မင်းအောင်လှိုင် အရှက်တကွဲ အကျိုးနည်းရတော့မည်လော

အာဆီယံ အဖွဲ့ဝင် ကိုးနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးများသည် လာမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မင်းအောင်လှိုင်အား ဖိတ်ကြားခြင်း ပြုမပြု ကို ယနေ့ သောကြာနေ့တွင် အွန်လိုင်းမှ အပြီးသတ် ဆွေးနွေးကြ မည်ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြလာခဲ့သည်။

အဖွဲ့ကြီး၏ အထူးသံတမန် ဖြစ်သူ အာဝင် ယူဆွတ် အနေနှင့် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံံခွင့် ရရန် တောင်းဆို ချက်ကို စစ်ကောင်စီမှ လူသိရှင်ကြား ပယ်ချခဲ့ပြီးနောက် ယခုလို အွန်လိုင်းမှပင် ဖိတ်ခေါ်ခြင်း ပြုသင့်၊ မပြုသင့်အတွက် တရားဝင် ဆွေးနွေးရသည့် အထိ ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးကို အာဆီယံ ဥက္ကဌဖြစ်သူ ဘရူနိုင်း မှ ဦးဆောင် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဝဏ္ဏမောင်လွင် အပါအဝင် ဆယ်နိုင်ငံ မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် တို့ သောကြာနေ့တွင် ဆွေးနွေးရန် ရှိသည်များကို ရွှေ့ဆိုင်းပေးရန် ကုလ အတွင်းရေးမှူးချုပ်မှ အချိန်ကပ်၍ တောင်းဆိုလိုက်ပြီ ဖြစ်သည်။

သူအနေဖြင့် ဝဏ္ဏမောင်လွင် နှင့် အတူ ယှဉ်တွဲပြီး ဆွေးနွေးရမည့် အရေးသည် ၎င်းတို့အား အသိအမှတ်ပြုသည့် သဘော သက်ရောက်သွားမည် စိုး၍ ယခုလို တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာ သံအမတ်ကြီး ရွေးချယ်ရမည့် အစည်း အဝေး မတိုင်မီ သူ၏ တွေ့ဆုံမှုအပေါ် မှားယွင်းစွာ အဓိပ္ပါယ် ကောက်ယူသွားမည်ကို စိုးရိမ်၍လည်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အကယ်၍ အတွင်းရေးမှူးချုပ်သာ တွေ့ဆုံမည်ဆိုလျှင် ကုလသမဂ္ဂ အနေနှင့် ဒီမိုကရေစီ ပြန်လည် ရရှိရေး ကြိုးပမ်းပေးလိမ့်မည် ဆိုသော မြန်မာ ပြည်သူတို့၏ မျှော်လင့်ချက် များကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမည်ဟု သတိပေးခဲ့ပြီး ဖြစ်သည်။

ဤသည်ကပင် မြန်မာ အရေး အပေါ် ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သည့် အာဆီယံ အဖွဲ့ အပေါ် သွယ်ဝိုက် ပြီး သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ အာဆီယံ သည် ကမ္ဘာစီးပွားရေးတွင် ထဲထဲဝင်ဝင် ထိုးဖေါက်ပြီး အီးယူ ကဲ့သို့ပင် ငွေကြေး စနစ် တခုတည်း သုံးစွဲရန်အထိ ရည်မှန်းချက် ကြီးစွာ ထားရှိနေသော အဖွဲ့ကြီးအတွက် အာဏာရူး တသိုက်ကြောင့် ရှေ့လျှောက် အခက်အခဲ ပေါင်း များစွာနှင့် ကြုံတွေ့လာရနိုင်သည်။

အမေရိကန် နိုင်ငံခြား‌ရေး ဝန်ကြီး အန်ထိုနီ ဘလင်ကင် သည် မြန်မာ အရေး နှင့် ပတ်သက်ပြီး ယူဆွတ်နှင့် ဆွေးနွေးခဲ့သည်။ နှစ်ဦးစလုံးက မြန်မာနိုင်ငံ အတွင်း အခြေအနေများ ဆိုးသည်ထက် ဆိုးလာနေ၍ အာဏာသိမ်း အဖွဲ့ကို အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ မတရား ဖမ်းဆီးခံထားရသူများ အား ပြန်လွှတ်ပေးရန် နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည် ဖြစ်ပေါ်ရန်တို့ကို တောင်းဆိုကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။

မြန်မာ အရေး အပါအဝင် ကော်ရိုနာ ဗိုင်းရပ်စ် နှင့် ပတ်သက်သည်များကို အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် နှင့် စင်္ကာပူ အထက်တန်း ဝန်ကြီး သာမန်း ရှမ်မူ ဂါရက်နမ်တို့ ဝါရှင်တန် တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြန်သည်။

