေါ် ကတိခံထားပေမယ့် အဖွဲ့ဝင်ဖြစ်ရေးကတော့ မြန်မာရဲ့ အစဉ်အလာ ရပ်တည် ချက်နဲ့ ပနံသင့်နေလိမ့်မှာ ဖြစ်ပါတယ်။

ခုချိန်မှာတော့ စစ်ကောင်စီရဲ့ ရှေးရိုးစွဲ အဖွဲ့တစ်ရပ်ဟာ အာဆီယံအဖွဲ့ဝင်ဖြစ်မှုဟာ တိတိ ပပ တန်ဖိုးမရှိဘဲ မြန်မာအပေါ် ပြည်ပဖိအားတွေသာ ဖြစ်စေမယ်လို့ ပြောဆိုလာပါတယ်။ ဒါပေမယ့် ပိုပြီး တိုးတက်တဲ့ အဖွဲ့တစ်ရပ်ကတော့ အာဆီယံဟာ အစိုးရနဲ့ ပြည်ပဝေဖန်သူတွေကြားမှာ သက်သာရာရစရာ ကြားခံဖြစ်နိုင်ပြီး တရုတ်နဲ့ စစ်ကောင်စီရဲ့ ပြဿနာမကင်းတဲ့ ဆက်ဆံရေးမှာ မြန်မာကို ဟန်ချက်မျှအောင် ကူညီပေးနိုင်မယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဥရောပက ဆွေးနွေးဖက်တွေရဲ့ ဖိအားအောက်မှာ ရှိနေတဲ့ အာဆီယံအတွက်ကတော့ ခုထက်တိုး ရှေ့ဆက်လုပ်ဆောင်မှာ မဟုတ်ပေမယ့် မြန်မာရဲ့ အဖွဲ့ဝင်ဖြစ်မှုဟာ အဖွဲ့ကြီးရဲ့ ဩဇာကို အားကောင်းစေလိမ့်မယ်လို့ ခံယူထားပါတယ်။

အနောက်တိုင်းက ဒဏ် ခတ်ပိတ်ဆို့မှုတွေ တိုးလို့ ဖြစ်စေတဲ့ မြန်မာနိုင်ငံရဲ့ တရုတ်လောင်းရိပ် မိနေတာကနေလည်း အာဆီယံက ဆွဲထုတ်လိုနေပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဟာ နှိုင်းယှဉ်မယ်ဆို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံဖြစ်ပြီး သဘာဝသယံဇာ ပေါကြွယ်ဝတာကြောင့် နည်းပညာနဲ့ စားသုံးသူကုန်စည်ပစ္စည်းအတွက် အလားအလာကောင်းတဲ့ ဈေးကွက်ဖြစ်နေပါတယ်။

မကြာသေးတဲ့ ကာလအထိတော့ အာဆီယံဆီ ဝင်ရောက်ဖို့ ဆုံးဖြတ်ချက်ဟာ အရာရောက်အောင်မြင်တယ်လို့ ထင်မြင်စရာပါ။ အာဆီယံအဖွဲ့ဝင်ဖြစ်ခြင်းဟာ တရုတ်ရဲ့ ဩဇာကို ခုနှိမ်ရန်နဲ့ ပြည်ပဖိအားတွေကို တောင့်ခံရန် မြန်မာနိုင်ငံက အစိုးရအဆက်ဆက်ကို အကူအညီ ဖြစ်ခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဆွဲဆောင်ရာမှာ အထောက်အကူဖြစ်ခဲ့သလို အိုဘားမားရဲ့ ‘လက်တွေ့ကျသော ဆက်ဆံမှု’ ဆိုတဲ့ မူဝါဒကိုပါ တွန်းအားပေးနိုင်ခဲ့ဖွယ် ရှိပါတယ်။ မြန်မာလုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို အာဆီယံက ဝေဖန်တယ်ဆိုတာလည်း နှိုင်းယှဉ်ရရင် အသံတိတ်နေတာပါပဲ။ ဥပမာ မွတ်စလင်ရိုဟင်ဂျာတွေအရေးမှာပါ။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကတော့ အာဆီယံကို တုန်လှုပ်သွားစေပြီး တုံ့ပြန်ရေးကို မကြာခင်မှာပဲ အကောင်အထည် ဖော်လာရတော့ပါတယ်။ စစ်အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်ဖြစ်တဲ့ “ဘုံသဘောတူညီချက် ၅ ရပ်” ကတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါ။

