တော်လှန်ရေးကို ကူပြီဆိုရင် စိတ်ထားတတ်ဖို့လိုတယ်ဆိုပြီး ပြောလာတဲ့ ပန်ဆယ်လို
တော်လှန်ရေးကို ကူပြီဆိုရင် စိတ်ထားတတ်ဖို့လိုတယ်ဆိုတာ ဒီလပိုင်းမှာ အတော်နားလည်လာမိတယ်။
ပြီးခဲ့တဲ့ရက်တွေက တော်လှန်ရေးကို ကူနေသူထဲက တစ်ယောက် NUG ကို Live လွှင့် အပြစ်တင်ပြောဆိုနေတာမျိုး တွေ့ရတယ်။ သူလည်း တကယ်ကူညီနေတဲ့သူပါပဲ။ အဓိကက အားမလို အားမရစိတ်နဲ့ ငါစွဲပေါ့။ NUG ဘက်က မခံနိုင်တဲ့သူတွေက ပြန်ဆဲကြ၊ နားထောင်နေသူတွေလည်း အားလျော့ပေါ့။
ကိုယ်တို့လို ကိုယ့်ခွန်ကိုယ့်အား၊ ကိုယ့်နာမည်၊ ကိုယ့်ယုံကြည်ခံရမှုကို သုံးပြီး ကူနေကြသူတွေမှာ ကြုံတွေ့ရတဲ့ ကိုယ်တွေ့လေးကို ပြောပြချင်မိတယ်။
ချီးမြှောက်သံတွေကြားရင် ငါအတော်ဟုတ်ပါလားလို့ မသိမသာသာယာစိတ် ဝင်လာတတ်တယ်။ ဒီလိုအချိန်ရောက်ရင် ငါတော်လို့မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပြီး ထိန်းသိမ်းရတယ်။
နောက်တစ်ခုက ကိုယ်တို့ဆီရောက်လာကြတဲ့ အဖွဲ့တွေက အကူအညီလိုလို့ ရောက်လာတာ။ အကူအညီမရသေးလို့ ရောက်လာကြတာ။ ကိုယ်တို့ဟာ မကူညီကြဘူး၊
အကူအညီမရသေးဘူးဆိုတဲ့ စကားတွေကိုပဲ ထပ်ခါထပ်ခါ ကြားရလိမ့်မယ်။ ဒါနဲ့ပဲ ဘယ်အဖွဲ့မှ အကူအညီမရဘူး၊ NUG ကလည်း မကူဘူး ဘာလုပ်နေတာလဲ တွေးမိရင် မှားလိမ့်မယ်။
ကိုယ်တွေလိုလူတွေဆီရောက်လာတာက တော်လှန်ရေးမှာ လှုပ်ရှားနေတဲ့ အဖွဲ့ပေါင်းများစွာထဲက ရှိလှ 25% ပေါ့။ NUG က အကူအညီရနေသူ၊ အခြားက အကူအညီရနေသူတွေ ရောက်မလာကြပါဘူး။
ရောက်မလာတဲ့အတွက် ရနေမှန်း ကိုယ်တွေ မသိနိုင်ဘူး။ ရောက်လာတဲ့ အကူအညီလာတောင်းတဲ့အဖွဲ့တွေရဲ့ လိုအပ်ချက်တွေကိုချည်း ဆက်တိုက် ကြားလာရတဲ့အခါ အပြစ်တင်စိတ်၊ ရမ်းချင်တဲ့စိတ်တွေ ပေါ်လာတတ်တယ်။ ဒါကို ထိန်းဖို့လိုပါတယ်။
လွန်ခဲ့တဲ့ရက်က ကိုယ်ငွေသိန်း၅၀ ပို့လိုက်တဲ့အဖွဲ့ဆီက မှတ်တမ်းလွှာတင်လိုက်တော့ NUG က မိတ်ဆွေတစ်ဦးက လာပြောတယ်။ သူတို့လည်း ၂၀၀ ပို့ထားပါတယ်တဲ့။
သတင်းမတွေ့ဘူးဆိုတာက အဖွဲ့အားလုံးကို ပေးနိုင်တဲ့ပမာဏ အင်အားမရှိဘဲ ကြေညာလို့မရဘူးလေ။ မရတဲ့ အဖွဲ့တွေ မကျေမနပ်ဖြစ်သွားနိုင်၊ ပိုပြီး စည်းလုံးမှု ပြိုကွဲနိုင်တာပေါ့။
ပြည်သူတွေ NUG ကို လှူကြတာ မှန်ပါတယ်။ ဒါပေမယ့် အစိုးရတစ်ရပ်၊ အကုန်အကျများတဲ့ တော်လှန်ရေးကို ဆင်နွှဲနေရတဲ့ အစိုးရတစ်ရပ်အနေနဲ့ မလောက်ငှနိုင်တာ အားလုံးသိမှာပါ။
