တာလီဘန်တွေဆိုတာ ဘယ်သူတွေလဲ၊ ဘယ်ကစတာလဲ ဘယ်သူတွေပါလဲ ရည်မှန်းချက်ဘာလဲ

တာလီဘန်တွေဟာ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်မှာ တင်းကြပ်တဲ့ အစ္စလာမ်မစ်ဥပဒေတွေနဲ့ ချမှတ်အုပ်ချုပ်ခဲ့သူတွေဖြစ်ပါတယ်။

#ဘယ်လိုဖွဲ့စည်းခဲ့သလဲ

တာလီဘန်တွေဟာ ဆိုဗီယက်ပြည်ထောင်စုကနေဆုတ်ခွာပြီးနောက် ၁၉၉၀ ပြည့်နှစ်ခန့်ကအာဖဂန်ပြည်တွင်းစစ်တွင်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေထဲကမှ တစ်ဖွဲ့ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ အာဖဂန်နစ္စတန်တောင်ပိုင်း Kandahar မြို့တစ်ဝိုက်၌ပေါ်ပေါက်ခဲ့ပြီး ၎င်းတို့ကို Mullah Mohammad Omar ဆိုသူကတည်ထောင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်မတိုင်မီအထိ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

#အမေရိကန်နဲ့ဘယ်လိုချိတ်ဆက်သလဲ

တာလီဘန်တွေကို အာဖဂန်တိုက်ခိုက်ရေးသမားတွေနဲ့ ဖွဲ့စည်းခဲ့တာများပါတယ်။ မူဂျာဟစ်ဒင်လို့လည်း ခေါ်ပါတယ်။ သူတို့ကိုတော့ အမေရိကန်က ဆိုဗီယက်ကိုတိုက်ဖို့အတွက် ၁၉၈၀ ပြည့်နှစ်များက ထောက်ပံ့ပေးထားတာပါ။

#အာဏာဘယ်လိုရလာသလဲ

၁၉၈၉ မှ ဆိုဗီယက်ယူနီယံကနေ ဆုတ်ခွာတော့ အာဖဂန်မှာ အစိုးရပြိုကွဲသွားပြီးနောက်တိုင်းပြည်ဟာ ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။

တာလီဘန်တွေက တရားမျှတမှုပြုလုပ်ပေးမယ်ဆိုပြီး ကတိတွေပေးကာ ထောက်ခံမှုတွေရယူ ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ တိုက်ိခိုက်ခြင်းသိပ်မပြုရဘဲ ကန်ဒါဟာမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ မြို့တော် ကဘူးလ်ကို သိမ်းပိုက်ခဲ့ကြပါတယ်။

#တာလီဘန်တွေရဲ့ ယုံကြည်မှု

တာလီဘန်တွေဟာ ရှရီယာဥပဒေဆိုတာကို ပြဌာန်းပြီး တင်းတင်းကြပ်ကြပ်ကို အုပ်ချုပ်ခဲ့ကြတာပါ။ လူအများစုကို ကွပ်မျက်မယ်၊ ရိုက်ပုတ်ခြင်းတွေကို အများမြင်ကွင်းရှေ့မှာ ပြုလုပ်သလို အမျိုးသမီးတွေကိုလည်း စာမဖတ်ရ၊ အလုပ်မလုပ်ရဆိုပြီး တားမြစ်တဲ့အပြင် ဘူခါကိုလည်း ခြုံခိုင်းထားခဲ့ပါတယ်။

ဒါ့အပြင် အနောက်တိုင်းစာအုပ်တွေ၊ ရုပ်ရှင်တွေကို ကြည့်ရှုဖတ်ရှုခွင့်တားမြစ် ထားသလို ဗားမီးယန်းတောင်ကြားက နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိတဲ့ ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။

#အယ်လ်ကိုင်းဒါးနဲ့သူတို့ရဲ့ဆက်စပ်မှု

တာလီဘန်တွေဟာ အိုစမာဘင်လာဒင် ဦးဆောင်တဲ့ al-Qaida စစ်သွေးကြွအဖွဲ့အတွက် နေရာထောက်ပံ့ပေးခဲ့ပါတယ်။ အယ်လ်ကိုင်းဒါးတွေဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပါအဝင် ကမ္ဘာတစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် ပြင်ဆင်အသုံးပြုဖို့ လေ့ကျင့်ရေးစခန်းတွေကို အာဖဂန်နစ္စတန်မှာ တည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။

#သူတို့အာဏာဘယ်လိုဆုံးရှုံးခဲ့သလဲ

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးတော့ အမေရိကန်ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဝင်တိုက်တော့တာပါပဲ။ ဒီဇင်ဘာအစောပိုင်းမှာတင် တာလီဘန်အစိုးရပြုတ်ကျပြီး ဒီမိုကရက်တစ်လို့အမည်ရတဲ့ အမေရိကန်ထောက်ခံတဲ့အစိုးရတက်လာတော့တာပါပဲ။

#နောက်ထပ်ဘာဖြစ်လာသလဲ

တာလီဘန်တွေဟာ အာဏာရှုံးပြီးတဲ့နောက် ပါကစ္စတန်နယ်စပ်နဲ့ အာဖဂန်နစ္စတန်ဘက်ကို ပြေးခဲ့ကြပါတယ်။ စစ်သွေးကြွအုပ်ဟုဟာ အမေရိကန်ထောက်ပံ့ပေးထားတဲ့ အစိုးရအပေါ် အသေခံဗုံးခွဲခြင်းတွေ၊ လက်ဘေးဗုံးနဲ့တိုက်ခိုက်ခြင်းတွေနဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်က အာဖဂန်ကို ဆယ်စုနှစ် ၂ ခုကြာ ထိန်းသိမ်းထားတဲ့ အမေရိကန်အစိုးရဟာ တာလီဘန်တို့နဲ့ ညှိနှိုင်းမှုပြုလုပ်ခဲ့ပါတယ်။ တာလီဘန်တွေ အမေရိကန်အပေါ် တိုက်ခိုက်မှုရပ်တန့်မယ်ဆိုရင် အမေရိကန်တွေကလည်း အာဖဂန်ကနေ အချိန်ကာလအတိုင်းအတာတစ်ခုအတွင်း ထွက်ခွာပေးမယ်ဆိုတဲ့ အချက်ပါ။

သို့သော်လည်း တာလီဘန်နဲ့အာဖဂန်အစိုးရအကြားမှာတော့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုမှ မရခဲ့ပါဘူး။

#တာလီဘန်တွေကိုဘယ်နိုင်ငံတွေကအသိအမှတ်ပြုနိုင်မလဲ

ပါကစ္စတန်၊ UAE နဲ့ ဆော်ဒီတို့ကသာ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အတွင်း ထိန်းသိမ်းထားတဲ့ တာလီဘန်အစိုးရကို အသိအမှတ်ပြုခဲ့တာပါ။ ယခုအချိန်မှာတော့ ဘယ်နိုင်ငံတွေက အသိအမှတ်ပြုမလဲဆိုတာ မသဲကွဲသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ ရက်စက်ကြမ်းကြုတ်တာတွေလုပ်လာမယ်ဆိုရင် အပယ်ခံဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ကျော်လင်း(အမိမြေ)

Be the first to comment on "တာလီဘန်တွေဆိုတာ ဘယ်သူတွေလဲ၊ ဘယ်ကစတာလဲ ဘယ်သူတွေပါလဲ ရည်မှန်းချက်ဘာလဲ"

Leave a comment

Your email address will not be published.


*