(၁) ယခင် ငြိမ်ပိ စစ်အစိုးရ သည် ဗိုလ်နေဝင်း၏ မဆလ ခေတ် အမွေဆိုး များကို ဆက်ခံခဲ့ရပြီးနောက် မကြာခင်မှာပင် တံခါးဖွင့် စီးပွားရေး မူဝါဒကို ကျင့်သုံးပြီး ပြည်ပနှင့် ကူးလူးဆက်ဆံလာခဲ့၍ တိုင်းပြည်စီးပွားရေး အနည်းငယ် အသက်ရှု ချောင်လာခဲ့သည်။
မင်းအောင်လှိုင် တို့ အဖွဲ့၏ လားရာက ပြောင်းပြန် ဖြစ်လာနေသည်၊ ခေတ်ကောင်း မှ ခေတ်ဆိုးကြီးဆီသို့ နောက်ပြန် ခုတ်မောင်းနေရသော မီးရထား ခေါင်းတွဲ၏ ဂတ်ဗိုလ်ကြီး ဖြစ်လာနေသည်၊ ဂျောက်ထဲသို့ ကျလုနီးနီး တွင် ခုန်ဆင်းကြမည်လော၊ သို့တည်း မဟုတ် ရှက်ရှက်နှင့်ပင် အဆုံးထိ ဆက်လိုက် သွားကြမည်လော ဟု တိုင်ပင် ဆုံးဖြတ်ကြဖို့သာ ရှိပေတော့သည်။
အာဏာသိမ်းပြီး ရှစ်လကြာ ပြီးနောက် အခြေအနေများကို ရန်ကုန် တွင် နေထိုင်လျက် ရှိသော ကုလ လူသားချင်း စာနာမှု အကူအညီပေးရေး ဆိုင်ရာ ယာယီ တာဝန်ခံ အင်ဒရူး ကပ်ဝုဒ် မှ
သန်း နှစ်ဆယ်ကျော်သော မြန်မာ နိုင်ငံသားများသည် ဆင်းရဲတွင်းထဲ သက်ဆင်းနေပြီဟု အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှ တဆင့် ကမ္ဘာသို့ ထုတ်ပြန် အသိပေးလိုက်ပြီ ဖြစ်သည်။
ထိုအထဲတွင် သုံးသန်း ခန့်သည် အငတ်ဘေး ကြုံနေကြရပြီး ထိုသို့သော အခြေအနေမျိုးကိုနှစ်ပေါင်း နှစ်ဆယ်အတွင်း တွေ့မြင်ခဲ့ရခြင်း မရှိသဖြင့် မြန်မာသည် “ပြင်းထန်ဆိုးရွားလှသော အကျပ်အတည်းကြီး” နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ဆိုသည်။
ယခင်က ငြိမ်းချမ်းခဲ့သော ချင်း၊ မကွေး၊ စစ်ကိုင်း နှင့် မန္တလေး ဒေသများတွင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားလာပြီး တစထက်တစ ကျယ်ပြန့်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာနိုင်ငံများက မြန်မာပြည်သူများအား ပါးစပ်နှင့်သာ ထောက်ခံနေကြပြီး မြန်မာလူထု အတွက် လိုအပ်သော ဆေးဝါး၊ စားနပ်ရိက္ခာများ ထောက်ပံ့နိုင်ရန် ယခုထိ ဒေါ်လာ သန်း ၂၅၀ ခန့် လိုအပ်နေဆဲ ဖြစ်သည်ဟု ငြည်းညူသွားခဲ့သည်။
မည်သည့်ဖက်ကမှ နိုင်ငံရေး အရ အဖြေရှာရန် လိုလိုလားလား မရှိ၍ ကုလ နှင့် အခြား အကူအညီပေးရေး အေဂျင်စီ များ ကြားဝင်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်ဟု ပြောသွားခဲ့သည်။
(၂)ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းသည် နိုင်ငံတခု၏ နယ်မြေ တည်တံ့ ပိုင်ခွင့်ကို မည်သို့မည်ပုံ ကာကွယ် ပေးရမည်ကို သာ အဓိကထား ရေးဆွဲခဲ့ပြီး ထို နိုင်ငံများ အတွင်း အစုလိုက် အပြုံလိုက် အသတ်ခံနေရခြင်းများ အတွက် ထိရောက်စွာ ကာကွယ်ရေး ဖက်တွင် အားပျော့လျက် ရှိနေသည်။
