ကျန်းမာရေးကြောင့်၂ပတ်တခါစစ်ဖို့ တောင်းဆိုတာကို လက်မခံတဲ့ တရားသူကြီး

ကျန်းမာရေး အခြေအနေကြောင့် ကြားနာစစ်ဆေးမှုတွေကို တစ်ပတ်ခြားတစ်ခါ ( နှစ်ပတ်တစ်ကြိမ်) စစ်ဆေးပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ရုံးထုတ်စစ်ဆေးမှုမှာ တရားသူကြီးထံကို စာတင်ပြတောင်းဆိုထားပါတယ်။

အဲဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ တစ်ပတ်တစ်ခါသာစစ်ဆေးမယ်လို့ ဒီကနေ့ အောက်တိုဘာ ၁၁ရက် နေပြည်တော် အထူးတရားရုံး ကကြားနာစစ်ဆေးမှုမှာ တရားသူကြီးက အမိန့်ချခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကပြောပါတယ်။

တခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အမှုတွေထဲက အပတ်စဉ် တနင်္လာနေ့တိုင်း စစ်ဆေးလေ့ရှိတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ

ပုဒ်မ ၂၅ နဲ့ အမှုတွေ အတွက်လည်း အမှုကို စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချခဲ့တယ်လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒီပုဒ်မနဲ့ စွဲချက်တင်၊ မတင် စစ်ဆေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ကသူတို့မှာ အပြစ်မရှိကြောင်း ဒီကနေ့မှာလည်း ထပ်မံထွက်ဆိုခဲ့တယ်လု့ိဆိုပါတယ်။

” ပထမမှာ သမ္မတဦးဝင်းမြင့်ကိုစစစ်ပါတယ်။ဦးဝင်းမြင့်က အပြစ်မရှိဘူးလို့ပြောပါတယ်။ ဒါပေမယ့် အဲဒီအမှုအတွက် ကို စွဲချင်တင်တယ်လို့အမိန့်ချတဲ့အတွက်အမှုကိုဆက်စစ်ဖို့ဖြစ်သွားတာပေါ့။အဲဒီမှာ ပြန်ခေါ်သက်သေရဲမှူးကြီး ရဲမှူးမြင့်နိုင်နဲ့

ဒုရဲအုပ် တစ်ဦးကို ပြန်ခေါ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုဆက်စစ်ပါတယ်။ အပြစ်မရှိကြောင်း ထွက်ဆိုပါတယ်။ အဲဒီမှာလည်း ခုနက ရဲအရာရှိနှစ်ယောက်ကိုပဲ ပြန်ခေါ်ပါတယ် ” လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးကရှင်းပြပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ အမှုအတွက် တရားလိုဘက်ကတင်ထားတဲ့ နောက်တိုးသက်သေ ဖြစ်တဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူအောင်ကလာရောက်ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

” ဦးစည်သူအောင်ကတော့ တရားလိုဘက်ကနောက်တိုးသက်သေပါ။သူကတော့ Jammer ကိစ္စအတွက်ပဲထွက်ဆိုတယ်။ကျန်တဲ့ပစ္စည်းတွေသူမသိဘူးပဲပြောပါတယ်။ အဲဒီ Jammer ကိစ္စတစ်ခုအတွက်ပဲလာထွက်တယ်လို့ပြောပါတယ် ” လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အတွက် နောက်လာမယ့် ရုံးချိန်းမှာ စွဲချက် လျှောက်လွှဲချက်ပေးဖို့ ရှိပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၁ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ဆက်သွယ်ရေး

ဥပဒေပုဒ်မ ၆၇ ကို စွဲချက် တင် ၊မတင် အမိန့်ချရမှာဖြစ်ပေမယ့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ဆက်စပ်နေလို့ လာမယ့်အပတ်မှာပဲ တွဲလျက်အမိန့်ချမယ်လို့ တရားသူကြီးက ဆုံးဖြတ်ကြောင်း ရှေ့နေ့အဖွဲ့ကရှင်းပြပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ မြနန်းဘုံသာ လမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ တရားမဝင်စကားပြောစက် (၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့လို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ပို့ကုန်သွင်းကုန်ပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရ တာဖြစ်ပါတယ်။

အဲဒါကြောင့် စွဲချက်တင်သင့်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင်အမှုကိုဆက်စစ်ဆေးသွား မှာဖြစ်ပြီး စွဲချက်မတင်သင့်ဘူးလို့ ဆုံးဖြတ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရှင် လွတ်မြောက်မှာဖြစ်ပါတယ်။

Be the first to comment on "ကျန်းမာရေးကြောင့်၂ပတ်တခါစစ်ဖို့ တောင်းဆိုတာကို လက်မခံတဲ့ တရားသူကြီး"

Leave a comment

Your email address will not be published.


*