စစ်ကောင်စီဟာ အာဆီယံ အထူးကိုယ်စားလှယ်ကို ဖယ်ရှားခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးဘဲ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီလနှောင်းပိုင်း အာဆီယံထိပ်သီးအစည်း အဝေးဆီ မင်းအောင်လှိုင်ကို မဖိတ်ကြားဖို့ ဆုံးဖြတ်ချက် ချလိုက်ပုံ ရှိပါတယ်။

“မြန်မာနိုင်ငံတွင်း အခြေအနေသည် ဒေသတွင်း လုံခြုံရေးအပြင် စည်းမျဉ်းအခြေပြု အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု၊ ယုံကြည်ရမှုနှင့် အလယ်အလတ် ကျင့်သုံးမှုတို့ကိုပါ ရိုက်ခတ်လျက် ရှိကြောင်း” အာဆီယံ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လာမယ့် ထိပ်သီးအ စည်းအဝေးတွေကို မြန်မာနိုင်ငံက “နိုင်ငံရေးနဲ့ မပတ်သက်သူ” ကို တက်ရောက်ခွင့်ပြုမယ်လို့ ဆိုပေမယ့် ကိုယ်စားပြုသူကို စစ်ကောင်စီထံကလား၊ အဝေးရောက် အမျိုးသားညီညွတ် ရေးအစိုးရ NUG ဆီကလား ဘယ်ကိုယ်စားလှယ်ကို လက်ခံမယ်ဆိုတာနဲ့ ပတ်သက်လို့သော ပြောမလာသေးပါ။

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ အနည်းငယ်သာ ပါဝင်တဲ့ အာဆီယံရဲ့ အဖွဲ့ဝင်ဖြစ်တာဟာ မြန် မာနိုင်ငံမှာ ဖိနှိပ်ခံ လူထုအတွက် အာဆီယံက ပြောဆိုပေးမှု အကြိမ်ကြိမ် ပျက်ပြားနေခဲ့တာ ဖြစ်ပါတယ်။ ဆောင်းပါးရှင် Bertil Linter ကတော့ အခုလို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး မဖိတ်တာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို စိုးရိမ်တာထက် အာဆီယံရဲ့ ကျဆင်းလာတဲ့ ဩဇာနဲ့ အများထင်မြင်ယူဆချက်တွေကို စိုးရိမ်တာကြောင့် ပိုဖြစ်နိုင်တယ်လို့ ရေးသားပါတယ်။

စစ်ကောင်စီကတော့ အာဆီယံဟာ အဖွဲ့တည်ထောင်တဲ့ ပင်မအုတ်မြစ်ကို မျက်ကွယ်ပြုပြီး မြန်မာရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။ အမှန်လည်း အချို့ စစ်ဗိုလ်ချုပ်ကြီးတွေက အာဆီယံဟာ သူတို့ရဲ့ ပြည်တွင်း၊ ပြည်ပက ရန်သူတွေဖက် ပင်းနေတယ်လို့ ယုံကြည်နေကြပါတယ်။ အကျိုးဆက်ကတော့ အာဆီယံကနေ မြန်မာကို နုတ်ထွက်ဖို့ သူတို့ စဉ်းစားလာမယ်ဆိုရင် အံ့ဩစရာ ဖြစ်မှာ မဟုတ်ပါ။

မြန်မာဟာ အထီးကျန် နေခဲ့ရတာ ရှည်ကြာတဲ့ စံချိန် ရှိထားပြီးပါ။ ဥပမာအနေနဲ့ ၁၉၆၁ မှာ Non-Aligned Movement အဖွဲ့ကြီး တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး အရှေ့အုပ်စုဆီ စတင် ယိမ်းယိုင်တဲ့အချိန် ၁၉၇၉ မှာ အဖွဲ့ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ဒီ စိတ်သ ဘောထားဟာ ရှင်သန်နေတုန်းပါပဲ။ အရင် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒမှာ တက်ကြွ၊ လွတ်လပ်ပြီး ကြားနေရေးကို ချမှတ်ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဒီ မူကို စစ်တပ်ရော၊ အရပ်သားတစ်ပိုင်းအစိုးရကပါ လက်ခံကျင့်သုံးနေတာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ်ရဲ့ စိတ်နေသဘောထားကို သိနားလည်ဖို့ အမြဲတမ်း ခက်ခဲပေမယ့် ဗိုလ်ချုပ်ကြီးတွေဟာ နိုင်ငံမှာ လွတ်လပ်ရေး အဓွန့်ရှည်ရမယ်ဆိုတဲ့ အခြေခံမူကို စွဲစွဲမြဲမြဲ ကိုင်စွဲထားတာပါ။ သူတို့ အကောင်းဆုံး သိထားတဲ့ စည်းလုံးညီညွတ်တဲ့ အချုပ်အခြာပိုင် နိုင်ငံအဖြစ် ရှင်သန်ရေးကိုပဲ ယုံကြည်ထားကြတာပါ။ ဒီလို သဘောထားကြတဲ့ အဆက်ဆက်သော စစ်အစိုးရတွေဟာ ပြင်ပဖိအားတွေကို ကြံ့ကြံ့ခံ အံ့တုရင်း ဆုံးရှုံးနစ်နာမှုတွေ၊ လူသားရင်းမြစ်တွေနဲ့ အခြား အရာတွေကို ဂရုမစိုက်ဘဲ ကိုယ့်လမ်းကြောင်းမှာပဲ ရပ်တည်နေတော့တာ ဖြစ်ပါတယ်။