ကိုယ်တို့လို အပြင်လူတွေက သိန်း၅၀ လောက် ကူနိုင်ရင်ကို ဂုဏ်ဆာပြလို့ရပေမယ့် NUG အနေနဲ့တော့ ဘာကူတယ် ညာကူတယ် အသံထွက်လို့မရပါဘူး။
NUG ဆိုတာက လက်ရှိတော်လှန်ရေးမှာ သံတမန်ရေးရော၊ စည်းရုံးရေးရော၊ တော်လှန်ရေးရော ဆောင်ရွက်နေရတဲ့ ပြည်သူ့Mandate ရ အဖွဲ့အစည်းပါ။ ကိုယ်ကတော့ NUG ကို တော်လှန်ရေး တပ်ဦးလို့ သဘောထားတယ်။
ကိုယ်လုပ်နိုင်တာလေး ပိစိပေါက်စလောက်နဲ့ ငါက ဒီလောက်လုပ်တယ်၊ နင်တို့က ဘာမှမလုပ်ဘူး ဘာညာပြောရင်း ကိုယ့်တပ်ကိုယ်နင်းဖို့တော့ စဉ်းကို မစဉ်းစားသင့်ဘူး။
NUG မလောက်ငှဘူး၊ NUG က မကူနိုင်တာတွေ များနေသေးတယ်ဆိုတာ သိရင် NUG ဆီ များများငွေပို့နိုင်ဖို့ ကြိုးစားကြရမယ်။ လှုံ့ဆော်ကြရမယ်။ NUG မကူနိုင်သေးတဲ့ အဖွဲ့တွေရဲ့ ကွက်လပ်တွေကို ဖြည့်ဖို့ ကြိုးစားကြရမယ်။
အပြစ်တင်ဆဲဆိုနေလည်း ဟိုက ငွေမရှိရင် ဘာမှလုပ်မရ၊ ဆဲလည်း ခံရရုံပဲ ရှိမယ်။ စည်းလုံးမှုပျက်ကြ၊ သွေးကွဲကြရုံအပြင် အကျိုးမရှိဘူး။ စစ်ကောင်စီက ဒါမျိုးဖြစ်စေချင်နေတာ။ ဒါမျိုးဖြစ်အောင် ဖန်တီးနေတာ။ စစ်ကောင်စီရဲ့ ဗိန်းမောင်းနဲ့ NUG ကို ဘီလူးက ကပြတော့မလို့လား။
ဒီတော်လှန်ရေးမှာ ပါဝင်နေကြသူတွေဟာ ဘယ်သူ့အမိန့် ဘယ်သူ့အာဏာနဲ့မှ ပါဝင်နေကြတာ မဟုတ်ဘူး။ ဘယ်သူကမှ မလုပ်မနေရ လက်ဆွဲခိုင်းနေတာလည်း မဟုတ်ဘူး။
ကိုယ့်အသိစိတ်နဲ့ကိုယ် နိုင်ရာနေရာက ပါဝင်နေကြတာ။ မလုပ်နိုင်ရင် ထွက်သွားရုံပဲ၊ မနိုင်တော့ရင် ရပ်လိုက်ရုံပဲ။ ငါဆုံးမပဲ့ပြင်မှရမယ့် NUG လို့ တွေးနေရင်တော့ အဆင်မပြေဘူး။
ဒီပွဲမှာ NUG အပါအဝင် တစ်ဦးချင်းတစ်ယောက်ချင်းစီက အသက်တွေ အနာဂတ်တွေ ရင်းထားရတာ။ မျိုးဆက်တစ်ခုလုံးရဲ့ အနာဂတ်တွေ အိပ်မက်တွေ အကုန်ရင်းထားရတာ။ ဒီပွဲရှုံးရင် NUG ပဲ ရှုံးမှာမဟုတ်။ အားလုံးရှူံးမှာ။
အားမလို အားမရဖြစ်ရင် လူရင်းအချင်းချင်း အတင်းအုပ်တာပဲ။ Public တက်ပြောပြီး ဒေါခွီးပြနေလည်း သွေးကွဲရုံအပြင် ဘာအကျိုးမှ မရှိ။ NUG ကလည်း ရေပြွတ်က ငွေထွက်နေတာ မဟုတ်။ သူတို့ လုပ်နိုင်သမျှ လုပ်ကြ။ ကိုယ်လည်း ကူနိုင်သမျှ ကူမယ်။ ဒီလောက်ပဲ။
သွေးမကွဲကြဖို့၊ သွေးမခွဲကြဖို့ ပြောတာ။ NUG ကို ဖားနေတယ်လည်း မထင်နဲ့ဦး။ တော်လှန်ရေးပြီးရင် သမီးက အရင်လိုပဲ ဈေးပြန်ရောင်းစားမှာ။
😌
ပန်ဆယ်လို
Be the first to comment on "တော်လှန်ရေးကို ကူပြီဆိုရင် စိတ်ထားတတ်ဖို့လိုတယ်ဆိုပြီး ပြောလာတဲ့ ပန်ဆယ်လို"