မြန်မာအကျပ်အတည်းကို ဖြေရှင်းရေးသည် အဆိုပါ ပဋိညာဉ် စာတမ်းကို လက်ကိုင်ပြုကာ မျက်ကွယ်ပြုနေ၍ မရတော့ပဲ မည်သို့ ဖြေရှင်းရမည်ကို အခြားနည်းလမ်းများ တီထွင်ကြံဆလုပ်မှသာ ဖြစ်တော့မည်ဟု မက်ဆာချူးဆက် တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံ နှင့် ဥပဒေရေးရာ ဌာနမှ ပါမောက္ခ ချာလီ ကာပင်တာက World Politics Review စာစောင်တွင် ရေးသားလာသည်။
ယခုအခါ အခြားနိုင်ငံများသို့ ဒုက္ခသည်များ ဖြတ်ကျော် စိမ့်ဝင်လာနေမှု အား နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အား ခြိမ်းခြောက်နေမှု အဖြစ် ကုလ လုံခြုံရေး ကောင်စီ မှ တရားဝင် လက်ခံခဲ့ပြီး ဖြစ်သည်။
ကုလ ပဋိညာဉ် စာတမ်း အပိုဒ် ၅၁ အရ ထိခိုက်လာသော နိူင်ငံများ အဖို့ မိမိနိုင်ငံကို မိမိ ခုခံကာကွယ်ပိုင်ခွင့် ရှိနေသည်ဟု ပြဌာန်းထားပြီး ဖြစ်သည်၊ ထိုသိုသော လုပ်ရပ်ကို လုံခြုံရေး ကောင်စီ မှ တားမြစ်ချက် မထုတ်ပြန်မချင်း အကြုံးဝင်နေသည်။
လက်ရှိ စစ်အာဏာရှင်များသည် တိုင်းပြည်အား ဒီမိုကရေစီ စနစ် ပြန်လည်ထွန်းကားရန် တိုက်ပွဲဝင်နေသော မြန်မာ တို့၏ ခုခံတွန်းလှန်စစ်အား အပြင်းအထန် ချေမှုန်းနိူင်ရန် ပြင်ဆင်လျက် ရှိနေသဖြင့် တဖြေးဖြေး နှင့် ဂျီနိုဆိုက် အဆင့် ရောက်လာတော့မည်ဟု ဆိုသည်။ ထို့အတွက် နိုင်ငံတကာ နှင့် အိမ်နီးချင်း နိုင်ငံများက မည်သို့သော နည်းလမ်းဖြင့် ဟန့်တား နိုင်မည်ကို စုပေါင်းစဉ်းစား အဖြေရှာရန် အချိန်ကျနေပြီ ဖြစ်သည်ဟု ဆိုသည်။
ထိုအရေး အတွက် ကုလ အတွင်းရေးမှုးချုပ် မှ ဦး ဆောင်ဦးရွက်ပြုကာ High-Level Panel တရပ်ဖွဲ့စည်းပြီး ကြိုတင်သတိပေးခြင်း၊ လက်ဦးမှု ယူကာ ဟန့်တားနိုင်ရေး နည်းလမ်းများ ရှာကြံ၍ ဆောင်ရွက်သင့်သည်ဟု အကြံပြုထားသည်။
စစ်အာဏာသိမ်း အဖွဲသည် နဂိုကတည်းက နာမည်ပျက် ရှိထားပြီး ဖြစ်သည့် အကြမ်းဖက် အဖွဲ့အစည်းသာသာ အဆင့်ရှိနေသဖြင့် ၎င်းတို့၏ အလွန်အကျွံ လုပ်ရပ်များ အဆုံးစွန်ထိ ကျုးလွန်လာမည်ကို လက်ပိုက်ကြည့်မနေကြရန် ဖိအားပေးမှုများ တနေ့တခြားများသည်ထက် များလာနေပြီ ဖြစ်သည်။
(၃)ယနေ့ ရရှိသော သတင်းများအရ နေပြည်တော် ပုဗ္ပသီရိ ရှိ စစ်ကောင်စီ တပ်များ၏ ပစ္စည်းဝယ် ယူရေး ညွှန်မှုး ရုံးအား နေပြည်တော် PDF က အောင်မြင်စွာ ထိုးဖေါက်ပြီး ဗုံးခွဲတိုက်ခိုက်နိူင်ခဲ့ပြီဖြစ်သည်၊ အထိအခိုက်မရှိသော်လည်း ဘဂ္ဂဒက်ရှိ ဂရင်းဇုံးအလား လုံခြုံလှပါသည်ဟု သတ်မှတ်ထားသော အတွင်းစည်းဝိုင်းသည် ပထမဆုံးအကြိမ် ကျိုးပေါက်သွားခဲ့ပြီ ဖြစ်သည်။
ဇော်မင်းထွန်း မှ သတင်းစာရှင်းလင်းပွဲတွင် NUG ဝန်ကြီးများ အား အပြင်ထွက်ခဲ့ရန် စိန်ခေါ်ပြီး နာရီပိုင်း အကြာတွင် ဖေါက်ခွဲခံလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။