Griffith Asia Institute အတွက် မကြာသေးတဲ့ သုတေသနတစ်ရပ်ကို ကိုးကားရရင် ဖေဖော် ဝါရီ အာဏာသိမ်းပြီးချိန်စလို့ ဒီ ဖြစ်စဉ်က သမိုင်းဘီး တစ်ပတ်လည်တယ်လို့ ပြောရမှာပါ။ အများပြည်သူရဲ့ ဝေဖန်မှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ခရီးသွားပိတ်ပင်ချက်တွေနဲ့ လက်နက်တင်ပို့မှု တားမြစ်မှုတွေက ဗိုလ်ချုပ်ကြီးတွေထံ တစ်ကျော့ပြန် လာပုံရပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့လည်း တရုတ်နဲ့ ရုရှတို့လို မိတ်ဆွေတွေနဲ့ “ကြံ့ကြံ့ခိုင် မြန်မာ” အဖြစ်ကို ပြင်ဆင်ထားဟန် ရှိပါတယ်။

အာဆီယံရဲ့ အဖွဲ့ဝင်ဖြစ်မှုဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နိုင်ငံတကာ နိုင်ငံရေးနဲ့ ကုန် သွယ်ရေးဆီ ပိုပြီး ဝင်ဆံ့လာခြင်းနဲ့အတူ မြန်မာအတွက် အကျိုးဖြစ်နေဆဲပါ။ စစ်ကောင်စီအနေနဲ့လည်း တတ်နိုင်သမျှ မိတ်ဆွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ အာဆီယံက သူတို့ကို ကျောခိုင်းလိုက်ရင်တော့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ အာဆီယံ မပါဘဲ နိုင်သလောက် ရပ် တည်သွားဖို့ ဆုံးဖြတ်ချက် ချဖြစ်ဖို့ ရှိနေပါတယ်။

မြန်မာဟာ အာဆီယံ အဖွဲ့ဝင် ဖြစ်ဖြစ် မဖြစ်ဖြစ် ဒေသတွင်းနိုင်ငံတွေဟာ ကိုယ့်အကျိုး စီးပွား ရှိမယ်ဆို မြန်မာနဲ့ ဆက်ဆံနေဦးမှာပဲလို့လည်း စစ်ကောင်စီက သိထားပါတယ်။ မြန်မာနိုင်ငံက ပြည်တွင်းရေးဟာ ဒေသတွင်း လုံခြုံရေး အခင်းအကျင်းကို သက်ရောက်နေဦးမှာလည်း ဖြစ်ပါတယ်။ မြန်မာမှာ တရုတ်ရဲ့ ဩဇာကို အင်အားချိန်ခွင်လျှာ ညှိနိုင်ဖို့ အ ကြောင်းပြချက်ကလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒီ အချက်အလက်တွေကြောင့် စစ်ဗိုလ်ချုပ်တွေအနေနဲ့ ဆက်ပြီး ခေါင်းမာနေပြီး စစ်ကောင်စီကို နိုင်ငံရဲ့ အစိုးရလို့ အာဆီယံက အသိအမှတ် မပြုရင် အဖွဲ့ကြီးကနေ မြန်မာ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်လာနိုင်ခြေကို တွန်းအားပေးနေတော့တာပဲ ဖြစ်ပါတယ်။

MIZZIMA

Be the first to comment on "အာဆီယံကနေ တွန်းထုတ်ခံရရင် နုတ်ထွက်မှာလား…"

Leave a comment

Your email address will not be published.


*