လွန်စွာ လွယ်ကူလွန်းလှပေတဲ့ စစ်ကောင်စီတို့၏ အတွေး

အာ့ ကျ ကျ

စစ်သားရင့်မာ ကြီးများ ပီပီ အာဏာသိမ်းသည် ဆိုကာ ဗြောင်ကျကျ သိမ်းနိုင်ပါလျှက် နှင့် လူထုကို နားလှည့် ပါးလှည့် လုပ်ရန် ကလိမ်ကကျစ် ဉာဏ် ဖြင့် သမ္မတ အိမ်တော်ထဲထိ ဝင်ရောက်၊ ကျန်းမာရေး အကြောင်းပြ၍ ရာထူးမှ ထွက်ပေးရန်၊ ထွက်‌မပေးက ခြိမ်းခြောက်မည် ဆိုသော ကလေး သာသာ အတွေးဖြင့် ကြံဝံ့ကြ သည်မှာ မည်မျှ အထိ အသိဉာဏ် နည်းပါး‌သူများ ဖြစ်နေမှန်း ကမ္ဘာ‌ကျော်သည် အထိ ဖြစ်သွားခဲ့ရ‌ ပေတော့သည်။

၎င်းတို့၏ အတွေး က လွန်စွာ လွယ်ကူလွန်းလှပေစွ ပါတကား ။

ထိုအတွက်ကြောင့် အာဏာသိမ်းထားသည်မှာ ရှစ်လ ကျော်လာသည့်တိုင် အစိုးရ အဖွဲ့ အဖြစ် ပီပီပြင်ပြင် ရပ်တည်နိုင်ခြင်း မရှိ၊ ပြည်ပတွင်လည်း မည်သူကမျှ ဆေးဖေါ်ကြောဖက် မလုပ်ချင်ကြ၊ ခွေးသေကောင် ပုပ်ကြီး ရေထဲ မျောလာသလို ရှောင်ကြရှားကြသည့် အဆင့် ရောက်လာသည်။

ယခုအခါ အာဏာတည်မြဲရေး အတွက် တခုတည်းသာ ကျန်တော့သည် အကြမ်းဖက် နည်းလမ်းဖြင့် ပြည်သူကို စစ်ခင်း ပြီး သတ်ဖြတ်ရန် ကြံစည် နေကြလေသည်။

သမ္မတကြီး အနေနှင့် ရာထူး မှ မနှုတ် ထွက်နိုင်၊ အသက်သာ အသေခံသွားမည်ဟု ပြောဆိုနေသည့် ကြားမှ ဒုသမ္မတ မြင့်ဆွေသည် မည်သို့မည်ပုံ ယာယီ သမ္မတ ဖြစ်လာသည် ဆိုသည်မှာလည်း ထူးဆန်းလှ ပေသည်။ သမ္မတကြီးသည် ဖြစ်ပျက်ခဲ့သည်များကို လူသိရှင်ကြား ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ရှေ့မှောက်မှာပင် ရဲဝံ့စွာ ထုတ်ဖေါ်ပြောဆိုသွားခဲ့ခြင်းကြောင့် ၎င်းတို့ တသမတ်တည်း ပြောဆိုလာသော အာဏာသိမ်းခြင်း မဟုတ်၊ ဖွဲ့စည်းပုံ နှင့် အညီ အာဏာလွှဲပြောင်းယူခြင်း ဆိုသည် ကလည်း ပြိုလဲသွား ခဲ့ရရပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ကိုယ်တိုင် ရေးဆွဲထားခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ပုဒ်မ ၇၃ (က) အရ သမ္မတ သည် ရာထူးမှ နှုတ်ထွက်ခြင်း၊ သေဆုံးသွားခြင်း၊ သို့မဟုတ် တာဝန် မထမ်းဆောင် နိုင်လောက်အောင် ကျန်းမာ ရေး ချို့ယွင်းသွားခဲ့ခြင်း၊ အစရှိသည့် အကြောင်းများဖြင့်သာ ဒုတိယ သမ္မတ နှစ်ဦး အနက် မဲ အများဆုံးဖြင့် ရွေးချယ်ခံခဲ့ရသူကို ယာယီ သမ္မတ အဖြစ် အပ်နှင်းရမည်ဟု ပါရှိခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နည်းလမ်း ဖြင့် လွှတ်တော် အဆင့်ဆင့်မှ ရွေးချယ် အတည်ပြုခဲ့သည့် နိုင်ငံတော် အကြီးအကဲဖြစ်သူ သမ္မတကို မင်း‌အောင်လှိုင်က လက်နက်အားကိုး ဖြင့် ပုန်ကန် ခြားနားလိုက် ခြင်းပင် ဖြစ်သည် ဆိုသည်ကို သမ္မတကြီး ၏ ထွက်ဆိုချက်ဖြင့် ကမ္ဘာတဝှမ်းရှိ အစိုးရများ သိခွင့် ရသွား ခဲ့သည်။ ဤသည်ကား လွန်စွာ အရေးကြီးလှယုံမျှမက အလှည့်အပြောင်းကြီး ဖြစ်လာနိုင်သော ထွက်ဆိုချက်ပင် ဖြစ်သည်။

