ယနေ့လူငယ်များ အားကျ အတုယူစရာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလီယံနာသူဌေးကြီး Elon Musk အကြောင်း

ယနေ့လူငယ်များ အားကျ အတုယူစရာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလီယံနာသူဌေးကြီး Elon Musk အကြောင်း

Elon Musk ဟု ဆိုလိုက်လျှင် Tesla လျှပ်စစ်မော်တော်ကား ကုမ္ပဏီနှင့် တွဲ၍ ပြေးမြင်ကြသည်။

အသက် 49 နှစ်အရွယ် Elon Musk ဟာ 2021 ခုနှစ်၌ ချမ်းသာကြွယ်ဝမှုတန်ဖိုး $149.8 ဘီလီယံဖြင့် ကမ္ဘာ့ တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်း၌ ပါဝင်နေကြောင်း Forbes မဂ္ဂဇင်း၏ စစ်တမ်းများ၌ ဖော်ပြထားပါသည်။ ယခုနှစ်ထဲ၌ပင် Tesla စတော့တန်ဖိုး အမြင့်ဆုံးဈေး အထိ တက်ခဲ့ချိန်မှာ Elon Musk သည်လည်း ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 1 နေရာကို ယာယီ ရောက်ရှိခဲ့သေးသည်။

Tesla စတော့တန်ဖိုး အတက်အကျ ကသောင်းကနင်း ဖြစ်မှုများကြောင့် Musk ၏ အသားတင်ချမ်းသာကြွယ်ဝမှု တန်ဖိုးဟာလည်း တက်တာမြန်သလို၊ ပြန်ကျတာလည်းမြန်သည့် အနေအထားမျိုး ရှိနေခဲ့ပါသည်။

Musk က အခြားသော ဘီလီယံနာများနှင့် မတူဘဲ ထူးခြားသည့်အချက်ကတော့ နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်တဦး ဖြစ်နေခြင်းပင် ဖြစ်ပါသည်။

Musk ၏ စွန့်ဦးတီထွင်ဘဝ

Elon Musk ၏ စွန့်ဦးတီထွင်လုပ်ငန်း အစကို ပြန်ကြည့်လျှင် Musk ဟာ Zip2 အမည်ရှိသော Web Software ကုမ္ပဏီ တခု၏ Co-founder အဖြစ် လုပ်ခဲ့ဖူးသည်။

1999 ခုနှစ်မှာတော့ Compaq ဆိုသည့် ကုမ္ပဏီက Zip2 ကို လက်အောက်ခံကုမ္ပဏီ အဖြစ် အမေရိကန်ဒေါ်လာ သန်း 340 ဖြင့် ဝယ်ယူခဲ့ပါသည်။ Zip2 ရှယ်ယာကို 7% ပိုင်ဆိုင်ထားသော Musk က $22 သန်း အကျိုးအမြတ်ရရှိခဲ့ပါသည်။

၎င်းအမြတ်ထဲမှာ $10 သန်းကို E-payment ကုမ္ပဏီတခုဖြစ်သော PayPal မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ထားပြီး Co-founder အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သည်။

2002 မှာတော့ PayPal ကို eBay ထံသို့ $1.5 ဘီလီယံဖြင့် ရောင်းချခဲ့ပြန်သည်။ E-commerce လုပ်ငန်းလုပ်သည့် eBay က ဈေးဝယ်သူများ၊ ဈေးရောင်းသူများ နှစ်ဦးနှစ်ဖက် ငွေပေးချေမှုပိုင်းမှာ အဆင်ပြေအောင် PayPal ကို ဝယ်ယူခဲ့ခြင်းလည်း ဖြစ်ပါသည်။

PayPal ရှယ်ယာ 11.7% ပိုင်ဆိုင်သော Musk ဟာ $180 သန်း အကျိုးအမြတ် ရရှိခဲ့ပါသည်။ ၎င်းငွေများ အားလုံးကို SpaceX, Tesla, နှင့် Solar City တို့မှာ ရင်းနှီးမြှပ်နှံမှု လုပ်ခဲ့သည်။

လာမည့်အနာဂတ်မှာ ဆိုလာစွမ်းအင်သုံး စက်ရုံလုပ်ငန်းများ၊ လျှပ်စစ်မော်တော်ကားများ အသုံးပြုမှုများလာပြီး အာကာသထဲသို့ ခရီးသွားလာနိုင်တော့မည်ဟု Musk က ယူဆထား သောကြောင့် ဖြစ်ပါသည်။

“My proceeds from the PayPal acquisition were $180 million. I put $100 million in SpaceX, $70m in Tesla, and $10m in Solar City. I had to borrow money for rent.” ဟု Musk ပြောဆိုထားသည်ကို ကြည့်လျှင် ၎င်းလုပ်ငန်းများ၌ သူ၏ ငွေရှိရှိသမျှကို ပုံအော၍ ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

SpaceX ကုမ္ပဏီ၏ founder & CEO အဖြစ်ရော၊ Tesla ကုမ္ပဏီ၏ Co-founder အဖြစ်ရော တာဝန်ယူလုပ်ကိုင်နေပြီး Solar City ကို Tesla လက်အောက်ခံကုမ္ပဏီအဖြစ် ဝယ်ယူလိုက်သည့် အချိန်မှစ၍ ဉက္ကဋ္ဌ နေရာမှာ ဝင်ရောက်လုပ်ကိုင် နေသောကြောင့် Musk ဟာ အားလပ်ချိန် မရှိလောက်အောင် လွန်စွာ အလုပ်များသူလည်း ဖြစ်ပါသည်။

