စစ်ရေးအရ အဆုံးအဖြတ် အဖြေထွက်လာမယ့် နမခ တိုက်ပွဲ

စကစ ဟာ မိုးကုန်တာနဲ့ စစ်ဆင်ရေး တွေ အမြဲစတင်လေ့ရှိပါတယ်။ အခုလည်း အားလုံး ကြားထားတဲ့အတိုင်း ချင်း+စစ်ကိုင်းစစ်ရေးနယ်မြေ (ချင်း၊ စစ်ကိုင်း၊ မကွေး) ကို စစ်ဆင်ရေး စဖို့ ပြင်ဆင်မှု အကြီးကြီး လုပ်နေပြီ ဖြစ်ပါတယ်။

အောက်တိုဘာ ၈ ရက်က ကလေးမြို့ ထဲရောက်လာသည့် တင့်ကားနှင့် စစ်ကားများ
ဒါ့အပြင် အောက်တိုဘာလ ကနေလာမဲ့ မတ်လကုန်အထိ သုံးမယ့် ခြောက်လတာ ဘတ်ဂျတ်ကို စစ်ကောင်စီက ရေးဆွဲထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးအကြိမ်ရေးဆွဲထုတ်ပြန်ခဲ့တဲ့ ဘတ်ဂျတ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ဘီလီယံပေါင်း ၁၇၀၀ ကျော်အထိ သုံးစွဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါဟာ နိုင်ငံဝန်ထမ်းအားလုံးကို လစာပေးချေနေရတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနပြီးရင် ဒုတိယအများဆုံးအသုံးစရိတ်လည်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက စစ်ကိုင်း၊ မကွေးနှင့် ချင်း ပြည်နယ်တို့ကို စစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ (CDF) မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးအဖွဲ့များကို ရှင်းလင်းရန် လက်နက်အင်အား အမြောက်အမြား တောင်းခံထားပြီး စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းပြည် နယ် ဟားခါးမြို့၊ ထန်တလန်မြို့နှင့် တီးတိန်မြို့တို့တွင်လည်း တပ်အင်အား ဖြည့်တင်းခြင်းများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

“သူတို့ အထက်ဆီ တောင်းထားတဲ့ လက်နက်စာရင်းတွေ ကျနော်တို့ ရထားတယ်။ အဲဒီ လက်နက်တွေက ကျနော်တို့ ပြည်သူ ပြည်သားအတွက် တော်တော်လေး စိုးရိမ်ရတဲ့ ဟာတွေ ရှိတယ်။ ဓာတုခဲယမ်းတွေပေါ့။ ကျနော်တို့ကို သတင်းပေးပို့လာတဲ့သူကလည်း အမည်စာရင်းတွေ ကောင်းကောင်း မသိဘူး။ ခဲယမ်းအနေနဲ့ သုံးဖို့ ဓာတုအမှုန့်နဲ့ အရည်တွေလို့ ယူဆရတယ်။

ဟောင် ဝဝ် ဇာ အ မြောက် တွေကို သုံးဖို့ စာရင်းတွေတင်ထားတာ တွေ့တယ်။ တင့်ကားတွေလည်း မှာထားတာ တွေ့တယ်။ 120 မီလီမီတာ မော် တာ တွေရယ်။ လေကြောင်းပစ်ကူအတွက် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ တောင်းထားတာလဲ ရှိတယ်” ဟု CDF မှ တာဝန်ရှိသူတဦးက ပြောကြောင်း ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ် ဖွဲ့အချို့အတွင်းမှ သတင်းပေးပို့ချက်များကို ကိုးကား၍ ၎င်းက ဆိုခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း၊ မကွေးနှင့် ချင်းပြည်နယ်ကို ရှင်းလင်းမည့် စစ်ဆင်ရေးကို ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်က ဦးဆောင်ကွပ်ကဲမည်ဟု သတင်းရထားပြီး စစ်ဆင်ရေးကို အောက်တိုဘာ ၁၅ ရက်တွင် စတင်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။