အာဆီယံ၏ မူလအစ နိုင်ငံများ ဖြစ်သော မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီရှား နှင့် ဖိလစ်ပိုင်တို့က အောက်တိုဘာ ၂၆-၂၈ တွင် အွန်လိုင်းမှ တွေ့ဆုံရန် ရှိသည်ကိုပင် မင်းအောင်လှိုင် အား ဖိတ်ကြားခြင်း မပြုရန် ထောက်ခံခဲ့ ကြသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး တီဒရို လော့စင် က မြန်မာ အရေး အပေါ် အာဆီယံ အနေဖြင့် မည်သို့မျှ ကြားနေ မူဝါဒ ကျင့်သုံး၍ မဖြစ်တော့၊ ထိုသို့ လုပ်ပါက မိမိတို့ အဖွဲ့အစည်း အပေါ် ယုံကြည်မှု ကျဆင်းသွားမည့် အရေး နှင့် ကြုံလာရဖွယ် ရှိကြောင်း၊ မိမိတို့သည် ကမ္ဘာကြီး အတွက် အရေးမပါသော ကိစ္စများကိုသာ သဘောထား တိုက်ဆိုင်ကြသည့် အသင်းကြီး ဖြစ်လာနေပြီဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်သည်။

အာဏာသိမ်း အဖွဲ့သည် ပြည်တွင်း တည်ငြိမ်မှု ရရေးထက် ၎င်းတို့ အာဏာတည်မြဲရေးကိုသာ အာရုံစိုက် နေကြ သည် ဆိုသည်ကို ရှင်းရှင်းကြီး နားလည် သဘောပေါက်လာကြပြီ ဖြစ်သည်။ ယင်းနှင့် အတူ အာဆီယံ နှင့် မြန်မာ ဆက်ဆံရေးသည် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လက်ရှိ အနေအထားများအရ ဝဏ္ဏမောင်လွင် အဆင့်ကိုသာ လက်ခံရန် ရှိနေသည်။ ထိုသို့မဟုတ်ဘဲ အာဆီယံ အစည်းအဝေးမှ မင်းအောင်လှိုင်အား ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သည် ဆိုစေဦး မချစ်သော်လည်း အောင့်ကာနမ်း ပုံစံမျိုးသာ ရှိပေတော့သည်။ မည်သူကမှလည်း အချောင် အာဏာ ရယူခဲ့သော ၎င်းနှင့် တူတူတန်တန် ဆက်ဆံ လိုကြဟန် မရှိပေ။ သို့သော် မင်းအောင်လှိုင်ကတော့ ပါရလျှင် ပြီးရော သဘောနှင့် ပြည်တွင်း တွင် ဝါဒ ဖြန့်ချီနိုင်ရေး အတွက် အရှက်ကို ဘေးချိတ်ကာ တက်ရောက်ရဦးမည်သာ ဖြစ်သည်။

အာဏာသိမ်း တပ်များ၏ ပြည်သူများ အပေါ် ရက်စက်စွာ ဖိနှိပ် သတ်ဖြတ်နေမှုများက ကျော်မကောင်း ကြားမကောင်း အဆင့် ရောက်လာနေပြီ ဖြစ်၍ မည်သူမျှ မသိချင် မမြင်ယောင် ဆောင်၍ မရတော့ပေ။ ယင်းနှင့်အတူ မြန်မာ တပ်မတော်သည် အဖတ်ဆယ်၍ မရတော့အောင် ဂုဏ်သိက္ခာ ကျဆင်းသွားခဲ့ရပြီး မင်းအောင်လှိုင်ကို သစ္စာခံတပ် အဆင့် သာ သဘောထားလာကြပြီ ဖြစ်သည်။

လောလောဆယ်တွင် ပြည်သူ့ဖက်သို့ ခိုလှုံလာသည့် တပ်မတော်သားများ နှင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်သား အဖွဲ့က သမ္မတကြီး ဦးဝင်းမြင့်၏ တရားရုံး ထွက်ဆိုချက်အပေါ် အခြေခံပြီး မင်းအောင်လှိုင်ကို နိုင်ငံတော် သစ္စာဖေါက်မှု ဖြင့် ရာထူးမှ ဖယ်ရှားပြစ်ရန် တောင်းဆိုလာခဲ့ကြသည်။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!

-ဓါတ်ပုံ – REUTERS

Hla Soe Wai

Be the first to comment on "မင်းအောင်လှိုင် အရှက်တကွဲ အကျိုးနည်းရတော့မည်လော"

Leave a comment

Your email address will not be published.


*