သမ္မတကြီးက တရားရုံးတွင် ယခု သူနေသည့် လိပ်စာ ကို မသိ၍ မပြောနိုင်ဟု ထွက်ဆိုသွားခဲ့ပြန်၍ ရုံးထုတ် တိုင်း ပြန်ပေးဆွဲခံထားရသူများ ကဲ့သို့ မျက်နှာကို အဝတ်စည်းပြီး ခေါ်လာသည့် အဖြစ်ကလည်း ထင်ရှားသွားရ ပြန်သည်။ ထိုသို့သော တရားခွင် မျိုးကို နိုင်ငံတကာ မှ ကျိန်းသေ ပြစ်တင် ရှုတ်ချကြပေဦးမည်။

နိုင်ငံတော် အတိုင်ပင်ခံသည်လည်း ယခုလကုန်ပိုင်းတွင် အလားတူ ထွက်ဆိုဖို့ ရှိနေသည်။ သူမ၏ တရားရုံးချိန်း အကြိမ် အရည်အတွက် လျော့ချပေးရန် တောင်းဆိုမှုကို မင်းအောင်လှိုင်၏ တရားရုံးက ပယ်ချခဲ့ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်းသိန်း မှ ပေးခဲ့ပါသည် ဆိုသော ရွှေ နှင့် ဒေါ်လာများကို တရားရုံးသို့ သက်သေအဖြစ် တင်သွင်း နိုင်ခြင်း မရှိပြန်သဖြင့် လူတဦး တယောက် က လာဘ် ပေးခဲ့ရပါသည်ဟူသော အပြော နှင့်ပင် တရားစွဲဆိုခဲ့သည့် အဖြစ်သို့ ရောက်သွားခဲ့ရသည်။

၎င်းတို့၏ အဖြစ်က လူတဦး အကျဉ်းကျနေစဉ်အတွင်း ပြင်ပတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ကျူးလွန် ပါသည်ဟု စွဲချက်တင်ရန် ကြိုးပမ်းနေသည် နှင့် မခြား ဖြစ်လာနေသည်။

အာဏာ စားပိုး နင့်နေကြသူ များ ပီပီ ထွေးထုတ်၍လည်း မဖြစ်၊ မျိုချ ဖို့ ကြိုးစားသော်လည်း မရသည့် သနား စရာ ဘဝ ရောက်နေကြသူများ ပီပီ နည်းမျိုးစုံ ဖြင့် မတော်မတရား ကြံစည်ကြပေဦးတော့မည်။ ထိုအထဲတွင် တချိန်လုံး အေးချမ်းစွာ နေထိုင်လာခဲ့ကြသော ချင်း တိုင်းရင်းသားများအား ၎င်းတို့ကို အာခံမှုဖြင့် မျိုးဖြုတ် ပြစ်ရန် အထိ လည်း ပါဝင်လာပေသည်။

အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ဩစတေးလျှ လေးနိုင်ငံ ပူးပေါင်း ဖွဲ့စည်းထားသော Quad အဖွဲ့ကြီး၏ ရေတပ် စစ်ရေး လေ့ကျင်မှု Malabar ဒုတိယ အဆင့် ကို နောက်အပတ်တွင် ဘင်္ဂလား ပင်လယ်အော်အတွင်း၌ ပြုလုပ်ရန် ရှိနေသည်။ ထို့အတွက် အမေရိကန်၏ တန်ချိန် တသိန်း ရှိ နီမစ်ဇ် အမျိုးအစား ဆူပါ လေယာဉ်တင် သင်္ဘောကြီးဖြစ်သည့် USS Carl Vinsonသည် နောက်ဆုံးပေါ် တိုက်လေယာဉ် အစင်း ၉၀ တင်ဆောင်၍ ဝင်ရောက် လာနေပြီ ဖြစ်သည်။

ထိုသို့ ဘင်္ဂလား ပင်လယ်အော် အတွင်း နိုင်ငံတကာ စစ်ရေး လှုပ်ရှားမှု မြင့်တက်လာချိန် နှင့် မင်းအောင်လှိုင် တပ်များ၏ PDF တပ်များကို ချေမှုန်း ရန် ပြင်ဆင်လာချိန်မှာ တိုက်ဆိုင်လျှက် ရှိနေသည်။ မင်းအောင်လှိုင်အဖို့ ခြေလှမ်း တချက် မှားသွားသည် နှင့် ချက်ချင်းလို ပြဿနာ ပေါ်လာနိုင်သည့် အနေအထား ပင် ဖြစ်သည်။

အင်ဒို-ပစိဖိတ် ဒေသတွင် လွတ်လပ်စွာ ရေကြောင်းသွားလာနိုင်ရေး အတွက် ရည်ရွယ်ထားခဲ့သော်လည်း မြန်မာ သည် တရုတ် လက်ခုပ်ထဲက ရေဘဝ ကျရောက်သွားမည် ဆိုက ၎င်းတို့၏ ရည်မှန်းချက်များ ပြိုလဲ ခြိမ်းချောက်ခံလာရနိုင်ဖွယ် ရှိနေသည်။