Musk နှင့် စတော့ရင်းနှီးမြှုပ်နှံမှု

Musk ဟာ သူပိုင်သည့် ကုမ္ပဏီ၏ ရှယ်ယာကလွဲရင် တခြားသော ကုမ္ပဏီများ၏ ရှယ်ယာများကို ရင်းနှီးမြှပ်နှံမှု လုပ်မထားပေ။ Musk သည်လည်း Warren Buffett လိုပင် ရှယ်ယာများကို မရောင်းပစ်ဘဲ ကြာကြာ လက်ဝယ် ကိုင်ဆောင်ထားခြင်းကိုသာ နှစ်သက်သူလည်း ဖြစ်သည်။

သို့သော် လုပ်ငန်းအတွက် အခွန်ဆောင်ရသည့် ငွေများကို ထေကာမိဖို့အတွက် ရှယ်ယာများကို Option ဈေးကွက်မှာ အရောင်းအဝယ်လုပ်သည့် ပုံစံမျိုးတော့ လုပလေ့ရှိပါသည်။

လက်ရှိအချိန်၌ Musk က ၎င်းပိုင် ကုမ္ပဏီရှယ်ယာ လက်ဝယ်ထားရှိမှုနုန်း 22.4% အထိရှိနေပြီး နှစ်စတုန်းက ရှိခဲ့သည့် 20.8% ကနေ တိုးမြင့်လာခြင်းလည်း ဖြစ်ပါသည်။

2016 ခုနှစ်တုန်းက ဝေါစထရိဂျာနယ်မှ အင်တာဗျူးတခုတွင် Musk က ၎င်းပိုင်ဆိုင်ထားသော Tesla ရှယ်ယာများကို ဘယ်တော့မှ ထုတ်ရောင်းမှာ မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။ 2020 နှစ်ထဲမှာတော့ Tesla စတော့ အတက်နုန်း +743% အထိ စံချိန်တင် တက်ခဲ့ပြီး Musk ၏ အသားတင် ချမ်းသာကြွယ်ဝမှု တန်ဖိုးသည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက် လာခဲ့ပါသည်။

Musk က လက်ရှိအချိန်မှာလည်း $74 ဘီလီယံတန်ကြေးရှိနေသော SpaceX ကုမ္ပဏီ၏ ရှယ်ယာ 54% အထိကို ပိုင်ဆိုင်ထားပြီး မဲပေးပိုင်ခွင့်မှာလည်း 78% အထိ ရှိထားပါသည်။

Musk ၏ စွန့်စားရင်းနှီးမြှုပ်နှံမှုများ

Musk က 2010 ခုနှစ်တုန်းက DeepMind အမည်ရှိသော AI နည်းပညာကုမ္ပဏီတခုမှာ စွန်းစားရင်းနှီးမြှုပ်နှံသူ အဖြစ် ဝင်ရောက် ရင်းနှီး လုပ်ကိုင်ခဲ့သေးသည်။ နောက်ပိုင်း ၎င်းကုမ္ပဏီကို Google က ဝယ်ယူခဲ့သည်။ Musk ဟာ Neuralink ကုမ္ပဏီ၏ Co-founder အဖြစ်လည်းကောင်း၊ The Boring Company ၏ Founder အဖြစ်လည်းကောင်း၊ OpenAI ကုမ္ပဏီ၏ Co-founder အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပြီး နည်းပညာနှင့် ပက်သက်လျှင် ခေတ်ရှေ့ပြေး စွန့်စား၍ ရင်းနှီးမြှုပ်နှံလိုစိတ်ရှိသူလည်း ဖြစ်ပါသည်။

Musk က Boring ကုမ္ပဏီ၏ ရှယ်ယာ 90% ကို ပိုင်ဆိုင်ထားပါသည်။ ကမ္ဘာကျော် Microsoft ကုမ္ပဏီကြီးကလည်း AI နည်းပညာ အသုံးပြုနိုင်ရန် အတွက် ၎င်း Boring ကုမ္ပဏီ၌ $1 ဘီလီယံ ထည့်ဝင်ရင်းနှီးထားသည်။

စိတ်ဝင်စားသည့် အလုပ်ကို တစိုက်မတ်မတ် ကြိုးစား လုပ်ကိုင်ခြင်း၊ ဇွဲ လုံ့လ ဝီရိယ အလွန်ကြီးခြင်း၊ စွန့်စားရင်းနှီးမြှုပ်နှံလိုစိတ်ရှိခြင်း၊ ခေတ်ရှေ့ပြေးနေသည့် အတွေးအခေါ်များ ရှိခြင်း၊ ဆန်းသစ်တီထွင်လိုစိတ်ရှိခြင်း စသည်တို့ကတော့ Elon Musk ဆီမှ ယနေ့လူငယ်များ အားကျ အတုယူကြရမည့် အချက်များပင် ဖြစ်ပါကြောင်း ရေးသားမျှဝေလိုက်ရပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Be the first to comment on "ယနေ့လူငယ်များ အားကျ အတုယူစရာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလီယံနာသူဌေးကြီး Elon Musk အကြောင်း"

Leave a comment

Your email address will not be published.


*