နေပြည်တော် စစ်ကောင်စီသုံး ဓာတ်အားလိုင်းကို PDF ဖျက်ဆီးလိုက်ပြီ

ကယားပြည်နယ်၊ လောပိတရေအားလျှပ်စစ်စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသည့် မဟာဓါတ်အားလိုင်း တာဝါတိုင် ၂တိုင်ကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဖျက်ဆီးလိုက်သည်ဟု သတင်းရရှိသည်။

ဖယ်ခုံ PDF က တာဝါတိုင်များကို သြဂုတ် ၁၂ ရက်က ဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်ကို ယနေ့၊ သြဂုတ် ၁၇ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဖယ်ခုံPDF သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အပြင် ရှမ်း-ကယားနယ်စပ်တွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။

၎င်းတို့သည် စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေချိန် သြဂုတ် ၁၂ ရက်၊ နေ့လည် ၃ နာရီခွဲခန့်က လောပိတမှ နေပြည်တော်သို့ သွယ်တန်းထားသည့် မဟာဓါတ်အားလိုင်း တာဝါတိုင် ၂ တိုင်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ ဖျက်ဆီး တာဝါတိုင်များသည် ပြည်သူလူထုအသုံးပြုခြင်းမရှိဘဲ စစ်ကောင်စီက သီးသန့် အသုံးပြုရန် သွယ်တန်းထားသည့် တာဝါတိုင်များ ဖြစ်သည်ဟု ဆိုသည်။

တာဝါတိုင်များကို ဖျက်ဆီးလိုက်ရခြင်းမှာ စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုကို ရပ်တန့်စေရန် ရည်ရွယ်သည်ဟုလည်း ဖယ်ခုံ PDFက ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လောပိတ ရေအားလျှပ်စစ်သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဘီလူးချောင်းပေါ်တွင် တည်ဆောက်ထားပြီး ၁၉၅၄ ခုနှစ်က စတင်လည်ပတ်ကာ လျှပ်စစ်ဓါတ်အားထုတ်ခဲ့သည့် စီမံကိန်းဖြစ်သည်။

ဘီလူးချောင်းပေါ်တွင် အမှတ် (၁) ၊ (၂) ၊ (၃) ဟူသည့် ရေအားလျှပ်စစ်စီမံကိန်းစက်ရုံ ၃ ရုံတည်ရှိပြီး ယခု ဖယ်ခုံ PDF ဖျက်ဆီးလိုက်သည့် တာဝါတိုင်များသည် အမှတ် (၃) စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသည့် တာဝါတိုင်များ ဖြစ်သည်။

ဖယ်ခုံ PDF သည် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြုတ်ချရန် အတွက် ဖယ်ခုံမြို့နယ်တွင်းမှ လူငယ်များ စုပေါင်းဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်ပြီး ၎င်းတို့သည် ကယားပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားသည့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF )တို့နှင့်လည်း စစ်ရေးမဟာမိတ်ဖြစ်သည်။

ဖယ်ခုံ PDF သည် မေ ၂၃ ရက်၌ စတင် စစ်မျက်နှာဖွင့်၍ တိုက်ခိုက်စဉ်ကလည်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၏နယ်မြေခံ ရဲစခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့ပြီး ရဲစခန်းကိုလည်း ဖယ်ခုံPDF က ဖျက်ဆီး ခဲ့သည်။

ထိုစဉ်ကလည်း မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများသဖြင့် စစ်ကောင်စီ၏ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုယ်တိုင် ကယားပြည်နယ်သို့ရောက်လာပြီး စစ်ကောင်စီတပ်ဖွဲ့များ၊ မိုးဗြဲရဲတပ်ဖွဲ့ဝင်များ၊ သေဆုံးသွားသည့် မိသားစုဝင်များနှင့် တွေ့ဆုံကာ စိတ်ဓါတ်တတ်ကြွရန် အားပေးခြင်းများ ပြုလုပ်ခဲ့ရသည်။

Irrawaddy – Burmese Edition

Credit Video – Khit Thit Media

Be the first to comment on "နေပြည်တော် စစ်ကောင်စီသုံး ဓာတ်အားလိုင်းကို PDF ဖျက်ဆီးလိုက်ပြီ"

Leave a comment

Your email address will not be published.


*