ကစထမှူးနှစ်ယောက် အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး နှစ်ယောက် ဖြစ်တဲ့ သန်းလှိုင်နဲ့ တေဇာကျော် ကို ထားထားပြီး ဒီစစ်ဆင်ရေး ကို စတင်တာ ဖြစ်ပါတယ်။

မြင်တာပြောရရင် ဒီ နမခ တိုက်ပွဲ (မကွေး၊ ချင်း၊ စစ်ကိုင်း) ဟာ နွေဦးတော်လှန်ရေး ရဲ့ အသက်ဖြစ်လာပါမယ်။ ဒီတိုက်ပွဲ ရဲ့ အခြေအနေနဲ့ ရလဒ် ဟာ တော်လှန်ရေးတစ်ခုလုံးရဲ့ အဖြေပေါ် ရာခိုင်နှုန်း အကြီးကြီး သက်ရောက်ပါလိမ့်မယ်။

နိုင်ငံတကာ ဆုံးဖြတ်ချက်တွေကလည်း ဒီတိုက်ပွဲပေါ် မူတည်ပါလိမ့်မယ်။ စကစ အတွက်ကတော့ ဒါကလွဲရင် ထွက်ပေါက်မရှိတော့လို့ တိုက်တာဖြစ်ပြီး၊ ပြည်သူတွေ အတွက်ကတော့ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းပြီး ဖက်ဒယ်ဒီမိုကရေစီ ရဖို့ စစ်တိုက်ရတာ ဖြစ်ပါတယ်။

ချင်း၊ မကွေး၊ စစ်ကိုင်း ကနေ စစ်ရေးဆက်မယ်ဆိုရင် ကချင် KIA, ကိုးကန့် MNDAA, TNLA တို့လို မြောက်ပိုင်း မဟာမိတ်တွေနဲ့ပါ စစ်ရေး ဆက်စပ်ပြီး တိုက်ပွဲ ဆက်သွားတော့မယ် လို့ ယူဆပါတယ်။

ကျွန်တော့် တစ်ယောက်တည်းရဲ့ အမြင်အရပြောရရင် ၂၀၂၁ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလ ဟာ စစ်ရေးအရ အဆုံးအဖြတ် အဖြေထွက်လာမယ့် လတွေ ဖြစ်ပါလိမ့်မယ်။

စစ်ဟာ ကျွံပြီဆိုရင် နှုတ်မရပါဘူး။ ပြီးအောင် တိုက်ရပါတယ်။ စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကချင်၊ ရှမ်း(မြောက်) အင်မတန်ကျယ်ပြန့်တဲ့ စစ်ရေး နယ်မြေကြီး ကို စကစ ဟာ တိုက်ရတော့မှာပါ။

သူတို့လည်း သိလျက်နဲ့ ရွေးချယ်တာမို့ နောက်တစ်ချက် ထပ်ပြောပါ့မယ်။ မြောက်ဘက်မှာ စစ်ကျွံရင် ကရင်နီ(ကယား)၊ ကရင်နဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် သတ်မှတ်နယ်မြေ တွေနဲ့ ဒေသတိုင်းရဲ့ ဒေသခံ PDF ဖြစ်တဲ့ LDF တွေကို စကစ ဟာ ရင်ဆိုင်ရတော့မှာပါ။ ကြည်း၊ ရေ၊ လေ ရသမျှ သူတို့ဘက်ကလည်း အကုန်သုံးမှာပါ။

ဗမာ တွေရဲ့တိုက်ပွဲ

တကယ်တော့ တိုင်းရင်းသား တွေဟာ ခေတ်အဆက်ဆက် အာဏာရှင်ကို တော်လှန်ခဲ့ပြီးသားပါ၊

မအလ လက်ထက်မှာ နေဝင်း၊ သန်းရွှေ တို့နဲ့ မတူတာက တိုင်းရင်းသား တွေထဲ လူဦးရေ အကြီးဆုံးဖြစ်တဲ့ ဗမာ တွေပါ တော်လှန်ရေးထဲ ပါလာပြီး ဗမာ နဲ့ပါ၊ ဗမာ နယ်မြေ တွေမှာပါ စစ်ဖြစ်လိုက်တာပါ။