ဇော်မင်းထွန်း သည် ၎င်းတို့အား အာဆီယံ မှ ဖယ်ကျဉ်ထားမည်ဟု ဆိုခြင်းသည် လူတဦး တယောက်၏ သဘောထား ဟု အကြောက်အကန် ကာကွယ် ပြောဆိုနေသော်ငြားလည်း အောက်တိုဘာ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အာဆီယံ မိသားစု ကောင်စီ အစည်းအဝေး တွင် နိုင်ငံခြားရေး ဝန်ကြီး များ အားလုံးက ထိုသို့ သော အလားအလာကို သဘောတူ ကြကြောင်း ဂျကာတာ ပို့စ် သတင်းစာ တွင် ဖေါ်ပြခဲ့သည်။

အာဆီယံ ထဲတွင် မြန်မာစစ်တပ် အား ထောက်ခံလိုသော အာဏာရှင်တပိုင်း နိုင်ငံများ ရှိနေသော်ငြားလည်း ၎င်းတို့ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာ နှင့် အလဲအလှယ် လုပ်ပြီး အာဏာသိမ်း အဖွဲ့ဖက်မှ ရပ်တည်ပေးကြမည်ကား မဟုတ်ပေ။ အာဆီယံသည် ကုလ အပါအဝင် တကမ္ဘာလုံးက သူတို့အပေါ် လွှဲချခဲ့သော တာဝန်ကို လိမ္မာ ပါးနပ်စွာ ခေါင်းရှောင်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အတွက် ရှေ့ကို ဘာဆက်လုပ်မည် ဆိုသည်ကား ကုလ နှင့် နိုင်ငံတကာ အပေါ် ပြန်လည်ကျရောက်သွားပြီ ဖြစ်၍ အာဆီယံ အထူး သံတမန်၏ သက်ဆိုင်သူများ အားလုံး နှင့် တွေ့ခွင့်ရရေး တောင်းဆိုချက်ကို လိုက်လျောရန် အပူတပြင်း ပြောဆိုလာကြတော့မည် ဖြစ်သည်။

ဤသည်ကား စစ်ကောင်စီ အဖို့ သံတမန်ရေး အရ အကြီးအကျယ် ထိုးနှက်ခံခဲ့ရခြင်းပင် ဖြစ်သည်။

နိုင်ငံအတွင်း တင်းမာမှု များ မြင့်တက်လာချိန်မှာ တဖက်တွင်လည်း စက်သုံးဆီ ဈေးနှုန်းများ ကြီးမြင့်လာနေမှု၊ လုံလုံလောက်လောက် ဝယ်ယူ နိုင်မှု မရှိခြင်း၊ ဂိတ်များစွာ ဖွင့်ပြီး ဆက်ကြေးများ ကောက်ယူလာနေခြင်းနှင့် တရုတ်ဖက်မှ ကော်ရိုနာ ဗိုင်းရပ်စ်ကို အကြောင်း ပြပြီး နယ်ခြားအား ပိတ်ခဲ့မှု များကြောင့် ပြည်တွင်း ကုန်စည် ပို့ဆောင်‌ရေး လုပ်ငန်းများ ရပ်ဆိုင်းရလု နီးနီး ဖြစ်လာနေပြီဟု သတင်းများက ဆိုသည်။

ဧရာဝတီ သတင်း အဆိုအရ ရန်ကုန်ရှိ တရုတ် LNG ဓါတ်အားပေး စက်ရုံ နှစ်ရုံသည် တွက်ခြေမကိုက်တော့၍ ဇူလိုင်လ ကတည်းက လုပ်ငန်း လည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့သည်ဟု သိရသည်။ တွက်ခြေ မကိုက် ဖြစ်လာ ရခြင်း မှာလည်း LNG ဈေးနှုန်းများ ကမ္ဘာတဝှမ်း မြင့်တက်လာခြင်း၊ ကျပ်ငွေတန်ဖိုးများ ကျဆင်း လာခဲ့ခြင်း နှင့်အတူ စစ်ကောင်စီမှ ၎င်းတို့အား မြန်မာကျပ်ဖြင့်သာ ပေးချေနိုင်တော့သည့် အတွက် ဖြစ်သည်ဟု သိရသည်။

ရပ်ဆိုင်းသွားသော ဓါတ်အားပေး စက်ရုံများ မှာ ၄၀၀ မီဂါဝပ် သာကေတ LNG စက်ရုံ နှင့် သီလဝါ အထူး စီးပွားရေး ဇုံရှိ ၃၅၀ မီဂါဝပ် LNG တို့ ဖြစ်သည်။ သီလဝါ ဓါတ်အားပေး စက်ရုံသည် လက်ရှိ LNG ကို အအေးဓါတ်ပေးနိုင်ရန် လိုအပ်သည့် ၅၀ မီဂါဝပ်သာ ထုတ်လုပ်လျှက် ရှိသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soe Wai

Be the first to comment on "လွန်စွာ လွယ်ကူလွန်းလှပေတဲ့ စစ်ကောင်စီတို့၏ အတွေး"

Leave a comment

Your email address will not be published.


*