အလားတူ ဗိုလ်ချုပ် စောကျောသက် ဦးစီးသောDKBA ခွဲထက် အဖွဲ့မှ စစ်ကောင်စီ ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှူးချုပ် ကိုကိုမောင် လိုက်ပါလာသော ယာဉ်တန်းကို ကောကရိတ်-မြဝတီ အဝေးပြေး လမ်းမပေါ်ရှိ ကျိုက်ဒုံး လမ်းဆုံတွင် ခြုံခိုတိုက်ခိုက် နိုင်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး ဗိုလ်မှုး တဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိသွားသည်ဟု BGF တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ဗျုဟာမှုး ဆိုသူ လွတ်မြောက်သွားသော်လည်းစစ်ကောင်စီ တပ်များက ၎င်းတို့ လုပ်နေကျ နည်းလမ်း အတိုင်း အနီးအနားရှိ ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။
ရိုက်တာ သတင်းအရ ဖေ့စ်ဘုတ်တွင် ဒေါ်လာနှင့် ကျပ်ငွေ အလဲအလှယ် လုပ်သည့် ပိတ်ခ်ျ များ ထွက်ပေါ်လာနေသည်ဟု သိရသည်။နိုင်ငံတော် အတိုင်ပင်ခံအား ထောင်ဒဏ် ၁၅ နှစ်ထိ အပြစ်ဒဏ် ချမှတ်နိုင်သော အကျင့်ပျက် လာဒ်စားမှူ ပုဒ်မဖြင့် စွဲဆိုထားသည့် အမှုအား မန္တလေး တိုင်း ဗဟို တရားရုံး တရားသူကြီး မြင့်ဆန်းက ယမန်နေ့က စတင် စစ်ဆေးရာ တရားလိုပြ သက်သေ အဖြစ် ဦးဖြိုးမင်းသိန်းက ထွက်ဆိုသွားခဲ့သည်၊ သူသည် စိတ်ဓါတ်ကျဆင်းနေပုံ ပေါ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရှေ့မှ ဖြတ်လျှောက်သွားသော်လည်း စောင်းငဲ့ကြည့်သွားခြင်းပင် မရှိဟု ရှေ့နေ ဦးခင်မောင်ဇော်မှပြောပြကြောင်း အင်္ဂလန်ရှိ ဂါဒီယန်း သတင်းစာတွင် ဖေါ်ပြထားသည်။
သတင်းစာက ဆက်လက်ရေးသားရာတွင် ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေး အရ လက်စားချေရန် စွဲဆိုထားခြင်း ဖြစ်၍ အမြန်ဆုံး ပြန်လွှတ်ပေးရန် ကုလ သမဂ္ဂ နှင့် နိုင်ငံတကာ မှ တောင်းဆိုနေကြသည်ဟုလည်း ရေးသားထားသည်။
ဤသည်ကို ကြည့်က အာဏာသိမ်း အဖွဲ့သည် နိုင်ငံတော် အတိုင်ပင်ခံအား ယုံကြည်မှု ကင်းမဲ့စေရန် ယုတ်မာပက်စက်စွာ ကြံစည်နေကြသည်မှာထင်ရှားပေါ်လွင်လာနေပြီ ဖြစ်သည်။ ဦးဖြိုးမင်းသိန်း မိသားစု ၏ အသက်အန္တရာယ် ကို မည်မျှ အထိ ခြိမ်းခြောက် ခံနေရပြီ ဆိုသည်မှာ သိသာနေပြီ ဖြစ်သည်။
အာဆီယံ ၏ အထူး သံတမန်အား ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့် ပေးရေး မဖြစ်နိူင်ဟု စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ AFP သတင်းဌာနသို့ ပြောခဲ့ပြီ ဖြစ်၍ အာဆီယံ၏ ဟန်ပြ ဝင်ရောက်ဖြန်ဖြေရန် ကြိုးပမ်းလာမှုသည်ပင် မရေမရာ ဖြစ်သွားခဲ့ရပေပြီ။
တော်လှန်ရေး မုချ အောင်ရမည်!!! ဓါတ်ပုံ – မြန်မာနောင်း
Hla Soe Wai
Be the first to comment on "ဆိုးရွားလာနေသော မြန်မာအရေး ကုလဌာနေ ကိုယ်စားလှယ်မှ ကမ္ဘာကိုအသိပေးပြီ"