အထူးသဖြင့် အထက်ပိုင်း နယ်မြေတွေမှာ ဗမာ ပါ ပါလာတာ မအလ အတွက် ကျဆုံးဖို့ လမ်းစလို့ ပြောနိုင်ပါတယ်။

အဲဒီတော့ ဘာတွေ ဆက်လုပ်ကြမလဲ? ဆိုရင် … တော်လှန်ရေး ကို ဒီသုံးလမှာ အစွမ်းကုန် အားပြန်ထည့်ကြရပါမယ်။

လှူနိုင်သူ လှူပါ၊ ကူနိုင်သူ ကူပါ၊ အဓိက က ကိုယ့်တစ်ကိုယ်စာ နိုင်သမျှ ပါဝင်ပေးကြပါ။ ပြောမယ်ဆို အားကုန်သွန် ရမယ့် အချိန်လည်း ရောက်ပါပြီ။

နောက်တစ်ခုက NUG ရဲ့ အခွန် ကိစ္စပါ၊
NUG ရဲ့ အခွန်ဟာ အောင်မြင်နေပါတယ်၊ ပြည်သူတစ်ဦးချင်း ကနေ ကုမ္ပဏီတွေ၊ နိုင်ငံခြား ကုမ္ပဏီ တွေ အထိ အခွန်ဆောင်လာကြပါတယ်။

ကိုယ်နဲ့ လက်လှမ်းမီရာ ကို အခွန် ကိစ္စ လက်ဆင့်ကမ်းကြပါ။ အထူးသဖြင့် အခြေအနေ စောင့်ကြည့် ခြံစည်းရိုးခွထိုင်နေတဲ့ သူတွေလည်း နောင် ပြည်သူဘက်က အစိုးရ တက်လာရင် မိတ်မပျက်ရလေအောင် အခုအချိန် ဆောင်သင့်ပြီလား? မေးရင် ဆောင်သင့်ပြီလို့ ရဲရဲသာ တိုက်တွန်းလိုက်ပါ။

သူတို့ စီးပွားရေးသမားပါ၊ ခြေတစ်လှမ်း ဘယ်ချထားရမလဲ သိပါလိမ့်မယ်။

နောက်တစ်ခုက NUG ရဲ့ ငွေတိုက်စာချုပ် Bond ကိစ္စပါ၊

ထင်သလောက်တော့ တစ်ပါတ်၊ နှစ်ပါတ်လောက် အတွင်း Bond ရောင်းမယ် ထင်ပါတယ်၊ လက်ရှိစစ်ရေး အခြေအနေအရ အဲဒီ Bond ဟာ အင်မတန်အရေးကြီးတဲ့ Resources ဖြစ်လာမှာပါ။ Raffle Tickets လိုပဲ ဒါဟာ လုံးကနဲငွေရပြီး စီးဆင်းမှု မြန်မယ်၊ တော်လှန်ရေး အတွက် အကျိုးများပါလိမ့်မယ်။

ပြည်သူ အတွက်လည်း Government Bond ဆိုတာ safe-haven asset အနေနဲ့ ဝယ်ကို ဝယ်သင့်ပါတယ်။

ဒီကနေ တော်လှန်ရေး အတွက် Resources တွေ အများကြီးရလာမှာပါ။ အဲဒီတော့ နိဂုံးချုပ်ရရင် October, November, December သုံးလဟာ အသက်လို အရေးကြီးတဲ့ ကာလ ဖြစ်လာပါလိမ့်မယ်။

နိုင်မလား မေးရင် ပြည်သူတစ်ရပ်လုံး တိုက်ရင် နိုင်မှာပါ၊ နိုင်မယ် ဆိုတဲ့စိတ်နဲ့ ကိုယ်ကူနိုင်တဲ့ နေရာကနေ ဝင်ကူကြပါ။ အားထည့်သွန်ရတော့မယ့် ကာလကတော့ ရောက်လာပါပြီ။

Ref: BBC, The Irrawaddy ,Heather Thein , Crd – Living Myanmar

Be the first to comment on "စစ်ရေးအရ အဆုံးအဖြတ် အဖြေထွက်လာမယ့် နမခ တိုက်ပွဲ"

Leave a comment

Your email address will not be published.


*